ခွေးကပေးတဲ့သင်ခန်းစာ
ရွာခွေးတစ်ကောင် မြို့ထဲကိုလှည့်ပြီး လျှောက်သွားမိတယ်။ ရက်အတော်ကြာမှ သူနေတဲ့ နေရာကို ပြန်ရောက် လာတယ်။ သူ့ဆွေတော်မျိုးတော် ခွေးအပေါင်းက ဝိုင်းမေးကြတယ်။
“မြို့တက်သွားတာ ဘာတွေ တွေ့ကြုံခဲ့ရသလဲ ပြောစမ်းပါဦး”
“မြို့ကိုတက်သွားတော့ လူတွေ၊ ခွေးတွေ အများကြီးတွေ့ခဲ့တယ်။ ငါတို့ရွာထက် အများကြီးမှ အများကြီး တွေ့ခဲ့တယ်”
“အဲဒီ မြို့သားတွေက မင်းကို ဘာမှ မလုပ်ကြဘူးလား။ ပြဿနာ မရှာကြဘူးလား”
“လူတွေက မောင်းထုတ်ရုံ မောင်းထုတ်တယ်။ ခွေးအချင်းချင်းကတော့ ဝိုင်းလိုက် ဝိုင်းကိုက်တာကြောင့် သေလောက်အောင် ပြေးခဲ့ရတယ်”
“ကိုယ့်အမျိုးချင်းကွာ ဘာကြောင့် ဒီလိုလုပ်ရသလဲ”
“မြို့ဆိုတာ တို့ရွာလို မဟုတ်ဘူးကွ။ ရွာမှာက ရှိတာလေးနဲ့ ဝအောင်စားနိုင်တယ်။ မြို့မှာက ပေးမှ ကျွေးမှ စွန့်မှ စားရတယ်။ တို့ရွာလို ဖောဖောသီသီလည်း မဟုတ်တော့ ရတဲ့ အရိုးလေးကို ဝိုင်းကိုက် ဝိုင်းလုမှာ ကြောက် နေကြတယ်။ ဒါကြောင့် မာန်ဖီပြီး နေကြရတယ်။ မာန်ဖီခြင်းဟာ မြို့သားတွေရဲ့ အဆောင်အယောင် တစ်ခုပဲ။ ဟို တိုက်ထဲနေရတဲ့ကောင်တွေ၊ အိမ်ထဲနေရတဲ့ကောင်တွေဆို ပိုဆိုးတယ်။ လမ်းပေါ်က ခွေးတွေကို မနာလို ဝန်တိုတာ အများဆုံးပဲ။ လမ်းပေါ်က ကောင်တွေကလည်း အိမ်ထဲ တိုက်ထဲနေရမလားလို့ ဟောင် ဟောင်ပြတယ်။ မြို့မှာက ခွေးချင်းအတူတူ သူ့အုပ်စုနဲ့သူ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ တစ်ကောင်က ကိန်ဆိုအော်လိုက်တာနဲ့ ဝိုင်းဟောင်တော့တာပဲ။ အမျိုးချစ်ကြောင်းသာပြတာ။ အရိုးတစ်ချောင်း ရလာ လို့ကတော့ သေအောင် ဝိုင်းကိုက်ကြမှာ”
အဲဒါ ရွာကတက်လာတဲ့ခွေးက ရွာကိုပြန်ပြီးပေးတဲ့ သင်ခန်းစာ။
တင်ညွန့်
photo : facebook
Dear friend, you do not appear to be following @wafrica. Follow @wafrica to get a valuable upvote on your quality post!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit