မှိုရတဲ့နေ့
“ဆရာကြီး မှိုသွားတူးရအောင်”
ကျောင်းပိတ်ရက် ပက်လက်ကုလားထိုင်မှာ ထိုင်ပြီးတော့ စာဖတ်နေတဲ့ ကျွန်တော့်ကို တပည့်ကျော် လှအောင်က လာပြောတာ
မကြာသေးမီက ကိုတင်မြင့်နဲ့ မျောက်ပစ်လိုက်သွားပြီးကတည်းက တောထဲဆိုရင် ကြောက်နေတာ။
“လှအောင် မှိုတူးတာ သူများအသက် သတ်ရသေးလား”
“ဆရာကြီးရယ် မှိုက တောထဲမှာ အလေ့ကျပေါက်တာပါ။ ဘယ်သူ့အသက်ကို သတ်ရမှာလဲလို့”
“အေးပါကွာ ငါမှိုတူးတာ တစ်ခါမှ မတွေ့ဖူးဘူး သွားကြတာပေါ့”
လှအောင်က ပလိုင်းကြီးတစ်လုံးကို နဖူးကနေ ကျောမှာ သိုင်းထားတာ။ ခါးမှာကလည်း ဓားကောက်ကြီး ချိတ်လို့
“ဟေ့ … မင်း ဓားကြီးက”
“တောထဲသွားတာ ဓားနဲ့ လေးခွတော့ ပါရမှာပေါ့ဆရာကြီး”
“သြော် … အေးပါ … အေးပါ”
ကျွန်တော်တို့ ကျောင်းရဲ့နောက်ကျောက တောင်ကုန်းကို ဝင်လိုက်ရင် ဝါးတော။ ဝါးတောဆိုလို့ ဝါးပင် အကြီးကြီးတွေ မဟုတ်ပါဘူး။ ကျပ်လုံးလောက် ဝါးလေးတွေပေါက်နေတာ။ တောင်ကုန်းကဆင်းလိုက်ရင် ခင်ပန်းချောင်း။ ချောင်းကနေ တစ်ဖက်ကို တက်လိုက်ရင်တော့ မိမုန်းတောကြီးထဲရောက်တော့တာပဲ။
ကျွန်တော့်ရှေ့ကနေ လှအောင်က အသွက်လျှောက်နေတယ်။ ကျွန်တော်က သူ့ဆရာပဲ။ သူ့လောက်တော့ လိုက်နိုင်ပါတယ်ဆိုတဲ့သဘောနဲ့ ပြေးလိုက်နေရတယ်။ လှအောင်က ဓားအိမ်ထဲက ဓားကောက်ကြီးကို ထုတ်လိုက်ပြီးတော့ ရှေ့ကနေ ဝှေ့ယမ်းသွားတယ်။ သစ်ကိုင်းတွေ တိခနဲ ပြတ်ပြတ်ကျသွားတယ်။ သူတို့ တောမှာက ဓားကောက်ကြီးတွေဟာ သူတို့အသက်ပဲ။
လှအောင်က ချုံကို ဖြဲကြည့်လိုက်တယ်။ မှိုလေးတွေပါလား
“မှိုတွေလေကွာ ခူးရအောင်”
“ထားလိုက်စမ်းပါ ဆရာကြီးရာ … မက်လောက်စရာ မဟုတ်ပါဘူး”
သူပြောချင်တာက မှိုတွေ့ ပွင့်အာပြီးကြာလို့ နွမ်းသလိုလိုဖြစ်ပြီး ပေါက်ပြဲနေလို့ စိတ်မစားသလိုပြောတာ
“တော်တော်ကြီးကျယ်တဲ့ကောင် … အဲဒါ စားလို့ရတာပဲ မဟုတ်လား”
“လာပါ ဆရာကြီးရာ ရှေ့မှာ အများကြီးပါ”
လမ်းတစ်လျှောက် ဒီလိုပဲ တစ်ပွင့်တွေ့ နှစ်ပွင့်တွေ့။ အဲဒီကောင်က လှည့်ကို မကြည့်တော့ဘူး။ ကျွန်တော်တို့ စမ်းချောင်းလေးတစ်ခုထဲ ဆင်းလိုက်တယ်။ ရေကစပ်စပ်နဲ့ အေးစိမ့်နေတယ်။ စမ်းချောင်းအပေါ်မှာက ချုံပင်တွေက ပေါင်းမိုးကြီးတစ်ခုလို မိုးထားတယ်။
“ဆရာကြီး”
“ဟေလကွာ”
“သားတို့ ဒီချောင်းရိုးအတိုင်း ဖြတ်ရမယ်”
“ဖြတ်လေကွာ”
“ဒီအတိုင်း ဖြတ်လို့မရဘူး”
“ဘယ်လိုဖြတ်ရမှာလဲ”
“ဟိုမှာ ကြည့်လေဆရာကြီးရဲ့”
သူညွှန်ပြတဲ့နေရာက မှောင်တောင်တောင်။ သေသေချာချာကြည့်လိုက်မှ သစ်ကိုင်းတွေက အသက်ဝင် နေသလို လှုပ်ရှားနေပါလား။
“သစ်ကိုင်းတွေက လှုပ်နေတာလား”
“မဟုတ်ဘူး ဆရာကြီး အဲဒါ ကျွတ်တွေ”
သူကပြောပြောဆိုဆိုနဲ့ သစ်ကိုင်းတစ်ကိုင်းကို ချိုးပြီးတော့ ကျွတ်တစ်ကောင်ဆီကို ထိုးပေးလိုက်တယ်။ ကျွတ်က သစ်ကိုင်းပေါ်တက်လာတော့ သူက ကျွန်တော့်ရှေ့ကို ထိုးပြတယ်။ အလိုလေး နည်းတဲ့ ကောင်ကြီး တွေ မဟုတ်ဘူး။ မျှော့လောက်ရှိတယ်။ လန်းလန်း လန်းလန်းနဲ့။ အသည်းယားစရာ။ ရွာထဲမှာ တွေ့ဖူးတာက သေးသေးလေးတွေ
“မင်းဟာက ကျွတ်တွေရော ဟုတ်ရဲ့လားကွာ”
“လူ့သွေးနံ့ရလို့ ထွက်လာကြတာဆရာကြီး။ အဲဒါ ဒီအောက်ကို ဖြတ်လိုက်တာနဲ့ ခုန်ချပြီး ကိုက်တော့တာ”
“ဒါဆိုလည်းလှအောင်ရာ တခြားကိုသွားတာပေါ့”
“မဟုတ်ဘူးဆရာကြီး မှိုကျင်းက ဒီရိုးချောင်းရဲ့ အစွန်းမှာ ရှိနေတာ။ အဲဒါ သားပဲသိတယ်”
“ဟာ ဒါဆိုရင် ဘယ်လိုဖြတ်မလဲ”
“သားဖြတ်တဲ့အတိုင်းဖြတ်လေ” တဲ့
သူက ပုဆိုးလေးကို ခေါင်းလုံအောင်ခြုံလိုက်တယ်။ ပြီးတော့ စုကိုင်ပြီး တစ်ခါတည်း ရိုးချောင်းလေးအတိုင်း ပြေး တော့တာပဲ။ ဟိုးအစွန်းရောက်တော့ ပုဆိုးကို ချွတ်ချပြီး သူ့အပေါ်ခုန်ချတဲ့ ကျွတ်တွေကို ခါချနေတာ။
“ဆရာကြီး လာလေတဲ့”
အဲဒါမှအခက်။ ကိုယ့်မှာက သူ့လို ဘောင်းဘီ အောက်ခံမပါ။ ပုဆိုးကို အပေါ်စုကိုင်လိုက်ရင်။ ဟာ … မဖြစ်ပါဘူး
“လှအောင်ရေ … သွားတော့ … ဆရာ မလိုက်တော့ဘူး”
“လာပါဆရာကြီးရ ကြောက်နေတာလား”
တပည့်က ကြောက်နေသလားလို့ မေးလိုက်တာ မခံနိုင်ဘူး။ တို့ဆရာကြီးက ငကြောက်ကြီးလို့ ကျောင်းမှာ ပြန်ပြောရင် ဒုက္ခ။ ဘာဖြစ်ဖြစ် သွားရတော့မှာပဲ။
ပုဆိုးကို အပေါ်ခေါင်းလုံအောင်လုပ်။ အောက်ကိုလည်း မပေါ်အောင်ဆွဲထုတ်။ ကျွန်တော့်ပုံစံကို မြင်ကြည့်ကြ ပါတော့။ အထက်ဆွဲ၊ အောက်ဆန့်၊ အဲဒီအနေအထားမှာ ပြေးနေရတာ ကန့်လန့် ကန့်လန့်
“လာ … လာ ဆရာကြီး”
လှအောင်က ကျွန်တော့်အပေါ်ကို ခုန်ချတဲ့ ကျွတ်တွေကို ဓားကောက်ကြီးနဲ့ ခြစ်ချပေးနေတယ်။
“ဟူး … ဆိုးလိုက်တာကွာ”
“ကုန်ပါပြီဆရာကြီးရဲ့”
“သေချာရဲ့လားကွာ”
“သေချာပါတယ် … မရှိတော့ပါဘူး”
မရှိတော့ဘူးသာဆိုတယ်။ ယားကျိကျိနဲ့ သူ့နောက်က လိုက်လာရတော့တယ်။ ရိုးလေးကနေ ကျွန်းတောကြီးထဲ ဝင်လိုက်မိတယ်။ တောက အုံ့မှိုင်းနေတယ်။ မိုးတွေက ရွာထားပြီး နေလေး နှစ်ရက်လောက် ဆက်ပူ လိုက်တော့ မြေပေါ်က အရွက်တွေရဲ့ ပုပ်သိုးသိုးအနံ့တွေကိုလည်း ရနေတယ်။
လှအောင်က ချုံတစ်အုပ်ကို ဓားနဲ့ ခုတ်ပြီးရှင်းနေတယ်။ အဲဒီအချိန်မှာ
“ရှူး” ဆိုတဲ့ အသံကြီးကြားလိုက်ရတယ်။
“ဘာလဲကွ လှအောင်”
လှအောင်က ကျွန်တော့်ကို ရှေ့မတိုးဖို့ လက်ကို တားထားတယ်။
“ဝေါ” ဆိုတဲ့ အသံကြီးကို ကြားလိုက်ရပြီးတော့ လှအောင်က သူ့လက်ထဲက ဓားကောက်ကြီးနဲ့ အားကုန် လွှဲပေါက်လိုက်တယ်။
“ဘာလဲ … ဘာလဲ”
ကျွန်တော်က သူတိုးသွားတဲ့နောက်ကိုလိုက်ခဲ့တယ်။ မြွေတစ်ကောင်ပဲ။ သူပေါက်လိုက်တဲ့ ဓားက မြွေရဲ့ ခါးကို ဖောက်ပြီးတော့ အင်ပင်ကြီးရဲ့ အမြစ်ကြားမှာ စိုက်နေတယ်။ မြွေက လူးလွန့်နေတယ်။ လှအောင်က ဘေးက ကျောက်တုံးကို ယူပြီးတော့ မြွေခေါင်းကို ထုလိုက်တယ်။
“ဆရာကြီးရေ ပွတာပဲ။ ယုန်ထောင် ကြောင်မိ”
“မင်းဟာကလည်း မြွေမိတာပါကွ”
မြွေက ကျွန်တော့် လူကြီး လက်ဖျံလုံးလောက်ရှိတယ်။ လင်းမြွေကြီးပါ
“မင်းကွာ မြင်တတ်တယ်”
“သူက ကျွန်တော်တူးမယ့် မှိုကျင်းမှာ လာစောင့်နေတာလေ ဆရာကြီးရ။ နတ်ပေးတာပဲ။ ဒီကိုမလာခင် ရွာဦးမှာ နတ်ကန်တော့ခဲ့တာ မှန်နေပြီ”
လှအောင်က ချုံတွေကို ရှင်းလိုက်ချိန်မှာ ကျွန်တော့်တစ်သက် အဲဒီလောက်များတဲ့ မှိုကျင်းကို ခုမှတွေ့ဖူးတော့ တယ်။ အငုံလေးတွေ စီပြီးတော့ အပေါ်ကို ထိုးထောင်နေလိုက်တာ လှပါပေ့။ မှိုကျင်းက အနည်းဆုံး လက် တစ်ဝိုင်းစာလောက်ရှိမယ်။
ပျော်လိုက်တာ ဒီတစ်ခါ မှိုတွေကို ခူးရတာ ပျော်လိုက်တာများ။ ဒါကြောင့် မှိုတွေ့တဲ့ မျက်နှာလို့ ပြောတာနေမှာ။
ကျွန်တော်က မှိုတွေကို လှအောင်ယူလာတဲ့ ပလိုင်းထဲ ခူးထည့်ပေးနေတယ်။ လှအောင်ကတော့ မြွေကို အရေခွံတွေ ဆုတ်ပြီးတော့ အနားက အင်ဖက်နဲ့ထုပ်နေတယ်။
ကျွန်တော်တို့ အပြန်ကတော့ ကျွတ်တွေပေါတဲ့ချောင်းကို မဖြတ်တော့ဘူး။ ကျွန်းတောပေါ်ကနေ ပတ်ဆင်း လိုက်တာ ရွာလယ်ကွင်းတွေထဲ ပြန်ရောက်သွားတယ်။
အဲဒီညကတော့ လှအောင်ချက်ပေးတဲ့ မြွေသားနဲ့ ကျွန်တော့်လက်ရာ မှိုဟင်းတွေစားပြီးတော့ နောက်တစ်နေ့ အိပ်ရာက မနည်းထရတယ်။
ကျောင်းမှာ စာဝင်သင်တော့ ကလေးတွေက ရယ်ကျဲကျဲဖြစ်နေကြတယ်။
“ဟဲ့ကောင်တွေ ဘာဖြစ်နေကြတာလဲ မျက်နှာက မချိုမချဉ်”
“ဟီ ဟိ” တဲ့
“ဘာလဲကွ … စိန်မောင် ပြောစမ်း”
“ဟီး ဟီး ဆရာကြီး … လှအောင်က ဆရာကြီးက မနေ့က ရိုးချောင်းထဲမှာ ပြေးလိုက်တာ ဖင်ပြောင်ကြီးနဲ့လို့ လျှောက်ပြောတယ်”
“ဟာ … ခွေးမသား လှအောင် … မင်းက ငါ့ရှေ့ကနေပြီး ဘာဖြစ်လို့ ဖင်ပြောင်တယ် ပြောရတာလဲ”
“ဖင်လို့ပြောတာ တော်သေးသပေါ့ဆရာကြီးရာ” တဲ့
“ခွေးမသား”