ခုခေတ်မှာ ဗိုက်ထဲက ကလေးတစ်ယောက်ကို ဖျက်ချနိုင်ဖို့ အခွင့်အရေးကို မိခင်တွေကို ပေးဖို့ Abortion Rights အတွက်တောင်းဆိုလာကြတဲ့ အခါ လစ်ဘရယ် အများစုကထောက်ခံကြပေမယ့် ရှေးရိုးစွဲဝါဒီတွေက အကြောင်းအမျိုးမျိုးပြ ပြီးငြင်းဆန်ကြတယ်။ ဒါကြောင့် ဒီကိစ္စက ကမ္ဘာတ၀န်းမှာ ငြင်းခုန်စရာ အကြောင်းအရာတစ်ခု ဖြစ်လာပြီး တွေးမိတွေးရာ အတွက်လဲ တွေးစရာ တစ်ခုဖြစ်လာတယ်။
ဒီအခွင့်အရေးကို အဓိက ငြင်းဆန်ကန့်ကွက်သူတွေ ရဲ့ အကြောင်းပြချက်ကတော့ ကလေးတွေဟာ ကိုယ်ဝန်ဆောင်စဉ်ကတည်းက သက်ရှိဖြစ်နေပြီးသား ဖြစ်တဲ့အတွက် ကလေးဖျက်ချခြင်းဟာ အသက်သက်ခြင်း (၀ါ) လူသားတစ်ယောက်ကို သတ်ခြင်းဘဲ ဖြစ်တယ်ဆိုတဲ့ အချက်ဖြစ်တယ်။ ဒါကြောင့် သူတို့ကို အသက်အဓိကသမား (Pro Life) လို့ ခေါ်ကြတယ်။ ဖျက်ချခွင့် အခွင့်အရေးကို ထောက်ခံသူတွေဟာ အမှန်တော့ ကလေးဖျက်ချခြင်းကို အားပေးသူတွေတော့ မဟုတ်ကြပါဘူး။ ဒါပေမယ့် မရည်ရွယ်ဘဲ ဖြစ်လာခြင်း၊ ကျန်းမာရေးအခြေအနေ တစ်ခုခုကြောင့်မမွေးနိုင်ခြင်း၊ မုဒိန်းစတဲ့ အလိုမတူဘဲ ပြုကျင့်ခံရတဲ့ အဓမ္မမှုတစ်ခုခုကြောင့် ကိုယ်ဝန်ရလာခြင်း စတဲ့ အခြေအနေတွေမှာ ဒီကလေးကို မွေးခြင်း မမွေးခြင်းဆုံးဖြတ် ရွေးချယ်ခွင့်ကို ကိုယ်ဝန်ဆောင်မိခင်ကို ပေးသင့်တယ်လို့ ထောက်ခံခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် ဒီဘက် အုပ်စုကိုတော့ ရွေးချယ်ခွင့် သမား (Pro Choice) လို့ ခေါ်ကြပါတယ်။
ကျနော့် အနေနဲ့တော့ ကိုယ်ဝန်သန္ဒေသားဟာ အသက်ရှိဖြစ်လား မဖြစ်လားကို မတွေးချင် မပြောချင်တော့ပါဘူး။ ဒါနဲ့ ပတ်သတ်ပြီးတော့ အငြင်းအခုံတွေ သုတေသနတွေ စာအုပ်စာတမ်းတွေ အများအပြားရှိပြီး ယုံကြည်မှုမတူသူတွေကြားမှာ လက်ခံတာတွေလဲ မတူကြပါဘူး။ ဒါပေမယ့် ကျနော်တို့ အများစု ယုံကြည်မှု အရတော့ သန္ဒေသား ဟာ သက်ရှိဖြစ်တယ်လို့ဘဲ ပြောကြပါစို့။ သက်ရှိဆိုသော်ငြားလဲ သူသည် မိခင်အပေါ်တည်မီနေသာ(မိခင်မပါဘဲ အသက်မရှင်နိုင်သော) သက်ရှိသာလျင်ဖြစ်ပြီး သူ့မှာ သည်းခြား ပုဂလ နာမပညတ် (နာမည်၊ မှတ်ပုံတင် စသည်) တို့လဲ မရှိသေးပါဘူး။ ဒါကြောင့် သူ့ကို မိခင်ရဲ့ အစိတ်အပိုင်းလို့လဲ ဆိုချင်ကဆိုနိုင်ပါသေးတယ်။ ဒီ အစိတ်အပိုင်းဟာ မိခင်ကို အန္တရာယ်ပေးနိုင်တယ်ဆိုရင် ဖျက်ဆီးခွင့်ဟာ မိခင်မှာ ရှိရမှာဖြစ်ပါတယ်။ ဥပမာ ကျတော်တို့ ခန္နာကိုယ်အစိတ်အပိုင်း တစ်ခုခုမှာ ကင်ဆာစတဲ့ ရောဂါမျိုးရျိနေရင် ကျနော်တို့က ဒီအစိတ်အပိုင်းဟာ သက်ရှိမို့ ဥပဒေကခွင့်မပြုလို့ ဆိုပြီး အသေခံမှာ မဟုတ်ဘဲ ဘယ်သူမဆို ဖျက်ဆီး ဖြတ်ထုတ်ပစ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သက်ရှိပင် ဖြစ်ပါစေ အကယ်၍ ကိုယ်ဝန်ဆောင်မိခင် အတွက် အန္တရယ်ရှိနေရင် ဖျက်ဆီးနိုင်တယ် ဖျက်ချခွင့် ရှိရမယ်ဆိုတာတော့ အားလုံးသဘောတူနိုင်ပါလိမ့်မယ်။
နောက်တစ်ခုက ပြစ်မှုကျူးလွန်မှု တစ်ခုခုနဲ့ ဆက်စပ်ပြီး အလိုမတူဘဲ ကိုယ်ဝန်ရလာခြင်းတွေ။ ဒီလိုမျိုးကြောင့် အမျီုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ရလာခဲ့ပြီး ဒီကိုယ်ဝန်ကို ဥပဒေက ဖျက်ချခွင့်မပေးဘူးဆိုတာ ဥပဒေက ပစ်မှုကျူးလွန်ခြင်းခံရတဲ့ သားကောင်ကို ထပ်မံဖိနှိပ် ဒုက္ခပေးသလိုပါဘဲ။ အကယ်၍ ဒီကလေးကိုမွေးပြီး အဖေကမပေါ်၊ ဆွေမျိုးသားချင်းမိဘတွေကလဲ ဒီကလေးကို မနှစ်မြို့၊ ကျွေးမွေးဖို့လဲ နိုင်ငံကထောက်ပံ့တာ မဟုတ်လို့ ပြစ်မှုကျူးလွန်ခြင်းခံရသူ ဟာ ရေရှည် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အနာတရဖြစ် ထိခိုက်ပါတော့မယ်။ ဒီလို ကိုယ်ဝန်တွေအားလုံးကိုလဲ ဖျက်ချရမယ်လို့ မဆိုလိုပေမယ့် အကယ်၍သိာကိုယ်ဝန်ဆောင် အမျိုးသမီးက ဖျက်ချလိုတယ်ဆိုရင် သူ့ကို တရားဝန်အခွင့်အရေးပေးရမှာပါ။ မဟုတ်ရင် ရေရှည်လူမှုရေး ပြသနာတွေဖြစ်အောင် တွန်းအားပေးတာလို ဖြစ်နေမှာပါ။ ဒီလိုဆို ဒီလို ချွင်းချက်ကိစ္စတွေမှာတော့ ကိုယ်ဝန်ဖျက်ချတာကို မိခင်လောင်းကို ပေးရမယ်ဆိုတာ နားလည်နိုင်မှာပါ။
အခြားသာမာန် ကိုယ်ဝန်မဆောင်ချင်ဘဲ ရလိုက်တဲ့ စုံတွဲတွေ လင်မယားတွေ အတွက်ကကော။ ဒီလို မိခင်လောင်းတွေကိုတော့ လူအများစုက ဖျက်ချခွင့် အခွင့်အရေးကို မပေးလိုပါဘူး။ သူတို့ ကိုယ်တိုင်လွန်ကျုးခဲ့လို့ ရလာတဲ့ ကိုယ်ဝန်ကို သူတို့မွေးရမယ် လို့ လူတွေက သတ်မှတ်ကြပါလိမ့်မယ်။ အကယ်၍ ဒီလို အခွင့်အရေးပေးလိုက်ရင်လဲ စည်းမရှိကမ်းမရှိ ဖြစ်ချင်သလို ဖြစ်ကြပြီး အဆင်မပြေရင် ဖျက်ချကြမှာမို့ ကိုယ်ဝန်ဖျက်ချမှုတွေလဲ များပြားလာလိမ့်မယ်လို့ ယူဆသူတွေက ယူဆကြပါတယ်။ ဒါပေမယ့် လက်တွေ့ကျကျ မိခင်လောင်းဖက်ကကော မွေးလာမယ့်ကလေး အတွက်ပါ သုံးသပ်ရင်တော့ ဖျက်ချခွင့် ပေးတာ အကောင်းဆုံးဘဲ လို့ တွေ့ရပါလိမ့်မယ်။ ကလေးယူဖို့ အဆင်သင့်မဖြစ်သေးတဲ့သူတွေ ကလေးယူခဲ့ရလို့ ကျနော်တို့နိုင်ငံမှာ ကလေးအလုပ်သမားတွေ၊ သူတောင်းစားတွေ၊ ကလေးပြည့်တန်ဆာတွေ ပေါများလာတာပါ။ အမျိုးသမီးငယ်တွေဟာ တာဝန်မယူနိုင်တဲ့ကလေးတွေကို မရရအောင်မွေး၊ ပြီးရင် ဘာလုပ်ရမှန်း မသိ၊ ကလေးကို ကျွေးဖို့အတွက် ရရာအလုပ်ကို လုပ်ရ၊ ကလေးကိုလဲ ပညာမသင်နိုင်၊ ဒီတော့ ဒီကလေးတွေ ကြီးလာတော့လဲ ရရာ တောင်းစား၊ ဒုစရိုက်မှုတွေ လုပ်။ ဒါတွေအားလုံးရဲ့ အရင်းအမြစ်က ကလေးယူဖို့ အဆင်သင့် မဖြစ်သေးဘဲ ကလေးမွေးလို့၊ တရားဝင်ဖျက်ချဖို့ ရွေးချယ်ရန် အခွင့်အရေးမရှိလို့ဖြစ်ပါတယ်။
ခုခေတ်မှာ အိမ်ထောင်မကျခင် အတူနေတဲ့ ကိစ္စတွေက အတော်များပြားလာပါတယ်။ ဒါတွေက ယဉ်ကျေးမှုနဲ့ ခေတ်ဆန်ချင်လို့၊ ပျော်ပါးချင်လို့တင်မဟုတ်ဘဲ လက်ရှိ မြို့ပြလူနေမှုစရိုက်နဲ့ အလုပ်သဘောသဘာဝတွေကြောင့်လဲ ပါပါတယ်။ ဒါတွေကို တားဆီးလို့ မလွယ်ပါဘူး။ မြို့ပြမဟုတ်တဲ့ ကျေးလက်ဒေသတွေမှာကျတော့လဲ အရွယ်ငယ်ငယ်နဲ့ အိမ်ထောင်ပြုမှုတွေများနေပါတယ်။ အရွယ်ငယ်ငယ် ပညာမပြည့်မစုံ၊ အလုပ်အကိုင်အတည်တကျ မဖြစ်ခင် အိမ်ထောင်ပြုမှုတွေကြောင့် လူ့အရင်းအမြစ်ဆုံးရှုံးမှုတွေလဲ ဖြစ်ပါတယ်။ ဒီကိစ္စတွေက ခေတ်နဲ့ အချိန်ကာလရဲ့ ပြောင်းလဲမှုတွေ ဖြစ်တာကြောင့်တားဆီးဖို့လဲ မလွယ်ပါဘူး။ စားဝတ်နေရေး မပြည့်စုံခင် အတည်တကျမဖြစ်ခင် ကလေးယူမှုတွေကြောင့် စီးပွားရေး၊ လူမှုရေး ပြသနာတွေဖြစ်လာ၊ အဲ့ဒီ့က တဆင့် အိမ်ထောင်ရေးပြသနာတွေ ထပ်ဖြစ်လာပြီး ကလေးရပြီး သားတကွဲ မယားတကွဲ ဖြစ်တဲ့ကိစ္စတွေ အများအပြားတွေ့ရပါတယ်။ ဒါဟာ အခြေမကျခင် အသင့်မဖြစ်ခင် ကိုယ်ဝန်ဆောင် ကလေးယူကြတာရဲ့ နောက်ဆက်တွဲပြသနာတွေပါ။ ဒီအခါ ဒီကလေးတွေမှာ မိဘမစုံမလင် စိတ်ဒါဏ်ရာနဲ့ လူမှုပတ်ဝန်းကျင်ထဲ အံဝင်ခွင်ကျမဖြစ်တာတွေဖြစ်၊ မိဘတွေမှာက စီးပွားရေး ပြသနာ၊ အလုပ်အကိုင်ရရှိရေးနဲ့ စိတ်ဖိစည်းမှု ဒါဏ်တွေနဲ့ ပြသနာတွေ
ဖြစ်ပြီး နိုင်ငံနဲ့ လူ့ပတ်ဝန်းကျင်ကို အကျိုးမပြုနိုင်ဘဲ ၀န်ထုပ်ဝန်ပိုးတွေဖြစ်လာကြပါတယ်။ ဒါကြောင့် ခုခေတ်မှာ သားဆက်ခြင်းပညာပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေကြပါတယ်။ ဒီလို လုပ်ဆောင်နေသော်ငြား တခါတရံ အဆင်မသင့်လို့ ကိုယ်ဝန်ဆောင်လိုက်ရတာတွေရှိပါတယ်။ ဒီလို အခါမျိုးမှာ မိခင်လောင်းကို ရွေးချယ်ခွင့်ပေးတာ အကောင်းဆုံးပါ။ သူ့အနေနဲ့ ကလေးယူဖို့ ပြုစုပျိုးထောင်ဖို့ အလုပ်ကိုမထိခိုက်ဘဲ ကိုယ်ဝန်ဆောင်နိုင်ဖို့ အဆင်မပြေသေးတဲ့ အခြေအနေမှာ သူ့ကိုယ်ဝန်ကို မွေးမယ် ဖျက်မယ်ဟာ သူကိုယ်တိုင်ဆုံးဖြတ်ခွင့်ပေးရမှာ ဖြစ်သင့်ပြီး သူမွေးမယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက်ရှိရမှာ ဖြစ်သလို ဖျက်ချမယ်ဆိုလဲ တရားဝင် ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက်ရှိသင့်ပါတယ်။ ဥပဒေကကန့်သတ်ထားလို့ တရားမ၀င်ဆေးခန်းတွေမှာ ဖျက်ချပြီး အသက်ဆုံးရှုံးရတဲ့ အမျိုးသမီးတွေ အများအပြားရှိတာမို့ ဒါကို ဥပဒေအရခွင့်ပြု သင့်တာဖြစ်ပါတယ်။
ဒီအခွင့်အရေးကို ကန့်ကွက်တဲ့သူတွေ ထောက်ပြကြတာက ဒီလို ဥပဒေက တရားဝင် ပေးလိုက်ရင် ဖျက်ချသူတွေ အများအပြားဖြစ်လာနိုင်တယ်ဆိုတာပါ။ အမှန်က ဘယ်မိန်းကလေးမှ အားတိုင်း ကိုယ်ဝန်ဆောင်လိုက် ဖျက်ချလိုက် လုပ်နေမှာ မဟုတ်ပါဘူး။ ကိုယ်ဝန်ဖျက်ချရတယ်ဆိုတာလဲ ကလေးမွေးသလို အကုန်အကျရှိ အသက်နဲ့နီးတဲ့ ကိစ္စဖြစ်ပါတယ်။ ဘယ်သူမှ အပျော်ဖျက်ချမှာ မဟုတ်ပါဘူး။ မိန်းကလေးတွေတိုင်းဟာ သဘာဝအရ ကိုယ်ဝန်ဆောင် ကလေးမွေးချင်ပြီးသားပါ။ ဖျက်ချရတယ်ဆိုကထဲက အတော်ကို ကြီးမားတဲ့ အကြောင်းရှိလို့ပါ။ ဒါကို ဥပဒေက ကန့်သတ်ထားလို့၊ လူတွေ အသိမခံချင်လို့ တရားမ၀င်ဆေးခန်းတွေသွားရပြီး အသက်တွေဆုံးရှုံးရတာ မဖြစ်သင့်သလို အများကြီးလဲ နစ်နာပါတယ်။ ဒီလို မဟုတ်ဘဲ မွေးရမယ်ဆိုလဲ မွေးပြီး ဖြစ်လာမယ့် လူမှုရေးပြသနာ၊ စီးပွားရေးပြသနာတွေကို မိခင်ကော ကလေးရော နှစ်များစွာခံရမှာပါ။ ဒါတွေကြောင့်ဖြစ်လာတဲ့ သူတောင်းစားပြသနာ၊ အလုပ်လက်မဲ့၊ ပညာမဲ့ပြသနာ၊ ဒုစရိုက်သမားတွေများပြားလာတဲ့ပြသနာတွေဟာ တိုင်းပြည်အတွက်လဲ ၀န်ထုပ်ဝန်ပိုးများစွာ ဖြစ်စေပါတယ်။ ဒါကြောင့် ဒီရွေးချယ်ခွင့်ကို မိခင်လောင်းတွေကို မဖြစ်မနေကို ပေးသင့်ပါတယ်။ သူတို့ကို မဖြစ်မနေမွေးခိုင်းပြီး ကိုယ်က၊ တိုင်းပြည်ကလဲ တာဝန်ယူနိုင်တာ မဟုတ်တော့ သူတို့နဲ့ဆိုင်တဲ့ အသက်တွေအတွက် သူတို့ကိုယ်တိုင်ဆုံးဖြတ်ခွင့် ပေးကိုပေးရမှာပါ။
ဒါကတော့ တွေးမိတွေးရာက တွေးမိသလောက်ဖြစ်ပါတယ်။ လက်မခံလို့ အခြားထည့်သွင်းစဉ်းစား စရာအချက်တွေ တင်ပြချင်ရင် comment မှာ ကြိုဆိုပါတယ်လို့ ပြောချင်ပါတယ်။
Credit : တွေးမိတွေးရာ