ဘာကွာလဲ

in artzone •  6 years ago 

"ပုထုဇဉ်နဲ့ သောတာပန်ကွာခြားပုံ"

ပုထုဇဉ်တယောက်ဟာ ငွေသိန်းတစ်ရာကို မည်သူမျှ မတွေ့ပဲ ကောက်ရတယ်ဆိုပါစို့ ပိုင်ရှင်ကို ရှာပြီး ပြန်ပေးနိုင်တယ်

နောက်တစ်ရက်မှာ ဒီလိုပဲ ငွေဆယ်သိန်း ထပ်တွေ့ခဲရင် ပြန်ပေးချင်မှပေးတော့မယ် မပေးပဲ ကိုယ်ကျိုးအတွက် သုံးနိုင်ပါတယ်

သောတာပန်ကြတော့ ဒီနေ့ သိန်းတစ်ရာကောက်ရလဲ ပိုင်ရှင်ကိုရှာပီး ပေးမှာပဲ နက်ဖန် ငွေဆယ်သိန်း ကောက်ရလဲပဲ ပိုင်ရှင်ကိုရှာပီး ပေးအုံးမှာပါပဲ အကယ်၍ ပိုင်ရှင်ကို မတွေ့ခဲ့မိရင်တောင် ကိုယ်ကျိုးအတွက် မသုံးတော့ပါဘူး လိုအပ်နေတဲ့နေရာတွေကို လှုဒါန်းလိုက်မှာပါ

ဒါဟာ ပုထုဇဉ်နဲ့ သောတာပန် ကွာခြားချက်ပါပဲ။

ရွာဦးကျောင်းနှင့် ကိုရင်
•••••••••••••••••••••••••

ရဟန်းဆိုသည်မှာ ကိုရင်က ဖြစ်လာ၏။
ကိုရင်ရှားပါးလျှင် ရဟန်းရှားပါးမည်။
ရဟန်းရှားပါးလျှင် သာသနာ အားနည်းမည်။

အမှန်တကယ်ကား ကိုရင်ဆိုသည်မှာ
သာသနာ့ပျိုးပင်များပင် ဖြစ်သည်။
ထိုသာသနာ့ပျိုးပင်များကို ပြုစုပျိုးထောင်ပေးဖို့
လိုအပ်လှပါသည်။

မိမိတို့ငယ်စဉ်က ရွာဦးကျောင်းများ၌
အနည်းဆုံး ကိုရင် ၂- ပါး၊ ၃- ပါး ရှိ၏။
တချို့ကျောင်းများမှာ ၁၅-ပါးမှ အပါး ၂၀-အထိ ရှိ၏။

ယခုတော့ ရွာဦးကျောင်းများ၌ ကိုရင်များ နည်းပါးသွားပေပြီ။
တချို့ရွာဦးကျောင်းများမှာတော့ ကိုရင်များ တပါးမှ မရှိတော့ပေ။ ကိုရင်မြင်ချင်လျှင် ပြတိုက်ထဲသို့ သွားကြည့်ရမည့် အနေအထားသို့ ရောက်ရှိနေပေတော့သည်။

လွန်ခဲ့သော ၃- နှစ်လောက်က
ရွာဦးကျောင်းမှ ဘုန်းကြီးတစ်ပါးနှင့်တွေ့၍
"အရှင်ဘုရား ကိုရင်ရှိလျှင် တပည့်တော်ဆီ ပို့ပေးပါဘုရား" ဟု လျှောက်လေရာ ထိုဘုန်းကြီးက " တပည့်တော်ကျောင်းမှာတော့
ရှိတာပြောရရင် ဘုန်းကြီး ၁၊ ကြောင် ၁၊ ခွေး ၁ ၊ ဖြစ်နေတယ်ဘုရား´´ဟု ပြုံးပြုံးကြီး အမိန့်ရှိလေသည်။

လခစား ကပ္ပိယ

၂၀၁၄- ခုနှစ်က မိမိသည်
ပဲခူးတိုင်း မင်းလှမြို့နယ်ဘက်သို့ တရားဟောကြွရာ
ရွာဦးရှိ ဘုန်းကြီးကျောင်းမှာ ခေတ္တခဏ အနားယူ၏။

ထိုကျောင်း၌ ကိုရင်တစ်ပါးမျှ မတွေ့သောကြောင့် ဒကာတစ်ယောက်ကို မေးကြည့်ရာ ကိုရင်ကျောင်းသား
မရှိသောကြောင့် ရွာထဲမှ လူတစ်ယောက်ကို
ရွာကလစာပေး၍ ဘုန်းကြီးဝေယျာဝေစ္စအတွက်
ကပ္ပိယအဖြစ် ငှားပေးထားရကြောင်း လျှောက်ထားလေသည်။

မိမိတို့ငယ်စဉ်က ရွာဦးကျောင်းများ၌ ဆွမ်းကွမ်းဝေယျာဝေစ္စလုပ်ဖို့အတွက်
စေတနာ့ဝန်ထမ်း ကပ္ပိယ´´သာ ရှိပါ၏။လခစား ကပ္ပိယ´´ ဟူသည်မှာ မရှိခဲ့ဖူးပါ။

အခုတော့ ရွာဦးကျောင်းများအတွက်
``လခစား ကပ္ပိယ´´ဟူသော ဝေါဟာရအသစ်
ဖြစ်ပေါ်လာခဲ့ပေပြီ။ ဘာကြောင့်နည်း၊
ကိုရင်များ ရှားပါးလာသောကြောင့်တည်း။

ကိုရင်ရှားပါးခြင်းသည်
``သာသနာအတွက် အနှုတ်လက္ခဏာ´´ပင် ဖြစ်၏။

လွန်ခဲ့တဲ့ ၁၀- စုနှစ်က မိမိတို့နိုင်ငံမှာ
သံဃာ (၅) သိန်းကျော် ရှိခဲ့၏။
အခုတော့ သံဃာ (၃) သိန်းကျော်လေးသာ ရှိတော့၏။
ရင်လေးဘွယ် ကောင်းလှပေတော့သည်။

သာသနာ့ပျိုးပင်များ စိုက်ပျိုးရမည်

ရှေးဆရာတော်များက ကိုရင်များကို ပြုစုပျိုးထောင်ပေးမှုကြောင့် ယနေ့မျက်မှောက်ခေတ်တွင် သာသနာ့ဝန်ထမ်း ရှင်ရဟန်းများ
သာသနာ့ တာဝန်များကို ထမ်းဆောင်နိုင်ခြင်း ဖြစ်ပါသည်။

ယနေ့ မျက်မှောက်ခေတ် ဆရာတော်များကလည်း
အနာဂတ်သာသနာ ပခုံး ပြောင်းတာဝန် လွှဲအပ်နိုင်ဖို့အတွက် ကိုရင်လေးများကို ပြုစုပျိုးထောင်ပေးရမည် ဖြစ်သည်။

ထို့ကြောင့် သာသနာ တည်တံ့ရေးကို အားပေးလိုလျှင်ကား ကိုရင်လေးများကို မဖြစ်မနေ ပြုစုပျိုးထောင် ပေးသင့်ပေတော့သည်။
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
image

@claye

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!