မမီမကမ်း
........ငြိမ်းသဇင် ပညာရေး.....
ကိုယ်နောက်ကျနေတာ -ကိုယ် အသိအမှတ်မပြုရဲရင်
ဘယ်သူ့မှ ဘယ်တော့မှ
အမီလိုက်လို့ မရဘူး
မမီချင်နေ
မကန်းရင် ဘဝက ထေလို့ရပြီ။
ငါတို့က
မိမိကိုယ်ကို အလိုက်မသိဘူး
အားလုံးနဲ့ အဆင်ပြေဖို့ ကြိုးစားရင်း
ကိုယ့်အိပ်မက်ကို ဖမ်းလို့ မမီ။
လာမယ့်နှစ်မှာ
တယောက်ယောက်နဲ့ ရန်ဖြစ်ဖို့
စနစ်တကျကြိုးစားပါ့မယ် မစ္စတာချေဂွေဗားရား။
ရန်သူတစ်ယောက်မှ မရှိတဲ့ဘဝဟာ
လုံခြုံမယ်ထင်လို့ မှားမိအခါခါ...
မိတ်ဆွေက အားလုံးနဲ့ ပြေလည်အောင်အားထုတ်နေချိန်မှာပဲ
အားလုံးက မိတ်ဆွေနဲ့ သွေးကွဲနေပြီ
မမီ
မကမ်း
ဘဝရဲ့ လမ်း။ ။
အိမ်ကို ပြန်မရောက်ဖြစ်တော့သူများရဲ့ ညနေ
တစ်သက်လုံးကြိုးစားယူတာတောင်
အိမ်ကို တစ်ညကလေး ပြန်မရောက်နိုင်ခဲ့သူတွေ
ကမ္ဘာမြေရဲ့ အလျားကို
ဘယ်အရာတွေကများ ဆွဲဆန့်သွားသလဲကွယ်။
ဘဝကို ညလို့ဆိုရင်
အိပ်မက်က ဘယ်နားကျကျန်ခဲ့ပါလိမ့်
ညနေထဲမှာ
မျက်ရည်ဝဲနေခဲ့ဖူးတဲ့ အခိုက်အတန့်များစွာ။
ခရီးတွေက
ခြေလှမ်းကို စုပ်ယူမြိုဝါး
လိပ်ပြာလွင့်နေသူများ လည်ပြန်
အော်သံခေါ်သံတွေနဲ့
ပုစွန်ဆီရောင် ယင်းထနေတဲ့ ညနေ။
အိမ်ကို ခဏပြန်ဖို့
သေတင်းကုပ်တံခါးကို ဆောင့်ကန်ဖွင့်
သေရည်နဲ့ ရွက်လွှင့်သွားသူတစ်ယောက်ကိုတွေ့ရင်
မထီမဲ့မြင်လည်း မပြုစေချင်ပါဘူးလေ။
ဘဝဆိုတာ ခေါစာပဲလား
ရွာသူပြုစား၊ စုန်းတောက်ခံရရင်
ခုလို မိုးချုပ်ချုပ်ဆို ပစ်ရတဲ့
စားတော်တိုက်စရာ ခေါစာ ဘဝတွေလား
အိမ်ပြန်ခဲ့ပါတော့လားဆိုတဲ့စကားထက်
နာကျင်အောင် ဆဲရေးတိုင်းထွာနိုင်တာ
ဘယ် ဘာသာစကားမှ မရှိပါဘူးကွယ်
ငြိမ်းလည်း - လွမ်းတယ်
အားလုံးလည်း လွမ်းခဲ့တယ်
မိုင်တိုင်အမှတ်အသားတွေအကြား
လိပ်ပြာလွင့်နေသူအလား
အိမ်ကိုတော့ တစ်ခေါက် ပျံချင်မိသားကွယ်
ညနေတွေ
ညနေခင်းတွေရေ...။ ။