ကော်ပီကူးတင်သည် ဖြစ်ကြောင်း အတိအလင်းဝန်ခံပါသည်။
သီပေါမင်းက အိန္ဒိယကို ပါတော်မမူခင် ဗမာပြည်မှာကတည်းက ကလေးနှစ်ယောက်နဲ့တစ်ဗိုက်ရှိခဲ့တယ် ။ စိတ်ဝင်စားမိတာတစ်ခုက ဒီကလေးတွေမွေးတုန်းက အရပ်လက်သယ် တနည်းအားဖြင့် ဝမ်းဆွဲသယ်ကို ဘယ်လိုစံတွေနဲ့ ရွေးချယ်ခဲ့သလဲပေါ့. .အင်္ဂလိပ်တောင် ရန်ကုန်မှာပဲရှိသေးတော့ ဘိလပ်ပြန်အိုဂျီတွေလည်း နန်းတွင်းထဲ ဘယ်လိုမှရောက်မလာနိုင်သေးဘူး ။ ဝမ်းဆွဲသယ်နဲ့နန်းတွင်းဆက်ဆံရေး ဘယ်လိုရှိမလဲ စိတ်ဝင်စားမိတယ် ။
ဆင်ဖြူမရှင်ဆိုတာကလည်း ထက်မြက်တဲ့မေမေဆိုတော့ တော်ရုံဝမ်းဆွဲသယ်က ကျုံးရှေ့တောင်ဖြတ်လျှောက်ရဲမယ် မထင်ဘူး ။ ဘန်ကောက်မှာ သွားမွေးရအောင်လည်း နန်းတွင်းအခြေအနေက သိတဲ့အတိုင်း ။ နန်းတော်ကိုပစ်ပြီး တစ်လကိုးသတင်း ကလေးသွားမွေးနေရင် မောင်မောင်သီပေါတို့က ဝမ်းနည်းနေဦးမယ် ။ အရေးကြီးတဲ့တစ်ချက်က ဘယ်လောက်ပဲမိသားစုအပေါ် သြဇာညောင်းတဲ့ယောင်္ကျားဖြစ်ပါစေ ဒါမျိုးကိစ္စတွေကျ မိန်းမတွေရဲ့ဆုံးဖြတ်ချက်သာ အတည်ဖြစ်တော့သကိုး ။ သူတို့စိတ်ကြိုက်ရွေးချယ်တာကို ကိုယ်က ဘွတ်ကင်ယူပေးရတဲ့အဆင့်ပဲရှိတယ် ။
နန်းတွင်းမှာ သက်တော်ရှည်သမားတော်တွေရှိပေမယ့် သူတို့က ဒူလာလောက်ကုတတ်တာ ။ ကွီးမင်းတုန်းဆို နတ်ရွာသာစံသွားရော. . . ဒူလာထလို့ ညည်းတဲ့အသံ တစ်ချက်မကြားဖူးဘူး ။ နန်းတွင်းသမားတော်တွေကို အထင်သေးတယ်ရယ်မဟုတ်ပေမယ့် သူတို့ဆေးတွေက ယောင်္ကျားသားတွေအတွက်သာ ကောင်းတာ ။ သားဖွားမီးယပ်အတွက်ကျ တယ်မစွံချင်ဘူး ။ ပြောရရင် တစ်နွယ်ငင် တစ်စင်ပါဦးမယ် ။ သူတို့ဆေးတွေ ဘယ်လောက်စွမ်းသလဲ ကွီးမင်းတုန်းသာကြည့်တော့ . . တစ်ဖက်ကတွေးကြည့်တော့လည်း ကွီးမင်းတုန်းကြောင့်သာ ဝမ်းဆွဲသယ်တွေတန်ဖိုး နန်းတွင်းကသိလာရတာ ။ ကျေးဇူးရှင်ကြီးပါတော်. . .
သွားလေသူကြီးကို သတိရသွားဟန်ဖြင့် အရီးလေးဆင်ဖြူမရှင်သည် ပုခုံးထက်မှ ပခုက္ကူထွက်ဖျင်ကြမ်းထည်လေးကိုယူရင်း ဆို့တက်လာသောမျက်ရည်တို့ကို အသာတို့လိုက်သည် ။ တစ်လက်စတည်း ရှေ့မှာတည်ထားသော ဗေဒါရွှေကြာလက်ဖက်ကို တစ်ဇွန်းခပ်စားရင်း ဘေးနားမှ အပျိုတော်ရံ လမ်းမတော် မယ်ယု ကို စကားတစ်ခွန်းစလိုက်သည် ။
` မယုရယ်. . . ငါ့မလဲ စုစုအတွက် စဉ်းစားရသာ ခေါင်းတွေလဲ ခဲလှပါဘီ ။ ဝမ်းဆွဲသယ်ကောင်းကောင်းလေး ညီးအသိထဲ မရှိဘူးလားအေ ´
သခင်မကို ခစားသလိုလိုနှင့် ခြေသည်းအလှခိုးပြင်နေသော လမ်းမတော်မမယုသည် ရှည်လျားလှသောဆံပင်ကြီးကို နောက်ကျောသောတစ်ချက်ပို့ရင်း စန္ဒရားခင်နုနုအိုက်တင်ဖြင့်
` ရှိပါ့. . သိပါ့ မယ်မယ်ဆင် ။ နန်းရှေ့က စာဆိုတော်ကြီး လက်ယာသုန္ဒရရဲ့ သမီးကြီးလေ ။ မမသော်တာ တဲ့ ။ ခုတလော အရပ်ထဲမတော့ နာမည်ကြီးနေတယ် မယ်မယ်ရေ . . သာမီးတောင် လင်မယူခင်ကတည်းက သူ့ဆီ ဘွတ်ကင်ကြိုတင်ထားရသာ မယ်မယ်ရေ. . . ကိုယ်လင်ယူပြီးမယ့်အချိန်လောက်မှ ကိုယ့်အလှည့်ရောက်မှာလေ . . ဇမ်းး နာမည်ကြီးသာ မယ်မယ်ရေ. . . ´ အစရှိသဖြင့် ဘာညာပေါ့. . . ပွားမယ် ။ ဒီအခါမှာ ဆင်ဖြူမရှင်ကြီးကလည်း ဟဲ့. . . အဲ့ မမသော်တာကို ခုချက်ချင်း နန်းတွင်းထဲဆင့်ခေါ်ဇမ်း ဘာညာ မိန့်ပါလိမ့်မယ် ။
ပိန်လှီခြောက်ကပ်ပြီး မီးယပ်နာစွဲနေတဲ့ပုံစံနဲ့ နန်းတွင်းထဲရောက်လာတဲ့ မမသော်တာကိုမြင်တော့ ဆင်ဖြူမရှင်ကလည်း မိန့်ပါလိမ့်မယ် ။ ဟဲ့. . . မယုရယ် နင့်ဟာက ကြည့်လည်းလုပ်ပါဦးဟယ် ။ မီးတွင်းထဲမှာ ဝမ်းဆွဲသယ်ကို ပြန်ပြီးနှာနှပ်နေရပါ့မယ်ဟယ်. . ဖြစ်ပါ့မလား ဘာညာပေါ့ ။ ဒီအခါမှာတော့ လမ်းမတော်မယ်ယုက သူ့ရဲ့ ရှည်လျားထွေပြားလှတဲ့ ဆံပင်ရှည်ကြီးကို နောက်ကျောကိုပို့ပြီး စန္ဒရားခင်နုနုအပြုံးနဲ့ပဲ
` စိတ်ချပါ မယ်မယ်ဆင်ရယ် ။ သမားဆို အိုမှတဲ့ ။ မမသော်တာက အသက်သာ ၆၀ ကျော်နေပေမယ့် အရင်ကတော့ လှတယ် ။ ခုတော့ လင်ပစ်သွားလို့ ဂျုန်းဂျုန်းကျနေပေမယ့် ပညာစွမ်းက မသေးဘူး မယ်မယ်ရဲ့ ။ စိတ်ချစမ်းပါ မယ်မယ်ဆင်ရာ ´ ဘာညာပေါ့ ဖောပါလိမ့်မယ် ။
ဒီလိုနဲ့ပဲ မမသော်တာလည်း နန်းတွင်းရောက်ရောဆိုပါတော့ ။ မင်းသွေးဆိုတော့ ခြေကြွခတို့ အတိုင်ပင်ခံဥာဏ်ပူဇော်ခတို့က တောင်းဖို့မသင့်ဘူးလေ ။ ဒီတော့ကာ ကိုယ့်အတွက်ကျန်ဖို့ ဗိုက်ကြီးသည်မမစုဆီကိုပဲ ပြေးကပ်ရမှာပဲ ။
` မမလေးစုရယ်. . . သခင်မကိုဖြင့် ဒီက မတ်မတ်သော်က စိတ်မချနိုင်တော့ဘူး ။ ဒီတော့ သခင်မလေးအိပ်ဆောင်ဘေး အဖီလေးချပြီး နေပျဇီ ´ ဘာညာ ပလီပါလိမ့်မယ် ။
`ဟယ်. . . သခင်မလေး . . . ကိုယ်လေးလက်ဝန်ကြီးနဲ့ အလေးအပင်တွေ မမပါနဲ့ဆိုတာ . . တကတည်းနော် . . ဟွန့် ´ ဘာညာပေါ့ ။
မိဖုရားပါဆိုနေမှ ဘယ်မိဖုရားက ထင်းခွေရေခပ်နေပါ့မလဲ ။ သို့ပေသိ မိဖုရားအနား စားရိတ်ငြိမ်းနေရဖို့အရေး ဒီလိုပဲ လှော်ရ ခတ်ရတာပေါ့ ။ မတ်မတ်သော် မမှားပါဘူး ။
နေ့လည်နေ့ခင်းကျ မီးနေတဲ့အခါရှုဖို့ နနွင်းတက်လေးတွေ နေထုတ်လှန်း ။ ပိတ်ဖြူလေးတွေ နေထုတ်ပြ ။ ခဏနားနေချိန်ကျ မမစုအနားကပ်ပြီး
` သခင်မလေး. . ကြားပြီးဘီလား ။ ဟို ဒိုင်းဒိုင်းဆိုတာလေ . . . အာ့ ယောင်္ကျားလေးမဟုတ်ဘူးတဲ့ ။ အစစ်မတဲ့ ။ သခင်မလေး သတိထားဦးနော် ။ မတ်မတ်သော်က သူများအကြောင်း စိတ်မဝင်စားပေါင် ။ သခင်မမို့ ချစ်လို့ပျော့သာ ´ ဘာညာ စကားရှာပြီး သခင်မဖို့ပြင်ထားတဲ့ ဗေဒါရွှေကြာလေး လမ်းနှိုက်မြည်းပြီး ပြောင်းဖူးဖက်နှစ်လိပ်ကို ခါးကြားထဲထိုးခဲ့မှာပဲ ။ မတတ်နိုင်ဘူး. . . မရ ရတာယူရမှာပဲ ။
သခင်မလေးစု မီးဖွားပြီးရင်တော့ မတ်မတ်သော်တာတစ်ယောက် အိမ်ပြန်ပြီ ။ မွှေစရာရှိတာလည်း မွှေခဲ့ပြီ ။ နှောက်စရာရှိတာလည်း နှောက်ခဲ့ပြီ ။ လုပ်စရာတစ်ခုပဲရှိတော့တယ် ။ အိမ်က ဆိုင်းဘုတ်ကို ပြန်ပြင်ရေးရမယ် ။
မမသော်တာ
နန်းတွင်းလက်စွဲ ရွှေတိုက်စာရင်းဝင် ဝမ်းဆွဲသယ်
မှတ်ချက်
အိမ်ပင့်မလိုက်ပါ
မတ်မတ်သော်တို့ ချေလေဘီတမုံ့
ခွက်ဒစ်
သူနာပြုဆရာမကြီး မာမီ Aung HtikeMin ၏ ပြည်သူချစ်သော ဝမ်းဆွဲသယ်များစာအုပ်မှ ကောက်နှုတ်တင်ပြသည် ။
ခွက်ဒစ် တင်သူကိုတေဇာမောင်မောင်