(၁)
"ဟင်း...."
ဘယ်နှစ်ကြိမ်မြောက်မှန်းမသိသော သက်ပြင်းကိုထပ်ချမိရင်း ရေးလက်စ စာကိုရပ်လိုက်သည်။ ဘယ်လိုမှလည်း ဆက်ရေးလို့ရမည်မထင်။ ရေးလိုက် ခြစ်ပစ်လိုက်ဖြင့် လုံးကြေနေသော စာရွက်တို့က အမှိုက်ခြင်းကိုပင်လျှံကျနေပေပြီ။
ဝတ္ထု တိုတစ်ပုဒ်ကို သည်မျှလောက် ခက်ခက်ခဲခဲတွေးရသည်မှာ ဒါ ပထမဦးဆုံး အကြိမ်သာ။
ဒီစာလေးတစ်ပုဒ်ရေးရဖို့ ဘာကြောင့် ဒီလောက်တောင် ခက်ရတာပါလိမ့်။ ဘယ်လိုဇာတ်လမ်းမျိုးကိုမဆို တခဏနှင့်အတွေးရတတ်သော ကျွန်မ..၊ ခုတော့ခေါင်းပူအောင်တွေးနေတာတောင်အကြံက ထွက်မလာ။
ကြိုးစားပြီးချရေးကြည့်လည်း တစ်ကြောင်း နှစ်ကြောင်းထက်ပိုရေးလို့မရ။အကောင်းဆုံးဖြစ်အောင် ရေးချင်သည့်စိတ်က ကြီးစိုးနေ၍လားတော့မသိ။တွေးလေ ဝေးလေ ဖြစ်နေသည်။
စိတ်ပျက်လက်ပျက်နှင့် ဝရန်တာဘက်ထထွက်လာမိသည်။
လပြည့်ညမို့ ကောင်းကင်မှာ လမင်းကြီးကထိန်ထိန်သာနေသည်။ကြည်လင်နေသောကောင်းကင်တွင် ပြည့်ပြည့်ဝဝသာနေသည့် လမင်းကြီးကို ကြည့်ရသည်မှာ ရင်ထဲအေးမြလှသည်။ လမင်းနှင့်ပင် တင်စားရမည်လားဟု တွေးမိပြီးမှ ခေါင်းကိုခါယမ်းလိုက်မိပြန်သည်။ လုံလောက်မည်မထင်ပါ။
လမင်းဆီကအကြည့်တို့ကို လမ်းမဘက်ပို့လိုက်သည်။
အချိန်က ညကိုးနာရီခန့်ရှိပြီမို့ အသွားအလာကျဲပါးပြီး ငြိမ်သက်တိတ်ဆိတ်နေ၏။
ပျံ့လွင့်နေသောစိတ်တို့ကို လွှတ်ပေးထားလိုက်ပြီး ဟိုဟိုဒီဒီ ငေးနေမိစဉ် မြင်ကွင်းထဲသို့ ကားတစ်စီးတိုးဝင်လာသည်။ လူရှင်းချိန်မို့ အရှိန်တင်မောင်းလာပုံရသည်။
"ကျွီ.."
"ဒုန်း.."
"ဟင်..တိုက်ပြီ.."
ရုတ်တရက်လမ်းမပေါ်ပြေးတက်လာသည့်ခွေးကိုတိုက်မိခြင်းပင်။မထင်မှတ်ထားတာမို့ ရုတ်တရက်ကြောင်ပြီး ရပ်ကြည့်နေမိသည်။
ကားကအနောက်ကို အနည်းငယ်ဆုတ်လိုက်ပြီး ခွေးကိုကွေ့ကာ မောင်းထွက်သွားသည်။
ခွေးက သွေးအိုင်ထဲတွင် ဆန့်ငင်ဆန့်ငင်နှင့်။ ကားကအောက်ပိုင်းကိုတိုက်မိသည် ထင်သည်။
တအီအီအော်ရင်း ကောင်းနေသေးသည့်လက်နှစ်ဖက်ကို အားပြုကာထနိုင်ဖို့ ကြိုးစားနေသည့်ခွေးကို
သေချာကြည့်လိုက်တော့ ကြီးကြီးအေးတို့အိမ်က ခွေးမကြီး မိနီ..။
လရောင်အောက်တွင်
အစောကထိ လှပခဲ့သော မြင်ကွင်းတို့သည် ခုတော့အကျည်းတန်သွားပေပြီ။နာနာကျင်ကျင် ညည်းတွားရင်း သွေးအလိမ်းလိမ်းနှင့်
တရွတ်တိုက်သွားနေသည့် မိနီကို မကြည့်ရက်တော့စွာ အခန်းထဲပြန်ဝင်လာလိုက်ပြီးရေးလက်စစာကို ဆက်ရေးဖို့ကြိုးစားမိသည်။ မရ...။မိနီ၏စိတ်မကောင်းစရာ မြင်ကွင်းကအာရုံထဲတိုးဝင်လာသည်။ သွားဆင်းကြည့်ရန်စိတ်ကူးမိပြီးမှ မိနီ ပြန်ထသွားသည်ကိုသတိရ၏။ခြေထောက်နာသွားတာလောက်ပဲဖြစ်မည်ထင်သည်။
အတွေးတွေကိုစုစည်းပြီး စာပြန်ရေးကြည့်သည်။ ချရေးလိုက်...မကြိုက်၍ပြန်ခြစ်ပစ်လိုက်နှင့် လည်နေပြန်၏။ မူးဝေနောက်ကျိလာသည့်ခေါင်းကြောင့် ဘယ်လိုမှရေးမရသည့်အဆုံး အိပ်ရာထက်သို့ပစ်လှဲချလိုက်သည်။ ညသည် ညပီသစွာ တိတ်ဆိတ်လျက် သူ့တာဝန်ကိုကျေပွန်စွာ ထမ်းရွက်နေ၏။ ကျွန်မ၏ စိတ်အလျင်သည်လည်း..။
@@@@@@@@@@@@@
(၂)
ညက အတော်ညဥ့်နက်မှအိပ်ဖြစ်သည်မို့ မနက်အိပ်ရာထနောက်ကျသွားသည်။ကိုယ်လက်သန့်စင်ပြီး အောက်ထပ်ဆင်းလာချိန်တွင် အဖေပင် လက်ဖက်ရည်ဆိုင်က ပြန်လာလေပြီ။
ထမင်းစားခန်းထဲဝင်ပြီး စားပွဲအုပ်ဆောင်းလှပ်ကြည့်လိုက်တော့
ဘာမှမရှိ..။ စိတ်ပျက်ပျက်နှင့် နှာခေါင်းရှုံ့လိုက်မိသည်။
ယခင်ကဆိုလျှင် အိပ်ရာကနိုးသည်နှင့် စားပွဲပေါ်မှာ စားစရာကအဆင်သင့်.။ ခုတော့ ကိုယ့်ဘာသာ အဆင်ပြေသလိုစားနေရသည်။ အလိုမကျစွာ ခြေကို ခပ်ဆောင့်ဆောင့်နင်းရင်း အိမ်ရှေ့ပြန်ထွက်ခဲ့လိုက်သည်။
"သမီးရေ.. မိနီ တစ်ကောင်တော့ ညကကားတိုက်မိတယ်ထင်တယ် ..ဒီမနက် မအေးတို့အိမ်အောက်မှာသေနေတယ်.."
"ဟင်...သေသွားပြီလား အဖေ.."
ကျွန်မကို မြင်သည်နှင့်အဖေ လှမ်းပြောလိုက်သော မိနီသတင်းကြောင့် အလိုမကျဖြစ်နေသည့်စိတ်တို့ပင် ပျောက်ကွယ်သွားပြီး စိတ်မကောင်းစွာ အဖေ့ကိုပြန်မေးမိသည်။
"အင်း..သမီးရေ..ကားကတော့ တို့အိမ်ရှေ့နားတင် တိုက်တာနေမယ်..အဖေ မနက်က လက်ဖက်ရည်ဆိုင်သွားတော့ သွေးကွက်တွေ တွေ့တယ်...အတော်တော့ သတ္တိကောင်းတဲ့ခွေးမကြီးပါပဲ..
အောက်ပိုင်းတစ်ခုလုံးကြေနေတာတောင် အိမ်ကိုရောက်အောင်ပြန်သွားတယ်.."
"ဘာလို့လဲ အဖေ.."
"မိနီက သားပေါက်ထားတယ်လေသမီးရဲ့..
မသိဘူးလား..မနေ့ ညနေပိုင်းလောက်ကပဲ..ငါးကောင်တောင်.. သူ့ကလေးတွေ နို့ဆာနေမှာစိုးတဲ့စိတ်နဲ့ အိမ်ကိုအရောက်ပြန်တာလေ..သားဇောနဲ့ပေါ့သမီးရယ်..မိခင်မေတ္တာပေါ့..."
အဖေ့စကားအဆုံးတွင်.."အော်"..တစ်လုံးသာ အသံတိတ်ရေရွတ်မိတော့သည်။
ကျွန်မမျက်စိ ရှေ့မှာတင် မိနီကိုကားတိုက်မိတာဖြစ်ကြောင်း အဖေ့ကို မပြောပြဖြစ်တော့..။ တအီအီညည်းရင်း တရွတ်တိုက်ဆွဲသွားနေသည့် သွေးတွေကြားက မိနီကိုသာ မျက်လုံးထဲပြန်မြင်ယောင်လာသည်။နာကျင်နေသည့်ဒဏ်ကိုအံတုရင်းမိနီဘယ်ကိုသွားဖို့ ကြိုးစားနေသည်ကို ညကမတွေးမိခဲ့..။
"..မိနီကို မြှုပ်လိုက်ပြီလား အဖေ.."
"အဖေပြန်လာတဲ့အထိတော့ မမြှုပ်ရသေးဘူးသမီး"
" သမီး ခဏသွားကြည့်လိုက်ဦးမယ်.."
အဖေ့ကိုပြောပြီးသည်နှင့် အပြေးတပိုင်းလှည့်ထွက်ခဲ့လိုက်သည်။
ကျွန်မတို့အိမ်နှင့်ကြီးကြီးအေးတို့အိမ်မှာ သုံးအိမ်ကျော်လောက်ကွာပါသည်။ ထိုသုံးအိမ်ကျော်ကို မိနီ ဘယ်လိုဇွဲနှင့်သွားခဲ့ပါသနည်း။
အပြင်ဘက်လမ်းမပေါ်တွင်တော့ သွေးစွန်းနေသည့်စွပ်ကြောင်းတစ်ခုကိုတွေ့ရသည်။ မိနီ အိမ်ပြန်သည့် လမ်းပေတည်း။
ကြီးကြီးအေးတို့အိမ်ရောက်တော့ မိနီကို မမြှုပ်ရသေးပါ။ဝိုင်းအုံကြည့်နေသည့်လူတွေကြားက မိနီကိုတွေ့တော့ ရင်ထဲနင့်ကနဲ..။ အောက်ပိုင်းတစ်ခုလုံးကျိုးကြေနေပြီး သွေးတွေပင်ခြောက်ကပ်နေပေပြီ.။
ဘာမှမသိသေးသည့် ခွေးလေးတွေကတော့ သူ့ထက်ငါ အလုအယက်နှင့် နို့ဝိုင်းစို့နေကြသည်။ နို့ထွက်သေးရဲ့လားတော့ မသိ...။
သေခါနီးတာတောင် အားတင်းပြီး သားသမီးနားအရောက်ပြန်လာသည့် မိနီကိုကြည့်ရင်းတစုံတခုကို နှုတ်ခမ်းဖျားလေးလှုပ်ရုံ
ခပ်တိုးတိုးရေရွတ်ကြည့်မိသည်။
"မိ ခင် မေတ္တာ.."
ရင်တစ်ခုလုံးထုံကျင်အေးစက်သွားသည်။
အမျိုးအမည်မသိ ဝေဒနာတစ်ရပ်ကလည်း ရင်ထဲတင်းတင်းကျပ်ကျပ်။
ဘေးကကြည့်နေကြသူတချို့၏ စုတ်သပ်ညည်းညူသံတွေနှင့် တစ်ယောက်တစ်ခွန်းပြောနေကြသော မိနီအပေါ် ကရုဏာသက်သည့်စကားတွေကိုလည်း ကျွန်မ ကြားတစ်ချက်..မကြားတစ်ချက်..။
စိတ်နှင့်ကိုယ် မကပ်သလိုထုံပေပေခံစားချက်ဖြင့် ကျွန်မ အိမ်ပြန်ရောက်လာသည်..။အိမ်ထဲလှမ်းဝင်လိုက်တော့ အဖေ့ကိုမတွေ့။ အလုပ်သွားပြီထင်သည်။ အိမ်မှုကိစ္စတွေအတွက် အကူခေါ်ထားသည့် မထားကလည်းရောက်မလာသေး။
တရွေ့ရွေ့လှမ်းနေမိသည့် ခြေလှမ်းတို့က အခန်းတစ်ခုရှေ့တွင် ရပ်တန့်သွားသည်။
ဒီအခန်းကို ကျွန်မ မရောက်ဖြစ်ခဲ့သည်မှာ လအတန်ကြာခဲ့ပြီ။ ကိုယ့်အိမ်တွင်းမှာပင်ဖြစ်သော်လည်း ဒီအခန်းဘက်ကို ကျွန်မ ဖြတ်ပင်မလျှောက်....။ခုတော့.အခန်းရှေ့တွင်ရပ်ကာ..
အသိစိတ်လွတ်နေသူတစ်ယောက်လို..တံခါးလက်ကိုင်ဘုကို ကိုင်ပြီး ငြိမ်နေမိသည် ။
စိတ်တို့သည် တစ်စုံတစ်ခုကို သေချာစွာမဆုံးဖြတ်နိုင်ပဲ ချီတုံချီချနှင့် အစိုးမရစွာယောက်ယတ်ခတ်နေ၏။ တံခါးလက်ကိုင်ဘုကိုဆုပ်ကိုင်ထားသာလက်တို့သည် ချွေးတို့ဖြင့်စေးချွဲနေပေပြီ။
ဒီအခန်းထဲတွင် ငြိမ်သက်စွာလှဲလျောင်းနေသော အမျိုးသမီးတစ်ဦး ရှိပေလိမ့်မည်။
ထိုအမျိုးသမီးသည် ကျွန်မဘဝကို ထိခိုက်ပျက်စီးစေခဲ့သူ..၊ ကျွန်မအား စိတ်ဒဏ်ရာ များစွာပေးပြီး...
ရှင်သန်ရသောနေ့ရက်များကို နာကျည်းစိတ်တို့ဖြင့် အဆိပ်သင့်စေခဲ့သောသူဖြစ်၏။ အမုန်းတရား၏အငွေ့အသက်တို့က
ရင်ကို ရုတ်ချည်းရိုက်ခတ်လာပြန်သည်။
ဟင်အင်း..မတွေ့ချင်..။
ထိုအမျိုးသမီးကို ကျွန်မ မတွေ့ချင်ပါ။
ဖွင့်ရန်ပြင်ထားသော တံခါးအား ပြန်ဆွဲပိတ်လိုက်ပြီး ရင်မဆိုင်ရဲစွာ ကယောင်ချောက်ချားပြေးထွက်လာခဲ့မိသည်။
တဆတ်ဆတ်တုန်နေသော နှုတ်ခမ်းတို့ကို တင်းတင်းစေ့ထားလိုက်ပြီး လှုပ်ရှားနေသည့်ရင်ကိုတခဏမျှငြိမ်သက်အောင် ထိမ်းလိုက်သည်။အာရုံထဲတွင် မှေးမှိန်းနေပြီဖြစ်သော ထိုအမျိုးသမီး၏ပုံရိပ်တို့ကို
ပြန်မြင်ယောင်ကြည့်မိ၏။ စိုပြေဝင်းပသောအသားအရေနှင့် ဘယ်အချိန်ကြည့်ကြည့် သပ်ရပ်ကျော့ရှင်းနေတတ်သော ထိုအမျိုးသမီး၏မျက်ဝန်းတို့သည် မာန်မာနအရောင်ဖြင့် အမြဲတမ်း တလက်လက်တောက်ပနေတတ်သည်။
ကျွန်မ အမြဲတမ်းအားကျငေးမောခဲ့ရဖူးသလောက် အမြဲတမ်းလည်း နာကျင်စွာ မုန်းတီးနေခဲ့ရသော အမျိုးသမီးပင်။
မျှော်လင့်တောင့်တခဲ့ဖူးပါသည်။ထိုအမျိုးသမီးဆီက အကြင်နာတရားအချို့နှင့် ချစ်ခြင်းမေတ္တာ အချို့ကို ကျွန်မ တချိန်က ရူးသွပ်မတတ် လိုချင်ခဲ့မိဖူးသည်။
သို့သော်.. ထိုအမျိုးသမီးသည် ကျွန်မကို မချစ်ခဲ့။ဘယ်တုန်းကမှ ယုယကြင်နာစွာ မဆက်ဆံဖူးခဲ့..။ လိုချင်သည့် နွေးထွေးမှု မျိုး မရရှိနိုင်တော့သည့်နောက်မှာ ကျွန်မသည်လည်း အေးစက်ထုံပေမှုတို့ဖြင့်နေသားကျခဲ့ပါသည်။
အဖေကတော့ ထိုအမျိုးသမီး ကျွန်မကိုချစ်သည်ဟု ဆို၏..။ ကျွန်မ မယုံပါ..။ကျွန်မကို ရှိသည်ဟုပင် မထင်သော..၊ကျွန်မ ဆန္ဒမှန်သမျှကို အမြဲတမ်း လျစ်လျူ ရှုတတ်သော ..၊သူဖြစ်စေချင်သည့်လမ်းအတိုင်းသာ ကျွန်မကို မဖြစ်မနေလျှောက်စေခဲ့သော ထိုအမျိုးသမီးသည် သူ့အတ္တကိုသာ သူချစ်သောအမျိုးသမီးဖြစ်သည်.။
ကျွန်မသည် ထိုအမျိုးသမီးလက်ထဲက ကြိုးဆွဲရာ ကရသည့် အသက်မဲ့သော ရုပ်သေးရုပ်တစ်ရုပ်မျှသာ..။ ကျွန်မ၏ဖြစ်တည်မှုသည် ထိုအမျိုးသမီးအတွက် ငွေစက္ကူ အရွက်တွေမျှလောက်ပင် အသုံးမဝင်ခဲ့ ။ လက်ဝတ်ရတနာပစ္စည်းတစ်ခုလောက်ပင် တန်းဖိုးမရှိခဲ့..။အရာရာကို
အမိန့်အာဏာဖြင့်သာ ချုပ်ကိုင်တတ်သော ထိုအမျိုးသမီး၏ရင်ထဲတွင် ကျွန်မအတွက်ချစ်ခြင်းတရားတို့ရှိဟန်မတူ..။
ထို့ကြောင့်ပင်လည်း.. ကျွန်မ တစ်ဘဝလုံးလူတောမတိုးရဲလောက်အောင် ဖြစ်စေမည့် အကြောင်းအရာတို့အား ထိုအမျိုးသမီးဖန်တီးခဲ့ခြင်းဖြစ်မည်။ လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိ၏။
မျက်ဝန်းထဲတွင် ခမ်းနားစည်ကားလှသည့် မင်္ဂလာပွဲကြီးတစ်ခု၏ ပုံရိပ်တို့က ထင်ဟပ်လာသည်။
@@@@@@@@@@
(၃)
ရွှေရောင်၊ငွေရောင် တဖျပ်ဖျပ်လက်နေသော ခန်းမကြီးထဲတွင် အမျိုးသမီးတစ်ဦးသည် ပြုံးရွှင်စွာရယ်မောပျော်မြူး နေသည်။
"ဦးမင်းခန့်... နှင့်... မသက်မှုးဝေ"
တို့၏
' မင်္ဂလာဧည့်ခံပွဲ '
ရွှေအိုရောင်ဖောင်းကြွစာလုံးများနှင့် လှပသည့် ဆိုင်းပုဒ်ကြီးအောက်တွင် အသက် လေးဆယ်ကျော် လူကြီးတစ်ယောက်နှင့်အတူ ကျွန်မ ယှဉ်တွဲထိုင်နေခဲ့ရသည်။
ကျလုဆဲဆဲမျက်ရည်တို့ကို ပုတ်ခတ်ပစ်လိုက်ရင်း ထုံကျင်နေသည့်ရင်အစုံနှင့် ထိုအမျိုးသမီးကို လှမ်းကြည့်မိတော့ မသိသလို မျက်နှာလွှဲသွားခဲ့ပြီး ဂုဏ်သရေရှိ လူကြီးလူကောင်းဆိုသူများနှင့်သာ ပြုံးရွှင်စွာ စကားလက်ဆုံကျနေခဲ့၏။
သို့သော်.. သိပ်မကြာလိုက်သော အချိန်တွင် ထိုအမျိုးသမီး၏ မျက်နှာပေါ်မှ အပြုံးတို့ပျောက်ကွယ်သွားစေမည့် အဖြစ်အပျက်တစ်ခုကဝင်ရောက်လာခဲ့သည်။
"ကိုမင်းခန့်.."
ဟိန်းကနဲထွက်ပေါ်လာသည့် ခေါ်သံအကျယ်ကြီးက ဆူညံသက်ဝင်နေသည့် မင်္ဂလာပွဲကြီးအား ခေတ္တမျှ ငြိမ်သက်သွားစေခဲ့သည်။ ရှစ်နှစ်အရွယ်ခန့်ရှိသော မိန်းကလေးငယ်တစ်ယောက်အား လက်ဆွဲလျှက် ခန်းမထဲသို့
ဒေါသတကြီးပြေးဝင်လာသည့် မိန်းမတစ်ယောက်...။
ကျွန်မဘေးက လူကြီးကိုကြည့်လိုက်တော့ မျက်စိမျက်နှာပျက်လျှက် ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသည်..။
"လူယုတ်မာကြီး...ကျွန်မတစ်ယောက်လုံးရှိနေတာတောင်ရှင်ကနောက် မိန်းမထပ်ယူတယ်ပေါ့လေ..ဟုတ်လား..
ဟိုမိန်းကလေးကလည်း သားကြီး မယားကြီးငုတ်တုတ်ရှိနေတာတောင် မယားငယ် ခံချင်သေးတာလား..အရှက်မရှိဘူးလား...ပိုက်ဆံလေးနည်းနည်းပြလိုက်တာနဲ့ အငယ်အနှောင်းဘဝကို ချက်ချင်းခုန်ဆင်းရဲတဲ့သတ္တိကိုတော့အံ့ဩပါ့အေ..ကိုယ့်ရုပ်ကိုယ့်ရည်လေးမှအားမနာ...ကိုယ်ကျင့်တရားမဲ့လှချည်လား..သိက္ခာမရှိတဲ့မိန်းမ..."
မင်္ဂလာခန်းမ စင်ရှေ့တွင်ရပ်လျှက် လက်ညိုးငေါက်ငေါက်ထိုးရင်း ရေပက်မဝင် ပြောနေသည့် အမနာပ စကားတို့အား ကျွန်မ ဆက်မကြားတော့...။
"မယားငယ်.."
"အရှက်သိက္ခာမရှိတဲ့မိန်းမ.." "ကိုယ်ကျင့်တရားမကောင်းတဲ့မိန်းမ.."
ထိုစကားတွေကသာ ကျွန်မနားထဲပဲ့တင်ထပ်နေခဲ့သည်..။
ခန်းမထဲက လူတချို့၏ တီးတိုးစကားသံတွေ...၊ အထင်သေးသည့်အကြည့်တွေ...၊ အို ..ကမ္ဘာလောကတစ်ခုလုံးဇောက်ထိုးမိုးမျှော်ဖြစ်သွားခဲ့သလိုပင်။
ရှက်ရွံ့သိမ်ငယ်စိတ်တို့ဖြင့် ကြောက်လန့်တကြားပြေးထွက်လာမိသည့်ကျွန်မအနောက်တွင်ခေါ်သံတချို့ ကျန်ရစ်ခဲ့သည်။ ဘယ်သူတွေပြေးလိုက်လာကြသလဲ ကျွန်မ မသိ..။မျက်စိထဲတွင်လည်း ဘာမှမမြင်တော့.။လောကကြီးတစ်ခုလုံးကျွန်မကို လှောင်ပြောင်နေကြသလိုခံစားရသည်..။
ကျွန်မ ဘယ်ကိုပြေးနေမိမှန်းလည်းမသိ..။ ဦးတည်ချက်မရှိဘဲပြေးမိပြေးရာပြေးနေခဲ့ရင်း.....
"သမီး.."
"ကျွီ.."
"ဒုန်း..."
"အား..."
"ခလွမ်း.."
ဆူညံစွာထွက်ပေါ်လာသည့် ကားဘရိတ်အုပ်သံနှင့်အတူ တစ်စုံတစ်ယောက်က ကျွန်မကို တွန်းထုတ်လိုက်တာကိုသိသည်။အော်သံတချို့နဲ့အတူ မျက်ဝန်းဆီက စူးကနဲနာကျင်မှုတို့ကိုခံစားလိုက်ရပြီးနောက် ကျွန်မ လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားခဲ့တော့သည်..။
ဘယ်နှစ်ရက်ကြာအောင် ကျွန်မ သတိမေ့နေခဲ့သည်မသိ..။ကျွန်မ သတိပြန်ရသည့်အချိန်တွင် တစ်လောကလုံး အမှောင်ထုသာ..။ကားဘရိတ်အုပ်သံတွေ..၊ တစုံတခုကိုတိုက်မိပြီးမှ လမ်းဘေးဓာတ်တိုင်အောက် ထိုးရပ်သွားသည့်ကားတစ်စီး..၊ လွင့်စင်လာသည့် မှန်ကွဲစများ..၊ မျက်ဝန်းဆီမှ နာကျင်မှု...၊ပြီးနောက် ကျွန်မ သတိပြန်လစ်သွားခဲ့ပြန်သည်..။
နောက်တစ်ကြိမ် ကျွန်မနိုးလာသည့်အချိန်တွင်
ဆရာဝန်နှင့် စကားပြောနေသော အဖေ့အသံကို ခပ်သဲ့သဲ့ကြားရသည်..။
"ကြိုးစားပေးပါဦး ဆရာရယ်.. ကျွန်တော့သမီးက စာရေးဆရာမ သိပ်ဖြစ်ချင်တဲ့ကလေးပါ...သူ့မျက်လုံးတွေသာကွယ်သွားခဲ့ရင် သူ့ဘဝဆုံးသွားလိမ့်မယ်...ကျေးဇူးပြုပြီး ကောင်းအောင်ကုပေးပါ..ဆရာရယ်.."
လှုပ်ခတ်တုန်ခါနေသည့် အဖေ့စကားသံအဆုံးမှာကျွန်မ မျက်လုံးတွေကို အလန့်တကြားစမ်းသပ်လိုက်မိတော့ ပတ်တီးတွေ...။ ကျွန်မ အရမ်းကိုကြောက်လန့်တုန်လှုပ်ခဲ့ရသည်။ကျွန်မမျက်လုံးတွေဘာမှမမြင်နိုင်တော့ဘူးလား ဆိုသည့်အတွေးက ကျွန်မကို ရူးမတတ်နှိပ်စက်ခဲ့သည်။မျက်လုံးတွေသာကွယ်သွားခဲ့လျှင် ကျွန်မ စာရေးလို့ရတော့မည်မဟုတ်..။ ကျွန်မ စာရေးဆရာမတစ်ယောက် သိပ်ဖြစ်ချင်ပါသည်..။
ဆေးရုံပေါ်တွင်နေခဲ့ရသော နေ့စွဲများသည် ကျွန်မအတွက်
နာကျင်ကြေကွဲမှုတွေနှင့်သာပြည့်နှက်နေခဲ့၏ ။ ကျွန်မဆေးရုံတက်နေရသောရက်တွေအတွင်း ထိုအမျိုးသမီး ကျွန်မဆီရောက်မလာခဲ့ပေ..။ကားနှင့်တိုက်မိမလိုဖြစ်သော ကျွန်မကိုဝင်ကယ်ရင်း ခြေထောက် ဒဏ်ရာရသွားခဲ့သဖြင့် လိုက်မလာနိုင်ဟု အဖေကပြောသည်..။ သူတွန်းထုတ်လိုက်သဖြင့်သာ ကျွန်မ ကိုကားမတိုက်မိခြင်းဖြစ်သည်တဲ့..။
ကျေးဇူးမတင်မိပါ...။ သူသာ ကျွန်မကို အိမ်ထောင်သည်ယောက်ျားတစ်ယောက်နှင့် အတင်းအကျပ်မစီစဉ်ခဲ့ဘူးဆိုလျှင် သည်လိုတွေဖြစ်မလာနိုင်..။ သူ့ကြောင့်မဟုတ်လျှင်.. ကားရှုပ်သောလမ်းမပေါ်သို့ ကျွန်မ အသိလက်လွတ်ပြေးတက်သွားစရာအကြောင်းမရှိ..။ သူသာ မတွန်းထုတ်ခဲ့လျှင်.. ဓါတ်တိုင်ကိုဝင်တိုက်မိပြီးကြေမွလွင့်စင်ထွက်လာသောကားမှန်ကွဲစများသည် ကျွန်မ မျက်လုံးကို လာမှန်လိမ့်မည်မဟုတ်..။ခုတော့..မှန်စများကြောင့် ကျွန်မမျက်လုံး
အပေါ်ယံလွှာပျက်စီးခဲ့ရသည်။အရာရာ သူ့ကြောင့်သာ..။
မုန်းသည်..၊ ထိုအမျိုးသမီးကို ကျွန်မ မုန်းပါသည်..။
ကံကောင်းထောက်မစွာဖြင့် ကျွန်မအတွက် မျက်ကြည်လွှာ လှူဒါန်းသူပေါ်လာခဲ့သည်။ဆေးရုံကို မျက်ကြည်လွှာလှုဒါန်းထားသူတစ်ဦးကရောဂါဖြင့်ရုတ်တရက် ကွယ်လွန်သွား၍ကျွန်မက မျက်ကြည်လွှာ အစားထိုးကုသခွင့်ရခဲ့ခြင်းပင်..။
ထိုအလှူရှင်၏ကျေးဇူးကြောင့်
လောကကြီးကိုပြန်မြင်ခွင့်ရခဲ့ပြီး ကျွန်မရေးချင်သောစာတွေ ပြန်ရေးခွင့်ရခဲ့သည်။
ဝမ်းသာလွန်းသဖြင့် ကျေးဇူးဆပ်ချင်၍လိုက်လံ စုံစမ်းခဲ့သော်လည်း ရောဂါဖြင့် မတိမ်းပါးခင် မျက်ကြည်လွှာကို ဆေးရုံသို့ လှူဒါန်းခဲ့သောဆွေးမျိုးမဲ့တစ်ဦး ဆိုသည်ထက် ဘာမှပိုမသိခဲ့ရ..။
အဖြစ်အပျက်တွေအားလုံးပြီးစီး၍
ဆေးရုံကဆင်းပြီးအိမ်ပြန်ရောက်လာသည့်နောက်ပိုင်း ကျွန်မ ထိုအမျိုးသမီးကို လုံးဝသွားမတွေ့ခဲ့ပါ..။ထိုအမျိုးသမီးရှိသည့်နေရာဘက်သို့ခြေဦးပင်မလှည့်..။ အစပိုင်းတွင် အဖေကကျွန်မကို ထိုအမျိုးသမီးအခန်းသို့သွားကြည့်ရန် တိုက်တွန်းသည်။ အခါခါဖျောင်းဖျနားချခဲ့သော်လည်း ကျွန်မ ခါးခါးသီးသီးဖြစ်နေသောကြောင့် နောက်ထပ် ဘာမှမပြောတော့..။ ထိုအမျိုးသမီးနှင့်ပတ်သတ်၍စကား အစပင်မခံသော ကျွန်မကို အဖေ လက်လျှော့ခဲ့ရ၏။
တစ်ခါတစ်ခါ ကြေကွဲနေသည့်အကြည့်မျိုးနှင့်ကြည့်တတ်သော..အဖေ့မျက်ဝန်းတို့ကို ကျွန်မ ဥပက္ခာပြုခဲ့သည်..။
အတွေးတို့နှင့်မွန်းကျပ်နေသောစိတ်ကို အိပ်ဆေးနှစ်ပြားဖြင့် ငြိမ်သက်စေလိုက်ပြီးနောက် ကျွန်မ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပျော်သွားခဲ့တော့သည်..။
@@@@@@@@@@@@
(၄)
ကျွန်မ ပြန်နိုးလာတော့ နေပင်အတော်စောင်းနေပြီ..။
ခုတင်ဘေးကစားပွဲပေါ်တွင် ထမင်းဟင်းအချို့ လင်ပန်းနှင့်တင်ပြီးအုပ်ဆောင်းအုပ်ထားသည်ကိုတွေ့သည်။ ကျွန်မ ဆင်းမလာသဖြင့် မထား လာပို့သွားခြင်းဖြစ်မည်..။စားချင်စိတ်မရှိသဖြင့် အောက်ထပ်သို့ဆင်းလာလိုက်သည်။ ဒီအချိန်ဆို အဖေ အလုပ်ကပြန်ရောက်လောက်ပြီ..။
အိမ်ရှေ့ဧည့်ခန်းတွင် အဖေ့ကိုမတွေ့..။
ဟိုဟိုဒီ လျှောက်ကြည့်ရင်း အခန်းတစ်ခုအတွင်းမှ စကားပြောသံကြားသဖြင့် လျှောက်သွားမိသည်..။ ထိုအမျိုးသမီးအခန်းကဖြစ်နေသဖြင့်ပြန်လှည့်မည်အပြု....။
"ဒီအတိုင်းဆက်သွားနေရင် သမီးလေးကံကြီးထိုက်တော့မယ် မတင်မေ.."
အဖေ့အသံကြောင့် ပြန်လှည့်ရန်ပြင်နေသည့် ခြေလှမ်းတို့ တုံ့ကနဲရပ်တန့်သွားသည်..။အဖေ့စကားက ဘာအဓိပ္ပါယ်ပါလိမ့်..။
ကျွန်မအကြောင်းပြောနေသည်ဆိုတာ သေချာသဖြင့် အခန်းတံခါးအနီးတိုးကပ်သွားလိုက်ပြီး စိတ်ဝင်စားစွာ နားထောင်ကြည့်မိ၏။
"ဘယ်လိုပဲဖြစ်ဖြစ်.. သမီးကို ပြောပြသင့်ပြီလို့ငါထင်တယ် ..၊မင်းက မပြောပါနဲ့လို့ အတန်တန်တောင်းပန်ထားခဲ့လို့သာ မပြောဘဲနေရပေမယ့်.. မင်းအပေါ်ကို အထင်မှားပြီး မုန်းတီးနေတဲ့ သမီးကိုမြင်တိုင်း ငါ စိတ်ထိခိုက်ရတယ်..၊သမီးလေးရဲ့ဘဝကိုပေါ့ပေါ့ပါးပါးနဲ့ပဲဆက်ပြီးရှင်သန်စေချင်မိတယ်..မတင်မေ..၊မင်းမှားခဲ့တယ်ဆိုရင်လည်း အဲဒီအမှားအတွက် မင်းပြန်ပေးဆပ်ခဲ့ပြီးပါပြီ ၊.မင်းတာဝန်ကျေခဲ့ပါတယ်....မတင်မေရယ်..တာဝန်ကျေခဲ့ပါတယ်.."
ပြောရင်းနှင့် အဖျားလှုပ်ခတ်ကာတိမ်ဝင်သွားသည့်အဖေ့ စကားသံကြောင့်ရင်ထဲလှိုက်ကနဲ ဝမ်းနည်းသွားမိသည်။ ခြေထောက်တွေမခိုင်သလိုဖြစ်လာ၍ အခန်းနံရံကို အသာမှီထားလိုက်ပြီး
စကားသံတွေကိုနားစွင့်မိပြန်သည်။
"ခုဆိုရင်လေ သမီးလေးက... မင်းပေးခဲ့တဲ့ မျက်လုံးတွေနဲ့ လောကကြီးကို ကြည့်နေပါပြီ..၊..သူ့ဝါသနာအတိုင်းစာတွေရေးနေပါပြီ..၊ မင်းဖြစ်စေချင်ခဲ့သလို..
မင်းရဲ့အမြင်တွေ..၊ မိခင်တစ်ယောက်ရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာတရားတွေ..၊ လောကကြီးကို မင်းမြင်ခဲ့သလိုမျိုး သမီးလေးမြင်တတ်နေလောက်ပါပြီ..မတင်မေရယ်...၊ သူ့ကိုမျက်ကြည်လွှာပေးခဲ့ သူဟာ..မင်းမှန်းသာ သိရင် သမီးလေးမင်းကို ခွင့်လွှတ်နားလည်မှာပါ..."
"ဟင်.." အံ့ဩစိတ်ဖြင့် မှင်သက်သွားမိသည်။အဖေ ဘာပြောလိုက်တာပါလိမ့်..။ ကျွန်မကို မျက်ကြည်လွှာလှူဒါန်းခဲ့သူက ထိုအမျိုးသမီး တဲ့လား..။ ဒါဆို အဖေကဆရာဝန်နဲ့ပေါင်းပြီး ကျွန်ကို ညာထားခဲ့သည်လား..။
ရုတ်ချည်းပင် အခန်းတံခါးကိုဆွဲဖွင့်ပြီး ပြေးဝင်သွားလိုက်၏။
"ဟင်..သမီး.."
အဖေက ကျွန်မကို ရုတ်တရက်တွေ့လိုက်ရသဖြင့်အံအားသင့်နေသည်..။ အဖေ့ထက် ပို၍ အံ့ဩသွားရသူက ကျွန်မပင်..။
မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ကိုယ့်မျက်စိပင် ကိုယ်မယုံနိုင်အောင်ဖြစ်သွားမိသည်...။
အခန်းထဲတွင် ဘာမှရှိမနေပါ..။ တစ်ခန်းလုံးရှင်းလင်းငြိမ်သက်လျှက် ...
ပန်းကနုတ်တို့ဖြင့်လှပစွာ ဘောင်သွင်းထားသောဓါတ်ပုံကြီးတစ်ပုံသာခေါင်းရင်းနံရံတွင် ချိတ်ဆွဲထားသည်။ ထိုပုံထဲတွင် ကျွန်မမုန်းသော အမျိုးသမီးသည် ကျက်သရေရှိသောအလှတို့ဖြင့် ကျွန်မအားတောက်ပစွာပြုံးပြနေ၏။
"သမီးလေးလာတယ် မတင်မေ.."
အဖေက ထိုအမျိုးသမီး၏ဓာတ်ပုံရှေ့သို့သွားကာ အသိပေးသလိုခပ်တိုးတိုး ပြော၏။ အဖေ့မျက်နှာသည် မှိုင်းညို့ရီဝေလျှက် ပြိုတော့မည့်မိုးလို အုပ်ဆိုင်းနေသည်။
"အ..ဖေ..."
ဘာကိုမှနားမလည်နိုင်စွာ..အဖေ့ကိုငေးကြောင်ကြည့်နေရင်း
မရဲတရဲ ခေါ်မိ၏..။ထို့နောက် တစ်စုံတစ်ခုကို နားလည်သွားသလို ရင်သည် တလှပ်လှပ်ခုန်လာသည်။
"အ..ဖေ...ဒါ..ဒါက..."
ဘာဆက်မေးရမှန်းမသိတော့ပဲ စကားတွေက အထစ်ထစ်အငေါ့ငေါ့နှင့် ရပ်တန့်သွား၏။
"သမီး အမေလေ...
ဒါ..သမီးအရမ်းမုန်းနေတဲ့ သမီးအမေပေါ့.."
ကျွန်မကို လှည့်ကြည့်ရင်းဖြေလာသည့် အဖေ့မျက်လုံးအိမ်ထဲတွင် မျက်ရည်တို့ပြည့်နှက်နေသည်။
"အမေ..က. ..၊ အမေက ဘယ်လို..ဖြစ်...ပြီး..."
သက်ပြင်းတစ်ချက်ကိုလေးတွဲ့စွာရှိုက်ပြီး မျက်ရည်ကြားကအဖေပြုံးပါသည်။ထိခိုက်နာကျင်စွာ ကြေကြေကွဲကွဲပြုံးခြင်းဖြစ်၏။
"သမီးဆေးရုံကဆင်းကတည်းက အဖေပြောခဲ့ပါတယ်...သမီးအမေကို သွားတွေ့လိုက်ပါဦးလို့လေ..၊သမီးငြင်းခဲ့တယ်..၊တကယ်တော့..သမီးအမေက သမီးကိုကယ်ရင်း ကားတိုက်မိတဲ့ဒဏ်ရာနဲ့..ဆေးရုံပေါ်မှာပဲဆုံးသွားခဲ့တာပါ.."
"ရှင်.."
"သူမဆုံးခင်မှာ..သမီးမျက်စိထိခိုက်သွားမှန်းသိလို့..
သူ့ရဲ့မျက်ကြည်လွှာကို သမီးကိုပေးခဲ့တယ်..ဒါပေမယ့်..သမီးကို မပြောပြဖို့ အဖေ့ကို ကတိတွေအထပ်ထပ်တောင်းပြီး..သူ့အမှားတွေအတွက်လည်း...အကြိမ်ကြိမ်တောင်းပန်ခဲ့ပါတယ်..၊မောင်မင်းခန့်မှာ အိမ်ထောင်နဲ့မှန်း သူလည်းမသိခဲ့ပါဘူးသမီးရယ်..သမီးအမေက သမီးကို ကောင်းစားစေချင်တဲ့စိတ်နဲ့စီစဉ်ခဲ့တာပါ..သူ.. သမီးကိုသိပ်ချစ်ခဲ့ပါတယ်..၊.သူ့ရင်ထဲကမေတ္တာတွေကို သမီးမြင်အောင်ထုတ်မပြတတ်ခဲ့ပေမယ့်..သူ့နောက်ဆုံးချိန်ထိ သမီးအတွက်ပဲ စဉ်းစားပေးခဲ့တာပါ..."
ရင်တစ်ခုလုံး ရစရာမရှိတော့အောင် တစစီဖြစ်သွားပြီထင်သည်။
ကမ္ဘာလောကကြီးတစ်ခုလုံးသည်လည်း အိုးထိမ်းစက်ကဲ့သို့ချာချာလည်နေ၏...။
"ဘာလို့လဲ...၊.ဒီအကြောင်းတွေကို.. ဘာလို့အစောတည်းကမပြောပြခဲ့ရတာလဲ..အဖေရယ်..၊ခုတော့ ...ခု..တော့...."
"အဖေ ပြောပြဖို့ ကြိုးစားခဲ့ပါတယ် သမီး..၊အစကတော့...မျက်စိဒဏ်ရာနဲ့ဆေးရုံပေါ်မှာ ဝေဒနာခံစားနေရတဲ့သမီးကို စိတ်ထိခိုက်မှာစိုးလို့..ခဏဖုံးကွယ်ထားခဲ့တာပါ.၊မျက်ကြည်လွှာလဲပြီး သမီးအိမ်ပြန်ရောက်လာတော့ အဖေအကြောင်းစုံပြောပြဖို့လုပ်ခဲ့ပေမယ့်...သမီးက...သမီးအမေအကြောင်းဆို စကားအစတောင်မခံခဲ့ဘူးလေ..၊သမီးအမေအခန်းကို သွားကြည့်လိုက်ပါဦးလို့ အဖေ အခါခါတိုက်တွန်းခဲ့ပါတယ်..၊သမီးသာ ဒီအခန်းတံခါးကို အစောကတည်းကလာဖွင့်ကြည့်ဖြစ်ခဲ့ရင်..၊ အဖေ့စကားတွေ နားထောင်ခဲ့ရင်..ခုလောက်နောက်မကျဘူးပေါ့ သမီးရယ်.."
အဖေ ဘာတွေဆက်ပြောနေသည်ကို ကျွန်မ မကြားတော့..။အသံထွက်ပြီးငိုရှိုက်လိုက်ဖို့ မေ့လျော့စွာ ရင်တစ်ခုလုံးကကျိုးပျက်ကြေမွနေပြီး
ဒူးတွေညွတ်ခွေကာ နေရာမှာပင် ဝုန်းကနဲ ပြိုလဲကျသွားခဲ့သည်။အမေ့အကြောင်းပြောရန်
အဖေ စကားစလာတိုင်း ခါးခါးသီးသီးအော်ဟစ်ငြင်းဆန်ခဲ့သည်ကို ပြန်အမှတ်ရ၏။နောင်တ တရားနှင့်အတူ ယူကြုံးမရ ဖြစ်ခြင်းတို့က နှလုံးအိမ်ကို ပြင်းပြင်းထန်ထန် ထိုးနှက်လေသည်။
အမေသည် ဓါတ်ပုံထဲကနေပြီး ကျွန်မကို ပြုံးပြီးကြည့်နေ၏။
ကျွန်မ အရမ်းမုန်းခဲ့သောအမေ့ကို အမေ
ပေးခဲ့သည့် မျက်ကြည်လွှာဖြင့်ပင် ကျွန်မ ပြန်မြင်နေရပါသည်။
ကျွန်မကို ဘယ်တုန်းကမှ မချစ်ခဲ့ဟု ကျွန်မ ထင်ထားခဲ့သော အမေသည် ကျွန်မအတွက် ဘဝတစ်ခုလုံးကို စွန့်လွှတ်ပေးဆပ်ခဲ့သည်တဲ့လား..။နောက်ဆုံးချိန်ထိ ကျွန်မအတွက်သာ စဉ်းစားခဲ့သည်တဲ့လား..။
တချိန်ကမမြင်တတ်ခဲ့သော အမေ့ပေးဆပ်မှုတို့ကို ယခုမှ တစ်ခုစီပြန်မြင်ယောင်မိ၏..။ဘာလိုပါသည်ဟု ဖွင့်ပြောစရာမလိုလောက်အောင်ပင် ပြီးပြည့်စုံစေခဲ့သော အမေ့ဖြည့်ဆည်းမှုတို့အား ထိုစဉ်က ကျွန်မ ဘာကြောင့်မမြင်တတ်ခဲ့ရပါသနည်း..။ခံစားချက်မရှိ သလိုထင်ရသည့် အေးစက်စက်မျက်ဝန်းတို့ဖြင့် ကျွန်မအား အမြဲတမ်း ကြည့်ရှု၊စောင့်ရှောက်၊ ကာကွယ်ပေးတတ်ခဲ့သည်ကို ကျွန်မ ဘာကြောင့် မေ့လျော့ခဲ့ရပါသနည်း..။ကျွန်မ နေထိုင်မကောင်းဖြစ်သည့်အခါတိုင်း အမေပါ လိုက်၍ပိန်သွားတတ်သည်မှာ.. ကျွန်မအား စိုးရိမ်ပူပန်စွာ စောင်ကြည့်နေခဲ့ခြင်းကြောင့်ဖြစ်မည်ဟု ကျွန်မ ဘာကြောင့် မတွေးခဲ့မိရပါသနည်း။နူးညံ့ချိုသာစွာမဖွင့်ဟတတ်ခဲ့သော အမေ့ရင်တွင်းမှ မေတ္တာစကားသံတို့အား..ကျွန်မ ဘာကြောင့် ကြားအောင် နားမထောင်တတ်ခဲ့ရပါသနည်း..။
မေးခွန်းပေါင်းများစွာဖြင့် ရင်သည် တစစီကြွေ၏..။
"အ...မေ.."
တဆတ်ဆတ် တုန်ရီနေသောလက်တို့နှင့် အမေ့ဓာတ်ပုံကို ပွတ်သပ်ကိုင်တွယ်ရင်း..
နှုတ်ခမ်းဖျားလေးလှုပ်ရုံ ခေါ်မိသည်..။
ဝေးကွာလွန်းခဲ့သော နာမ်စားတစ်ခု..၊ စွန့်ပယ်ခဲ့မိသော မြတ်နိုးစရာ နာမတစ်ခု..၊
လှုပ်ခတ်တုန်ခါစွာ ထွက်ပေါ်လာသည့် ကျွန်မ နှုတ်ခမ်းဖျားက အသံက ဟိုးအဝေးကြီးကလာသော ပဲ့တင်သံလို ကျွန်မ ရင်ကိုပြန်ရိုက်ခတ်နေသည်။
ထိုက်တန်ပါရဲ့လား...။ ကျွန်မလို သမီးမျိုးက အမေ ဆိုသောနာမ်စားကို ခေါ်ဖို့ပင် ထိုက်တန်ပါတော့မည်လား။
"ခွင့်မလွှတ်ပါနဲ့အမေရယ်.. သမီးကို ဘယ်တော့မှ ခွင့်မလွှတ်ပါနဲ့...၊ အမေ့ရဲ့ မေတ္တာတရားတွေကို နားမလည်ဘဲ တစ်လျှောက်လုံး..အမေ့ကို မုန်းတီးနာကျည်းနေခဲ့တယ်..၊အမေပေးခဲ့တဲ့ မျက်ကြည်လွှာနဲ့ လောကရဲ့ အလင်းရောင်တွေကို ကြည့်နေပြီး... အသိတရားကတော့ အမှောင်ဖုံးနေခဲ့တယ်.. ၊ သမီးကြောင့် အမေ လူ့လောကထဲကနေ ထွက်ခွာ သွားခဲ့ရတယ်ဆိုတာတောင်မသိရလောက်အောင်ကို အသိဥာဏ်တွေ စုံလုံးကန်းနေခဲ့တာပါ..အမေရယ်..၊အမေ့သမီး အဲလောက်ကို မိုက်မဲခဲ့မိပါတယ်...."
နာနာကျင်ကျင် ရေရွတ်မိသော ရင်ထဲက စကားတွေကို အမေ ဘယ်တော့မှ ကြားနိုင်တော့မည်မဟုတ်ပါ..။ ဝန်ချတောင်းပန်ခွင့်လေးပင်မရနိုင်တော့အောင် လောကကြီးကဒဏ်ခတ်ခဲ့လေပြီ..။
"တကယ်တော့ မိဘဆိုတာ ဥယျာဉ်မှုးတွေပါပဲ သမီးရယ်..ဘယ်ဥယျာဉ်မှူးကမှ ကိုယ်ပျိုးတဲ့ပန်း အဆိပ်သင့်ပါစေဆိုတဲ့စိတ်နဲ့ ပန်းမပျိုးခဲ့ကြပါဘူး..၊
စေတနာမြေဩဇာ တွေလွန်ကဲခဲ့ကြလို့သာ ပန်းတွေကို ညိုးနွမ်းစေသလိုဖြစ်သွားရတာပါ..၊မိဘတိုင်းဟာ ကိုယ့်သားသမီးကို အကောင်းဆုံးဆိုတာတွေကိုပဲပေး ချင်ခဲ့ကြတာ..ကိုယ်ပျိုးတဲ့ပန်း အလှဆုံးပွင့်လန်းဖို့သာ မျှော်လင့်ခဲ့ကြတာပါ..သမီးရယ်..သမီးအမေက သမီးကို သိပ်ချစ်ခဲ့ပါတယ်..."
အဖေ့ဆုံးမစကားကို မျက်ရည်တွေနှင့်နာခံယူမိသည်။ အချိန်လွန်နောင်တတို့နှင့်အတူ ရင်သည် ထုံကျင်အေးခဲလျှက်...။
နားလည်ပါပြီ.၊.နားလည်ခဲ့ပါပြီအဖေ.၊.မိဘမေတ္တာတရားကိုရော၊ အမေသမီးအပေါ် ဘယ်လောက်ချစ်ခဲ့တယ်ဆိုတာကိုရော.အချိန်တွေအတော်ကြီးနောက်ကျခဲ့ပြီးမှ..သမီးသိခဲ့ရပါပြီ..။
နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေသော အမေ့ဓာတ်ပုံကို ကြေကွဲစိတ်တို့ဖြင့်မက်မက်မောမော ငေးကြည့်မိ၏။ဘဝမှာ ဘယ်တော့မှ နောက်တစ်ခါ ပြန်မရနိုင်တော့မည့် အပြုံး..။ ဘယ်ပန်းချီဆေးရေးမှလိုက်မမီနိုင်အောင် အသက်ဝင်လွန်းသည့် အမေ့အပြုံးတို့ကို ဓာတ်ပုံထဲတွင်သာ မြင်တွေ့ခွင့်ရှိတော့မည်လေ..။အမေ့ဓါတ်ပုံကိုအကြိမ်ကြိမ် ဦးချ ကန်တော့ရင်း..ရင်ထဲကလှိုက်လှိုက်လှဲလှဲ တောင်းပန်နေမိသည်။အမေ ခွင့်လွှတ်နိုင်ပါမည်လား..။
"အမေ့ဓာတ်ပုံကို သမီး ယူသွားပါရစေ..အဖေ...၊ ခုတင်ခေါင်းရင်းမှာချိတ်ထားပြီး..အမေ့ကို ညတိုင်း ရှိခိုးတောင်းပန်ပါ့မယ်..၊အမေ ခွင့်မလွှတ်မချင်း..နေ့တိုင်း၊ ညတိုင်း..သမီးသေသွားတဲ့အထိ..၊ အမေ့ကို အမြဲတောင်းပန်နေပါ့မယ်.."
အားအင်မရှိတော့သလို ရှိုက်သံတို့ဖြင့်လှုပ်ခတ်တုန်ခါနေသောခွင့်တောင်းစကားကို အဖေခေါင်းညိမ့်လက်ခံ၏။
"ခွင့်လွှတ်မှာပါ..သမီးရယ်..၊ သမီး အမေက ဘယ်တုန်းကမှ သမီးအပေါ် အပြစ်မယူခဲ့ပါဘူး..၊ သမီးဆန္ဒရှိရင် ယူသွားပါ..၊ အဖေခွင့်ပြုပါတယ်.."
တသွင်သွင်စီးကျနေသည့် မျက်ရည်တို့ကို မသုတ်ဖယ်မိ..။အမေ့ဓာတ်ပုံကိုတယုတယကိုင်တွယ်ပြီး အခန်းထဲကထွက်လာခဲ့သည်။
ကိုယ့်အခန်းကိုယ်ပြန်ရောက်တော့ စားပွဲအောက်မှာ ပြန့်ကျဲနေသော ညကလုံးချေပစ်ချထားသည့် စာရွက်တွေကဆီးကြိုသည်။
ဓာတ်ပုံကို ခေါင်းရင်းနံရံတွင်သေချာ ချိတ်ထားလိုက်ပြီး..
စားပွဲပေါ်မှ ရေးလက်စ စာရွက်ကို ကောက်ကိုင်လိုက်၏။ခေါင်းစဉ်စာသားအချို့ကို အသံထွက် ရွတ်ဖတ်ကြည့်မိတော့..
မျက်ရည်တို့က စာရွက်ပေါ်သို့ အတားအဆီးမရှိ ခုန်ဆင်းသွားကြပြန်သည်။
" မိခင်မေတ္တာဘွဲ့ ဝတ္ထုတိုစာမူ "
တစ်ညလုံးခေါင်းပူအောင်စဉ်းစားခဲ့သော်လည်ရေးမရခဲ့သည့်ဇာတ်လမ်း..။
"မိခင်မေတ္တာဘွဲ့"...မိခင်မေတ္တာဘွဲ့ တဲ့လား.။.ဒီလောကကြီးထဲမှာ ဘယ်တစ်စုံတစ်ယောက်သောသူကများ မိခင်မေတ္တာကို မီအောင် ဖွဲ့နွဲ့နိုင်ပါမည်လဲ...။ဘယ်လိုစကားလုံးမျိုးကရော မိခင်တစ်ယောက်၏ မေတ္တာတရားကို ပေါ်လွင်အောင် ညွှန်းဆိုပေးနိုင်မည်တဲ့လဲ။
အဘယ်မျှပင် ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ အကောင်းဆုံး ကြိုးစားပြီးရေးစပ်သီကုံးထားစေဦးတော့..၊လုံလောက်မည်မထင်ပါ..။မိခင်မေတ္တာသည် အစွမ်းကုန်ဖွဲ့နွဲ့ ရေးသားထားသည့် စာရွက်တို့ပေါ်တွင် ရှိမနေ..။ အမေသည် တေး၊စာ၊ကဗျာတွေ မည်သည့်အခါမှ လိုက်မီနိုင်မည်မဟုတ်သည့်..အနှိုင်းမဲ့သော..၊
အနူးညံ့ဆုံးသော နှလုံးသားပဲ့တင်သံ ဖြစ်၏...။
ခံစားချက်ကိုထုတ်ဖော်မပြတတ်သော..၊ ချစ်ခြင်းမေတ္တာကို သိုဝှက်သိမ်းဆည်းထားတတ်သော..၊ကျွန်မ အမေကဲ့သို့အမေမျိုး လောကတွင်များစွာရှိပါလိမ့်မည်..။ ဆန္ဒပြုပါသည်.။ အမေတိုင်းလည်း နွေးထွေးစွာချစ်တတ်ကြပါစေ...။
သားသမီးတို့သည်လည်း..ထုတ်ဖော်မပြတတ်သော အမေ့မေတ္တာတရားတို့အား နှလုံးသားဖြင့်မြင်နိုင်ကြစေ..။ ဖွင့်ဟမပြောတတ်သော အမေ့ရင်တွင်းစကားသံတို့အား နှလုံးသားဖြင့်ကြားနိုင်ကြစေ..။ ဘယ်ကဲ့သို့သော အရာမျိုးကမှ တုနှိုင်းမီရန်မစွမ်းသာသော...၊ အနူးညံ့သိမ်မွေ့ဆုံးသော နှလုံးသား၏ပဲ့တင်သံတို့သည်လည်း နှလုံးအိမ်တိုင်း၌ ထာဝစဉ် မြည်ဟီး ရိုက်ခတ်နိုင်ကြပါစေ....။ ။
နှင်းခါးဝိုင်
Kmmt
@@@@@@@@@@@@@@@@@
My first comt @goldbloger
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Smt 33-1
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Smt24
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SMT - 23 (1)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Smt 8
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
smt16 comt(1)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SMT 2
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SMT-13
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Sec comt @goldbloger1 follower
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Smt-18
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SMT 5 COM(2)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
smt38
1
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Smt 33-2
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Smt29
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SMT 5 COM(1)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
smt16 com(2)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SMT 17
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တတိယ4 please follow acc @goldbloger-2
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
smt done no3
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SMT - 23 (2)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
smt 3
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Smt-1
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
smt 27 done no 1
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Smt-1
Good
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Hello! I find your post valuable for the wafrica community! Thanks for the great post! @wafrica is now following you! ALWAYs follow @wafrica and use the wafrica tag!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Smt-1
aungmyomindin
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
smt 27 done no 2
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
wow
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Hello @kmmt. Thank you for this one - deserves more views. Hope my upvote and resteem will help you.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit