ဘုန်းကြီးတွေများပြီး ဗုဒ္ဓဘာသာ ကျဆုံးလာခြင်း
ပထမဆုံး Quality and Quantity ဆိုတာကိုခွဲသိဖို့အရေးကြီးတယ်။ အရေအတွက်ဟာ အရည်အသွေးမဟုတ်ပါဘူး။ အရေအတွက်များလာခြင်းဟာ အင်အားတောင့်လာတယ်ဆိုတာမှန်ပေမယ့် စည်းကမ်းမရှိပဲ အရေအတွက်များလာရင်တော့ ပျက်ဆီးဖို့လမ်းစဖြစ်ပါတယ်။
ကျနော်တို့နိုင်ငံမှာ ဗုဒ္ဓဘာသာကိုးကွယ်သူအများဆုံးဖြစ်ပါတယ်။ ရေများရေနိုင် မီးများ မီးနိုင်ဆိုသလိုပါပဲ ဗုဒ္ဓဘာသာဝင်အများစုက ဗုဒ္ဓဘာသာနိုင်ငံအဖြစ် နိုင်ငံတော်က တရားဝင်မသတ်မှတ်ထားပေမယ့် သူတို့ဖာသာ သတ်မှတ်ထားပါတယ်။ ကိုးကွယ်သူများတာနဲ့အမျှ ဗုဒ္ဓဘာသာ သံင်္ဃာ အရေအတွက်ကလဲ များလာပါတယ်။ ဒီနေရာမှာ တစ်ချက်ရှိတာ ဗုဒ္ဓဘာသာမှာ ဘယ်သူမဆို ရဟန်းခံခွင့်ပေးထားတာပါ။ သတ်မှတ်ချက်အနည်းငယ်ရှိပေမယ့် အဲ့ဒီသတ်မှတ်ချက်တွေကိုလဲ ဂရုသိပ်မစိုက်ကြပါဘူး။ ရဟန်းခံကြသူတွေထဲမှာ လူစုံရှိပါတယ်။ တစ်ချို့က ငယ်ထဲက ကိုရင်ဘဝ နဲ့ ကြီးပျင်းလာပြီး နောက်ဆုံးဆရာတော်ကြီးတွေဖြစ်သွားတဲ့အထိ တစ်သက်လုံး သာသနာ့ဘောင်ထဲမှာနေသွားတဲ့ ငယ်ဖြူ တွေလဲရှိပါတယ်။ အိမ်မှာ အသုံးအကျလို့ ၊ အလုပ်မလုပ်ချင်လို့ ၊ အရက်ဖြတ်ပေးချင်လို့ အိမ်ကဝတ်ပေးတာ ၊ ဆေးဖြတ်ချင်လို့ ၊ ဖဲရိုက်မှာစိုးလို့ ၊ အကြွေးရှောင်ချင်လို့ စတဲ့ ဒီလိုလူတွေကိုလဲ ရဟန်းခံခွင့်ပေးထားပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းကြီးဖြစ်ဖို့အတွက် ဘယ်သင်တန်း ၊ဘယ်အရည်အချင်းမှ ရှိဖို့မလိုပါဘူး။ ကြိုက်တဲ့နေ့ ဂတုံးရိတ် သင်္ဃန်းဝယ်ပြီး ဘုန်းကြီးကျောင်းတစ်ခုခုမှာ လျှောက်လိုက်ရင် ပြီးတာပါပဲ။
လူပေါင်းစုံ စရိုက်စုံတဲ့ သံဃာ့အဖွဲ့အစည်းဟာ အရေအတွက်များလာတဲ့ အမျှ ပျက်ဆီးခြင်းငါးပါးတိုင်လာပါတယ်။ သိက္ခာပုဒ်ထိန်းရကောင်းမှန်းမသိတဲ့ ကိုယ်တော်တွေ ၊ အကျင့်မကောင်းတဲ့ ကိုယ်တော်တွေ ဟာ သာသနာကို ဖျက်ဆီးပါတော့တယ်။ လူတွေကလဲ ဘုန်းကြီးကိုပြောရင် ငရဲကျတတ်တယ်ဆိုတဲ့ အယူမှားကြီးကိုရိုက်သွင်းခံထားရတော့ ဘာမှမပြောကြပါဘူး။ နောက်ပိုဆိုးတာက သာသနာပျက်ဆီးမှာစိုးလို့ အကျင့်ပျက်ဘုန်းကြီးတွေကိုပြောတဲ့သူတွေကို မပြောပါနဲ့ ဘာသာခြားတွေမြင်ကုန်ရင် သူတို့ပျော်မှာပေါ့ဆိုပြီး တားဆီးကြပြန်တယ်။ သူတို့ပျော်တာမပျော်တာထက် ကိုယ့်ဘာသာ ပျက်ဆီးနေတာကို လစ်လျူရှုနိုင်တဲ့သူတွေပါ။ အဲ့လိုလူမျိုးတွေက အကျင့်ပျက်ဘုန်းကြီးတွေကို ပိုပျက်ဆီးစေဖို့ ထောက်ပံ့ပေးနေသလိုဖြစ်နေတယ်။
တစ်ကယ်ဆိုရင် သံဃာဖြစ်ခွင့် ၊ ရဟန်းခံ ခွင့်ကို ကန့်သတ်သင့်ပါတယ်။ ရဟန်းခံခြင်းမပြုလုပ်မှီ သင်တန်းပေးခြင်း စာမေးပွဲဖြေခြင်း လူတွေ့စစ်ဆေးခြင်းတွေပြုလုပ်သင့်ပါတယ်။ ဒုလ္လာဘ ဆိုပြီး အပျော်ဝတ်တာတွေကို မပြုလုပ်သင့်တော့ပါ။ သားကိုရှင်ပြု ရဟန်းခံပေးရင် အပါယ်တံခါးပိတ်တယ်ဆိုတဲ့ ဂျင်းကြီးကိုလဲ ဆက်မထည့်သင့်တော့ပါ။ အရည်အချင်းသတ်မှတ်ချက်တွေ တင်းတင်းကြပ်ကြပ်စစ်ဆေးသင့်တယ်။ ဘုရားရဲ့သားတော်ဖြစ်လာမယ့်သူဟာ အရည်အချင်းနဲ့ အကျင့်သီလကောင်းသူဖြစ်ရပါမယ်။ လူတွေရဲ့ အရိုအသေပေးမှု ပူဆော်မှုတွေကို ခံယူရမယ့် ပုဂ္ဂိုလ်ကို ပြီးစလွယ် ကြိုက်တဲ့သူလာ သင်္ဃန်းခြုံပေးလိုက်ရင် ပြီးတာပဲဆိုတာမျိုးတွေကို မလုပ်သင့်တော့ဘူးလို့ထင်ပါတယ်။
အခုနောက်ပိုင်း ဗုဒ္ဓဘာသာ ကိုးကွယ်သူတွေ လျှော့ကျလာပါတယ်။ ဘာသာမပြောင်းခဲ့ရင်တောင် အရင်ကလို ဘာသာကို စိတ်ထဲကနှစ်နှစ်ကာကာထောက်ပံ့တာမျိုးမရှိတော့ပါဘူး။ အရေအတွက်သာများလာပြီး အရည်အသွေးမမှီတဲ့ သံဃာတွေများလာခြင်းရဲ့အကျိုးဆက်တွေပါ။ ဒီအတိုင်းပဲ ဆက်လုပ်နေဦးမယ်ဆိုရင်တော့ ဗုဒ္ဓဘာသာဟာ နံမည်ပဲကျန်ခဲ့ပြီး ပျက်သုန်းသွားပါလိမ့်မယ်။
စည်းကမ်းမဲ့သာသနာ့ဘောင်ထဲကိုဝင်ခွင့်ပြုထားလို့ သံဃာအရေအတွက်များလာခြင်းဟာ သာသနာပြန့်ပွားစည်ပင်လာတာမဟုတ်ဘူးဆိုတာကို သတိချပ်ဖို့လိုပါတယ်။