ရာဇ၀င်​တွင်​မဲ့ ပုံပြင်

in artzone •  6 years ago 

အမေ(၃)ယောက်ရဲ့ ပုံပြင်
•••••••••••••••••••••••••••••

တစ်နေ့မှာ အမေသုံးယောက်
စကားလက်ဆုံ ကျ နေကြပါတယ်။

အဲဒီအထဲက မိခင်တစ်ဦးဟာ
စိတ်ပျက်လက်ပျက်နဲ့ ပြောပါတယ်။
"မိသားစုတွေ
ရှားရှားပါးပါးဆုံရတဲ့ နှစ်သစ်မှာလေ
အဖေ့အလုပ်ကို
အမွေဆက်ခံထားတာ
မကြာသေးတဲ့ သားက
အသစ်စက်စက် ဇနီးနဲ့ အတူ
အိမ်ပြန်ရောက်လာခဲ့တယ်။

ကျွန်မတို့အားလုံး
အိမ်မှာ
စားစရာတွေ၊ အသားကင်တွေ
လုပ်စားကြတယ်။
သားက
အသားကင်တွေကို တစ်ကင်ပြီး
တစ်ကင် သူ့မိန်းမပန်းကန်ထဲ
ပြည့်လုနီးပါး ထည့်ပေးနေခဲ့တယ်။

အမေလုပ်တဲ့ ကျွန်မရဲ့
ပန်းကန်ထဲမှာတော့
အသားကင် တစ်ကင်မှ
ရှိမနေခဲ့ဘူး။
ဒါကို
သားကမမြင်ခဲ့ဘူး။
ကျွန်မရင်ထဲ ဟာနေတာကို
သူ
ဘယ်တော့မှ မမြင်ခဲ့သလိုပေါ့။

လွန်ခဲ့တဲ့ လအနည်းငယ်က
ပိုက်ဆံတွေတနင့်တပိုး အကုန်ခံပြီး
သူ့ကို ကျွန်မတို့
မင်္ဂလာဆောင်​ပေးခဲ့ရတယ်။ အိမ်အသစ်ဝယ်ပေးခဲ့ရတယ်။

သူတို့ရဲ့ စားဝတ်နေရေးတွေကို
ကျွန်မတို့ တာဝန်ယူခဲ့ရတယ်။

ဒါနဲ့တောင်
ကျွန်မအတွက်
အသားကင်တစ်ကင်ကို
သတိတရနဲ့ ထည့်ပေးဖော်မရခဲ့ဘူး။
ရင်နာလိုက်တာရှင်"

ပထမမိခင်ရဲ့အဖြစ်ကိုကြားတော့
ဒုတိယမိခင်ကလည်း
ရင်ဖွင့်စကားဆိုပါတယ်။

"အိုး...ရှင်...
ရှင်က
ရှင့်သားရဲ့
အသားကင်လေးပဲ
မစားရတာပါ။
ကျွန်မလောက်
သိပ်အဖြစ် မဆိုးသေးပါဘူး။

ရှင့်ချွေးမကို
ရှင် ဦးစားမပေးရတာပဲ
ရှင် ကံကောင်းပြီသာမှတ်ပါ။

ကျွန်မရဲ့
မကြာခင်ကမှ
နိုင်ငံခြားကပြန်လာခဲ့တဲ့ သား
ကျွန်မကို
နိုင်ငံခြားပြန် သော့တွဲတစ်တွဲ
လက်ဆောင်ဝယ်ပေးခဲ့သတဲ့။
သူ့နှမကိုလည်း
သော့တွဲတစ်တွဲလက်ဆောင်တဲ့
ဝယ်ပေးခဲ့တယ် ။

ဟော..
သူ့ချစ်သူအတွက်ကျတော့
သူ့လစာနှစ်လစာကို အကုန်ခံပြီး
Cartier မိန်းမပါတ်နာရီတစ်လုံးကို
ဝယ်ပေးခဲ့တယ် ။

သူက
ကျွန်မကိုမေးသေးတယ်ရှင့် ။
နာရီက တန်ဖိုးနည်းသေးလားတဲ့?
အဲဒီအခါ ကျွန်မလည်း
နည်းတယ်ထင်ရင် ကျွန်မကိုပေးပြီး
နင့်ကောင်မလေးကို
ဒီသော့တွဲ ​ပေးလိုက်ပါလားလို့
ကျွန်မကရွဲ့ပြီး ပြောလိုက်ပါတယ်။

တကယ်လို့
နင့်ကောင်မလေးက နင့်ကိုတကယ်ချစ်ရင်
သော့တွဲပေးပေး ဘာပေးပေး
ယူမှာပေါ့လို့ဆိုပြီး
အဲဒီနာရီကို
ကျွန်မ လုယူလိုက်တယ်လေ။

ဒါကို ကိုယ်တော်ချောက
ကျွန်မကို စိတ်ဆိုးတယ်။ တွန်းတယ်လေ။
ကျွန်မအဖြစ်ကမှ ပိုရင်နာဖို့
ကောင်းတာပါရှင်...

"မိခင်နှစ်ဦးရဲ့ရင်ဖွင့်သံကိုကြားတော့ တတိယမိခင်က
သက်ပြင်းရှည်တစ်ခုကို
လေးလေးသွဲ့သွဲ့ချရင်း...

"တခြားရှုထောင့်ကနေကြည့်ရင်
ရှင်တို့နှစ်ယောက်ရဲ့အဖြစ်က
ရင်နာစရာ မကောင်းပါဘူးရှင်..

သားက ကိုယ့်မိန်းမအပေါ်၊
ကိုယ့်ချစ်သူအပေါ် ကောင်းတယ်ဆိုတာ
သူတို့ချင်းအရမ်းချစ်ကြိုက်ကြလို့ပေါ့။

သားကို
တကယ်ချစ်တဲ့လူ
ရှိတဲ့အတွက် ရှင်တို့ဝမ်းသာသင့်တယ်။
အချစ်ပင်လယ်ထဲ မျောနေသူနှစ်ဦးဟာ
ဘေးပတ်ဝန်းကျင်ကို
သိပ်သတိမထားမိတတ်ကြဘူး။

လေထုနဲ့တူတဲ့ အမေကို
ပိုလို့တောင် သတိမထားမိကြပါဘူး။

အမေဆိုတာ
သားသမီးတွေရဲ့ လေထု၊
အောက်ဆီဂျင်ပြတ်တဲ့အချိန်မှပဲ
လေထုရဲ့အရေးပါတာကို သူတို့
သိကြတယ်လေ။

အမေတွေကလည်း အမေပါပဲ။
သားသမီးတွေကို
ဘယ်တော့မှ အောက်ဆီဂျင်ကို
အပြတ်မခံခဲ့ကြပါဘူး""

ကျွန်မမှာ
အသက်(၃ဝ)အရွယ်
သားတစ်ယောက်ရှိတယ်။

သားရဲ့ချစ်သူက
ကွန်ပြူ တာသင်တန်းဆင်းပါ။
သားဟာ နေ့တိုင်းအခန်းအောင်းပြီး
ကွန်ပြူ တာနဲ့ပဲ ရည်းစားဖြစ်တယ်။

အိမ်ထဲကအိမ်ပြင် မထွက်ဘူး။
ကျွန်မလည်း
ကြည့်လို့မရတာနဲ့
နေ့တိုင်း
သူ့အခန်းကို ဝင်ရှင်းပေးရတယ်။
စားစရာတွေ ယူသွားပေးတယ်။

ဒါတောင် သူက
ကျွန်မကိုရှုပ်တယ်ဆိုပြီး
အခန်းပြင်ဖက်ကို မောင်းမောင်းထုတ်တယ်။
တွန်းထုတ်တယ်လေ။

ကျွန်မအဖြစ်ကမှ
တကယ့်ရင်နာစရာကောင်းပါတယ်။
ဒီသားကို ဘယ်အရွယ်အထိ
ကျွန်မပြုစုစောင့်ရှောက်ရမလဲ
မသိတော့ပါဘူး။

တကယ်လို့
သူ့မှာသာ
တကယ့်ချစ်သူတစ်ယောက်ရှိရင်
အဲဒီချစ်သူကို ကျွန်မ
အသားကင်ကျွေးနိုင်ပါတယ်။
Cartier နာရီလေး လက်ဆောင်
ပေးနိုင်ပါတယ်" လို့ ပြောပြီး
ငိုချလိုက်ပါတော့သည်​။

ပုံပြင်လေးက ဒါပါပဲ...
တစ်​ခုခု​တော့ ရသွားပါ့မယ်​။
image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!