သောတပန်​အမြင်

in artzone •  7 years ago 

"သောတာပန် အမြင်"
သောတာပန် တည်သွားပြီးသူဟာ သူ၏ အမြင်ဟာ လုံးဝကို ပြောင်းသွားတယ် အရင်က သူ့အမြင်က NLD မြင်တယ် USDP မြင်တယ်
အတိုင်ပင်ခံမြင်တယ် သမ္မတမြင်တယ်|

ဗိုလ်ချုပ်မှူးကြီးမြင်တယ်|
ဗုဒ္ဓဘာသာရှိတယ်|
ခရစ်ယာန်ရှိတယ်|
အစ္စလန်ရှိတယ်|
ဟိန္ဒူ ရှိတယ်|
ဘာသာမဲ့တွေရှိတယ်|
နတ်စားတွေရှိတယ်|
ဒီအမြင်တွေ အားလုံးကို အပြီးအပိုင် ရုပ်သိမ်းပြစ်လိုက်နိုင်သွားတာပါ|
ပညတ်နဲ့ ပရမတ် သမုတိသစ္စာနဲ့ ပရမတ်ထသစ္စာကို ဒီပုဂ္ဂိုလ်က ပိုင်းပိုင်းခြားခြား သတ်မှတ်နိုင်သွားပါပြီ|
အမေရိကန် ရှိသေးလား?
ဂျပန်ရှိလား?
ရှမ်းလူမျိုးရှိလေသလား?
ကချင်လူမျိုးရှိလေသလား? ဆိုတဲ့ ဝိစိကိစ္စာကို မြူမှုံမျှကို သံသရ မရှိတော့တာပါ |
မည်သည့်တန်ခိုးရှင်ကပဲ ဘုရားယောင်ဆောင်ပြီး မင်းရဲ့အမြင်ဟာ မှားနေတယ် မဟုတ်သေးဘူး လိုသေးတယ်လို့ပြောလဲ ဘုရားက စကားနှစ်ခွန်းမပြောဘူး တစ်ခွန်းနဲ့ အမှန်ကိုပဲ ပြောတဲ့ကိုယ်တော်ကြီး ဒီအမြင်တာ တကယ်ကို ဥာဏ်ထဲမှာမြင်ရင် သောတာပန်ရဲ့ အမြင်မှန်ပါပဲ|
အမြင်မှန်အောင် အားထုတ်နိုင်ကြပါစေ။

သံသရာထဲက အလွမ်းတစ်ပွင့် - ရဝေနွယ်(အင်းမ)


သီဟိုဠ်သာသနာဝင်ကို ကြည့်လိုက်ရင် အားကျစရာ, ကြည်ညိုစရာ, သံဝေဂရစရာ, လွမ်းစရာတွေနဲ့  ရသစုံဝတ္ထုတစ်အုပ်ကို ဖတ်နေရတဲ့အတိုင်းပါပဲ။

သီဟိုဠ်သာသနာတစ်ခေတ်ကို အသေးစိတ်မှတ်တမ်းတင်နိုင်ခဲ့ကြတဲ့ စာဆိုဆရာတော်တွေရဲ့ ကျေးဇူးလဲပါပါတယ်။ ဒါဟာ နိုင်ငံအတွက် ဖော်မပြနိုင်တဲ့ သမိုင်းတန်ဖိုးတွေပါ။

အဲဒီရသစုံလင်လှတဲ့ သီဟိုဠ်သာသနာဝင်ထဲက လွမ်းစရာဝတ္ထု တစ်ပုဒ်ကို ပြောပြချင်ပါတယ်. . .။

တစ်ခါတုန်းက ရဟန်းငယ်လေတစ်ပါးဟာ ကာလဒီဃဝါပိဒွါရလို့  အမည်ရတဲ့ကျောင်းကို စာသင်ဖို့ သွားပါတယ်။ ဒါပေမယ့် စာချမထေရ်က စာသင်ခွင့်မပေးပါဘူး။

ဘာဖြစ်လို့ လဲဆိုတော့ ရဟန်းငယ်ရဲ့ အနာဂတ်ကို အဘိညာဉ်နဲ့ ကြည့်လိုက်တော့ ဒကာမအန္တရာယ်ကို ကြိုမြင်နေလို့ ပါ။ ဒါပေမယ့် ရဟန်းငယ်က နောက်ကနေ တစ်ကောက်ကောက်လိုက်ပြီး စာသင်ပေးဖို့ ပဲ ပူဆာနေတာနဲ့  စာချမထေရ်က -

" ဒါဖြင့်ရင်လဲ ကောင်းပြီ, သင်ဒီရွာထဲကို မသွားပါဘူးလို့  ဂတိပေးနိုင်ရင် သင်ပေးမယ် " လို့ ဆိုတော့ ရဟန်းငယ်ကလဲ ချက်ချင်းကတိပေးလိုက်ပါတယ်။

ဒီလိုနဲ့ စာတွေသင်ဖြစ်ရင်း စာတတ်သွားတယ်ပဲ ဆိုပါတော့။ စာတတ်ပြီ စာသင်မှုပြီးဆုံးပြီဆိုတော့ မိမိရဲ့ မူလဇာတိကို ပြန်ရတော့မှာပါ, မပြန်ခင် ရဟန်းငယ်က ဘယ်လိုစဉ်းစားသလဲ ဆိုတော့ -

" ငါ့ရဲ့ဆရာက ရွာထဲမသွားရဘူးလို့  ကတိတောင်းထားတယ်, မသွားပါနဲ့  ပြောထားကာမှ စိတ်ထဲက ပိုသွားချင်နေတယ်, ဒါပေမယ့် ငါဟာစာသင်မှု ပြီးဆုံးသွားပြီဆိုတော့ ကတိဖျက်မယ်ဆို ဖျက်လို့ရပြီ, ဘာပဲဖြစ်ဖြစ်အကြောင်း သိရအောင် ရွာထဲဝင်ကြည့်ဦးမှ " လို့  စဉ်းစားပါသတဲ့, ဆွမ်းခံချိန်ရောက်တော့ သင်္ကန်းရုံ သပိတ်လွယ်ပြီး ရွာထဲဆွမ်းခံကြွပါတယ်။

ဒီလိုနဲ့ ဆွမ်းခံရင်း ရွာလယ်လောက်ရောက်တော့ ရဟန်းငယ်နဲ့  သက်တူရွယ်တူအမျိုးသမီးလေးတစ်ယောက် ဝါရွှေရောင် အဝတ်ကလေးဝတ်ပြီး ဆွမ်းလောင်းပါတယ်။

ဆွမ်းလောင်းနေရင်း အမှတ်တမဲ့ ရဟန်းငယ်နဲ့  အမျိုးသမီးလေး မျက်လုံးချင်းဆုံခိုက်မှာပဲ သူတို့ နှစ်ဦး ဘာဖြစ်သွားကြတယ်ဆိုတာ တစ်ဦးကို တစ်ဦး မပြောဘဲနဲ့  သိလိုက်ကြပါတယ်။

ဒါပေမယ့် ရဟန်းငယ်လေးကတော့ " ရဟန်းဆိုတဲ့ သတိ " လေး ပြန်ဝင်လာပြီး အမျိုးသမီးငယ်လေးဆီ ရောက်နေတဲ့အကြည့်ကို ပြန်ရုပ်သိမ်းပြီး မျက်လွှာလေးချ, ဣနြေ္ဒပြန်ထိန်းပြီး ရှေ့ဆက်ကြွ သွားပါတယ်။

ဣနြေ္ဒမထိန်းနိုင်သူကတော့ အမျိုးသမီးငယ်လေးပါပဲ, ရဟန်းငယ်လေး ရှေ့ဆက်ကြွသွားပေမယ့် အမျိုးသမီးငယ်လေးရဲ့ မျက်လုံးထဲမှာတော့ ရဟန်းငယ်လေးရဲ့ ပုံရိပ်က လုံးဝမထွက်တော့ ပါဘူး။

ဒါကြောင့် ဆွမ်းလောင်းတဲ့ ခွက်နဲ့ ဇွန်းကိုသိမ်းပြီး ခုတင်ပေါ်မှာ ခွေခွေလေး သွားအိပ်နေပါတော့တယ်, လူကခုတင်ပေါ်မှာ ဆိုပေမယ့် စိတ်ကတော့ ရွာထိပ်ရောက်လောက်ပြီဖြစ်တဲ့ ရဟန်းငယ်လေးဆီမှာပါပဲ။

သမီးရဲ့ဖြစ်စဉ်ကို ခပ်လှမ်းလှမ်းမှာ အလုပ်လုပ်နေတဲ့ မိခင်က ကောင်းကောင်းရိပ်မိပါတယ်, ဒါကြောင့် သမီးဆီသွားပြီး " သမီးရယ် ဘာဖြစ်တာလဲ " ပေါ့, မိန်းမချင်းဖြစ်လို့ လား မသိပါဘူး, သမီးကလဲ " အမေရယ်,သမီး အဲဒီရဟန်းငယ်လေးကိုမှ မရရင် သေရပါလိမ့်မယ် " လို့ ပြောပါသတဲ့။

ဒီတော့ မိခင်ဖြစ်သူလဲ သမီးရဲ့အသက်တော့ မသေစေရဘူးဆိုပြီး ရွာထိပ်ရောက်လောက်ပြီဖြစ်တဲ့ ရဟန်းငယ်လေးဆီကို အပြေး လိုက်သွားပါတယ်,ရွာထိပ်တံခါးဝမှာပဲ ရဟန်းငယ်လေးကို မီပါတယ်, ရဟန်းငယ်လေးကို တွေ့ တာနဲ့  -

" အရှင်ဘုရား, အိမ်ပြန်ကြွပြီး ဆွမ်းခံကြွပါဦးဘုရား " လို့  လျှောက်ပါတယ်, ရဟန်ငယ်လေးကလည်း " ဆွမ်းပြည့်စုံပါပြီ " လို့  ပြန်ပြောတယ်, အဲဒီအခါကျတော့ မိခင်ဖြစ်သူက -

" အရှင်ဘုရားရယ်, တပည့်တော် အမှန်တိုင်းပဲ လျှောက်ပါရစေဘုရား, အရှင်ဘုရားကို တပည့်တော်မ သမီးက မြင်မြင်ချင်း သံယောဇဉ်ဖြစ်ပြီး အိပ်ရာထဲမှာလဲပြီး ကျန်ခဲ့ပါတယ် ဘုရား, ပြီးတော့လည်း တပည့်တော်တို့ မှာ သားသမီးဆိုလို့  ဒီသမီးလေး တစ်ယောက်ပဲရှိပါတယ်။

အရှင်ဘုရားကိုလဲ တပည့်တော်တို့ က သားကြီးအရာ ထားပါ့မယ်ဘုရား, အရှင်ဘုရား လူထွက်ခဲ့ရင် လူ့ ဘဝမှာ ချမ်းချမ်းသာသာနဲ့  အသက်မွေးနိုင်ဖို့  ထိုက်သင့်တဲ့ ငွေကြေးလဲ ရှိပါတယ်ဘုရား " လို့  လျှောက်ပါတယ်။ ရဟန်းငယ်ကလဲ စိတ်မကောင်းတဲ့ ဟန်နဲ့ ပဲ ပြန်ပြောပါတယ်။

" ဒကာမကြီးရယ်, ဦးဇင်းလဲ အမှန်တိုင်းပြောရရင် ဒကာမကြီးသမီးကို မြင်မြင်ချင်း သံယောဇဉ်ဖြစ်မိပါတယ်, ဒါပေမယ့် ဦးဇင်းက လူ့ ဘဝနဲ့  ပတ်သက်တဲ့ ပလိဗောဓအားလုံးကို ဖြတ်ခဲ့ပါပြီ, ဒါကြောင့် သင့်တော်ရာ အမျိုးသားတစ်ယောက်ကိုသာ စဉ်းစားပါ တော့ "

ရဟန်းငယ်လေးလဲ အဲဒီလိုပြောပြီး ရှေ့ဆက်ကြွသွားပါတော့တယ်။

မိခင်ဖြစ်သူလဲ အိမ်ပြန်လာခဲ့ပြီး သမီးဖြစ်သူကို ရဟန်းငယ် ပြောခဲ့တဲ့အတိုင်း ပြန်ပြောပြပြီး " သမီးရယ်, ထပါဦး, စားစရာ သောက်စရာတွေလဲ စားပါဦး, သမီးနှစ်သက်ရာ တခြားယောက်ျား တစ်ယောက်ကို ပြောပါ, အဲဒီယောက်ျားကို အမေတို့ တောင်းပေး ပါ့မယ် " လို့  ဖျောင်းဖျပြောဆိုပါတယ်။

မိခင်ရဲ့ စကားသံကြားရတော့ သမီးဖြစ်သူက " အမေရယ်, သမီးမျက်လုံးထဲမှာ ကိုယ်တော်လေးပဲ မြင်နေပါတယ် " လို့  ပြန်ပြောပါတယ်။

ဒီလိုနဲ့  အမျိုးသမီးငယ်လေးဟာ ရဟန်းငယ်လေးကို စွဲလမ်းပြီး မစားနိုင်မသောက်နိုင်နဲ့  (၇)ရက်မြောက်တဲ့နေ့ မှာပဲ အသည်းကွဲပြီး သေဆုံးသွားပါတော့တယ်။

ဒီတော့ သူတို့  သီဟိုဠ်ခေတ်ရဲ့ ထုံးစံအတိုင်း သဂြိုလ်မှုကိစ္စပြီးတော့ အမျိုးသမီးငယ်လေးရဲ့ အဝတ်တွေကို ကြွလာတဲ့ သံဃာတွေကို ခွဲဝေလှူလိုက်ပါတယ်, အဲဒီအသုဘမှာ မထေရ်ကြီးတစ်ပါးလဲပါတာ ဆိုတော့ သူလဲအမျိုးသမီးငယ်လေးရဲ့ ဝါရွှေရောင် အဝတ်အပိုင်းလေး ကို ဝေစုအဖြစ် ရခဲ့ပါတယ်။

တိုက်ဆိုက်ဆိုင်ဆိုင်ပါပဲ, မထေရ်ကြီး ကျောင်းပြန်ရောက်တဲ့အချိန် ရဟန်းငယ်လေးကလဲ အဲဒီအနားမှာရှိတဲ့ စေတီကိုဝင်ဖူးပြီး မထေရ်ကြီးကျောင်းမှာ ခေတ္တခဏဝင်ရောက်တည်းခိုနေချိန်ပါ။

မထေရ်ကြီးက ကျောင်းပြန်ရောက်တော့ ရဟန်းငယ်လေးကို " ဦးဇင်းလေးရယ်, တပည့်တော်ကို ဒီအဝတ်ကလေးနဲ့  ရေစစ် လုပ်ပေးပါ " လို့  မိန့် ပါတယ်။

ရဟန်းငယ်လေးဟာ ဝါရွှေရောင်အဝတ်ပိုင်းလေးကို မြင်လိုက်တယ် ဆိုရင်ပဲ အဲဒီအရောင်လေးက အခုချိန်အထိ မျက်လုံးထဲက မထွက်သေးတာဆိုတော့ တုန်တုန်ယင်ယင်နဲ့ ပဲ -

" ဆရာတော်ဘုရား. . .ဒီအဝတ်စကလေး ဘယ်ကရလာတာလဲ ဘုရား " လို့  လျှောက်ကြည့်မိပါတယ်, ဒီတော့ မထေရ်ကြီးက -

" ဒီအဝတ်စကလေးအကြောင်းတော့ ပြောကိုမပြောချင်ပါဘူးကွယ်, ဒကာမလေးတစ်ယောက်က ကိုယ်တော်လေးတစ်ပါးကို ဆွမ်းလောင်းရင် သံယာဇဉ်ဖြစ်မိပါသတဲ့, အဲဒီကိုယ်တော်လေးကို မရလို့  အသည်းကွဲပြီး သေသွားပါသတဲ့ကွယ်, ဒီအဝတ်စကလေးက သူ့ ရဲ့အဝတ်စကလေးပါပဲ " လို့  ပြောပြလိုက်ပါတယ်။

မထေရကြီးရဲ့ စကားကြားလိုက်ရတော့ ရဟန်းငယ်လေးက " ဒီလောက်လှတဲ့ ဒကာမလေး, ဒီလောက်ငါ့အပေါ် သံယောဇဉ် ကြီးလှတဲ့ ဒကာမလေးနဲ့  မပေါင်းဖက်လိုက်ရလေခြင်း " လို့  တွေးပြီး အဝတ်စကလေးကို ကိုင်ရင်းနေရာမှာတင် အသည်းကွဲ ပျံလွန်တော်မူသွားပါသတဲ့။

စာမှာတော့ ရာဂဆိုတဲ့မီးလောင်ပြီး ပျံလွန်တော်မူသွားတယ်လို့  ဆိုပါတယ်, ဝတ္ထုလေးကတော့ ဒီမျှပါပဲ။

ဒီဝတ္ထုလေးရေးပြီးစမှာပဲ စာသင်တိုက်တစ်ခုက သူငယ်ချင်း ဦးဇင်းသုံးပါး ကြွလာပါတယ်, သုံးဆယ်စွန်းစ စာချဘုန်းကြီး လေးတွေပါပဲ, တကယ်တော့ ဒီဝတ္ထုလေးကို သူတို့ သုံးပါးလုံး ကြားဖူးပြီးသားပါ။

ဒါကြောင့် ရဟန်းငယ်လေး ပျံလွန်တော်မူသွားတာနဲ့  ပတ်သက်ပြီ" ဘယ်လိုသဘောရလဲ " လို့  မှတ်ချက်တောင်းကြည့်မိတော့ ဦးဇင်းသုံးပါးက အောက်ပါအတိုင်း အသီးသီး မှတ်ချက် ပေးကြပါတယ်။

ပထမဦးဇင်း ။ ။ " ရွာထဲမသွားပါနဲ့  ပြောထားတဲ့ ဆရာ့စကားကို နားမထောင်လို့ "

ဒုတိယဦးဇင်း ။ ။ " သိက္ခာပုဒ်ရှိတယ်လေ, သြက္ခိတ္တစက္ခု - လေးတောင်ပဲကြည့်ပြီး ရွာထဲသွားရမယ်ဆိုတာလေ, သူက သိက္ခာပုဒ်ကို ဖျက်ပြီး လေးတောင်ထက်ကျော်ကြည့်တာကိုး "

တတိယဦးဇင် ။ ။ " ရဟန်းဆိုတာ ဝိပဿနာသတိလေးနဲ့  သွားမှပေါ့, သတိလွတ်ပြီးကြည့်မိလို့  မြင်ခဲ့ရင်လဲ " မြင်တယ် မြင်တယ် " လို့  အဆင်း, ဒါမှမဟုတ် မြင်တတ်တဲ့ စက္ခုပသာဒအကြည်ဓာတ်ကလေး, ဒါမှမဟုတ် မြင်တာသိနေတဲ့ မြင်သိစိတ်စက္ခုဝိညာဏ်, အဲဒီသုံးခုထဲက တစ်ခုခုကို သတိကပ်ပြီး စိတ်စိုက်ပြီး ရှုမှတ်မှပေါ့။

အဲဒီအချိန်ရာဂဖြစ်လာရင်လည်း " ရာဂဖြစ်တယ်, ရာဂဖြစ်တယ် " မှတ်, တဏှာဖြစ်လာရင်လည်း " တဏှာဖြစ်တယ်, တဏှာဖြစ်တယ် " လို့  မှတ်ပေါ့, အဓိကကတော့ မြင်နေတာကို မြင်ကာမတ္တထားပြီး ဝိပဿနာမရှုမှတ်လို့ ဘဲ, စာရေးဆရာက ကိုယ်တို့  အမြင်သာ မေးနေတာ, စာရေးဆရာအမြင်ကိုလဲပြောဦးမှပေါ့ "

မြားကစာရေးသူဘက် ပြန်လှည့်လာပါတယ်, ဒါကြောင့် ဘောပင်ကိုင်သလို စာအုပ်ကိုင်သလိုလိုနဲ့ ရူးချင်ယောင်ဆောင် နေတယ်လို့  ပြောရမလားမသိပါဘူး, ဝေ့လည်လည်လုပ်နေတုန်း ဆောက်လက်စ ကျောင်းဆောင်ဆီက အလုပ်သမားလေး တစ်ယောက်ရဲ့ သီချင်းသံက လွင့်လာပါတယ်။

" အစကမတွေ့ ကြရင် ကောင်းသားပေါ့ထင် . . . "

သီချင်းသံကို လေးပါးလုံး ကြားလိုက်ပါတယ်, ဒါကြောင့် စာရေးသူလဲ ကောက်ခါငင်ခါနဲ့  " တပည့်တော်အဖြေကတော့ အဲဒါပါပဲဘုရား " လို့  အမြန်ပြောလိုက်ရပါတယ်, ဒီတော့ သူငယ်ချင်းဦးဇင်းတွေက " စာရေးဆရာရယ်လို့  မပြောရဘူး " တဲ့။

အတွေးထဲမှာ သီဟိုဠ်ခေတ် ဇာတ်ဆောင်နှစ်ဦးရဲ့ ကံသုံးပါး အမူအရာတွေက အလွမ်းပုံရိပ်တစ်ခုအဖြစ်ပဲ ထင်ဟပ်လာလို့ လား, ဒါမှမဟုတ် ဘဝတွေကို အကြိမ်ကြိမ်မွေးဖွားစေတတ်တဲ့ " စွဲလမ်းမှုသံယောဇဉ် " ရဲ့ အကျိုးဆက်ကိုပဲ မချင့်မရဲတွေးမိလို့ လား မပြောတတ်ပါဘူး, ကိုယ့်ပင့်သက်ကိုယ် မသိမသာ ပြန်မျိုချ လိုက်ရပါတယ်။

အဲဒီပင့်သက်ထဲမှာ ဒဏ္ဍာရီမဟုတ်တဲ့ သီဟိုဠ်ခတ်ရဟန်းငယ်လေးရဲ့ အလွမ်းဓာတ်ငွေ့ လေး ပါသွားတယ်ဆိုတာ တစ်ပါးသူတွေ မသိလိုက်ပေမယ့် ဘာသာသိလိုက်တာတော့ အသေအချာပါ။

ပြီးတော့ အဲဒီပင့်သက်နဲ့ အတူ မွေးဖွားလာတဲ့ ရင်ထဲမှာတိုးတိတ်စွာ မြည်နေတဲ့, သူတို့ ကို(ပြောမပြလိုက်ပေမယ့်) အမှန်တကယ် ပြောပြချင်တဲ့ စကားတစ်ခွန်းကတော့ " သံသရာစက် " ဆိုတဲ့ ဓမ္မစကားအရ, အဲဒီ သီဟိုဠ်ရဟန်းငယ်လေးဟာ . . .များ . . .။

ကျမ်းကိုး


၁။ မူလပဏ္ဏာသအဋ္ဌကထာ(ရထဝိနီတသုတ်, နှာ ၅၀- ၅၁)

ဆရာတော်အရှင်ရာဇိန္ဒ - ရဝေနွယ်(အင်းမ)ရေးသားတော် မူခဲ့သော - " ကုသိုလ်ဖြစ်အောင် တွေးမယ် " စာအုပ်မှ
image

@elay

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!