ခေတ်ပျက်
စနေ၊ တနင်္ဂနွေ မြို့ထဲထွက်ရတာကောင်းတယ်။ ရုံးပိတ်ရက်ဆိုတော့ ကားကြောသိပ်မရှုပ်တော့ ကားပေါ်မှာ အချိန် မကုန်ဘူးပေါ့။
မနေ့က မြို့ထဲထွက်စရာ ကိစ္စတွေရှိလို့ ထွက်လာတယ်။ မနက်ကတည်းက ဘယ်ပြီးရင်ဘယ်၊ ဘယ်မှာ အချိန်ဘယ်လောက်ဆိုတာတွေကို ပိုပိုလိုလိုလေးတွေတွက်ပြီး အိမ်ကထွက်ခဲ့တယ်။
ပန်းဆိုးတန်းရောက်တယ်။ ချိန်းထားတဲ့ အချိန်အတိအကျပဲ။ မိတ်ဆွေတစ်ယောက်နဲ့တွေ့လို့ စာအုပ်ဆိုင်မှာပဲ ထိုင်ပြီးတော့ စကားပြောတယ်။ ချိန်းထားတာက ၁၂ နာရီ။ မိနစ် ၂၀ ထပ်ဆောင်းပေးလိုက်ရတယ်။ ချိန်းထားသူက ရောက်မလာပါဘူး။
စာအုပ်ဆိုင်မှာ စာအုပ်ကို အပ်ခဲ့တယ်။ လာယူရင် ပေးလိုက်ပါပေါ့။ ကျွန်တော် တစ်နေရာ ဆက်ရဦးမယ်။ ကျွန်တော်အမုန်းဆုံး အလုပ်ကို ပြောပါဆိုရင် အချိန်တိတိကျကျ မလိုက်နာတာရယ်၊ စောင့်ရတာရယ်။ ကျွန်တော် စိတ်မရှည်တတ်ပါဘူး။
ဘတ်စ်ကားပေါ်တက်ဖို့ ကားဂိတ်မရောက်ခင်ကတည်းက ပိုက်ဆံ ၂၀၀ တန်ကို ထုတ်ထားပြီး လက်ထဲကိုင် ထားတယ်။ အဲဒီလို ဘတ်စ်ကားစီးဖို့ အကြွေ ၂၀၀ ကို ကြိုပြီးတော့ စုဆောင်းထားတယ်။ ကားရပ်ပြီ။ ကားပေါ်တက်။ ပိုက်ဆံပုံးထဲကို သွားထည့်။ ထိုင်ခုံလွတ်မှာ နေရာယူ။ ဒရိုင်ဘာနောက်မှာ ခုံတစ်ခုံ လွတ်နေတော့ အတော်ပဲ။
ကားထွက်ခါနီးမှာ လူငယ်တစ်ယောက် ကျောပိုးအိတ်နဲ့ တက်လာတယ်။ လက်ထဲမှာလည်း ကျွတ်ကျွတ်အိတ် တစ်လုံးကိုင်လာတယ်။ လက်ကပါးစပ်ထဲထိုးသွင်းပြီး ဝါးနေတယ်။ အကြော်တွေ စားပြီး တက်လာတာ။ ပိုက်ဆံ မထည့်သေးဘူး။ ကျောပိုးအိတ်ကို ရှေ့ပစ်တယ်။ ဇစ်ကိုဖွင့်တယ်။ အတက်အဆင်းမှာ ကန့်လန့်ကြီး လုပ်နေတော့ ဒရိုင်ဘာက
“ညီလေး အထဲကိုအရင်ဝင်လိုက်လေ” တဲ့
ကျွန်တော့ရှေ့တည့်တည့်ရောက်လာတယ်။ လက်ကို ကားပေါ်က တန်းနဲ့လှမ်းပြီးတော့ သုတ်ဖို့လုပ်တယ်။ ကျွန်တော် အဲဒီလို ဆိုရင် အရမ်းစိတ်ပျက်တယ်။
“ဟေ့ … ဟေ့ နေဦး”
ကျွန်တော် လမ်းထွက်ရင် လိုလိုမယ်မယ် ကျွတ်ကျွတ်အိတ်တစ်လုံး၊ တစ်သျှူးအပို လွယ်အိတ်ဘေးမှာ ထည့်ထားတတ်တယ်။ ကောင်လေးကို လွယ်အိတ်ထဲက တစ်သျှူးထုတ်ပေးလိုက်တယ်။
ကောင်လေးက လက်သုတ်တယ်။ တစ်သျှူးကို အောက်ပစ်ချဖို့လုပ်တယ်
“ဟေ့ … ဟိုမှာ အမှိုက်ပုံး”
ပြောရပြန်ပြီ မကောင်းတော့ပါဘူး။
ကျောပိုးအိတ်ကိုဖွင့်တယ်။ ဟိုရှာ သည်ရှာလုပ်တယ်။ ပိုက်ဆံအိတ်ကို ထုတ်တယ်။ မွှေတယ်။ ထုတ်လိုက်တာက ၁၀၀၀ တန်။
ကားက တိရစ္ဆာန်ရုံရောက်တော့မယ်။ သူပိုက်ဆံ မထည့်ရသေးဘူး။ ၁၀၀၀ တန်ကိုင်ထားတော့ အကြွေစောင့်ရမယ်ဆိုတဲ့ သဘောပေါ့။ ကျွတ်ကျွတ်အိတ်ထဲက အကြော်တွေ ထုတ်စားနေပြန်တယ်။
၃ လမ်းမှတ်တိုင်ရောက်တော့ လူတွေ တက်လာ။ ဆီပေတဲ့ လက်နဲ့ ပိုက်ဆံကိုကိုင်။ တစ်ယောက်ချင်းဆီက ပိုက်ဆံကောက်။ လူ ၄ ယောက်ဆီက ကောက်ပြီးတော့ အနောက်ကိုထွက်သွား
အင်း … ကောင်းပါတယ်။ မမြင်ရလေ ပိုကောင်းလေ။
နေ့စဉ်ဘဝ မြင်တွေရတာတွေထဲက စဉ်းစားစရာ၊ ဆင်ခြင်စရာ၊ တွေးစရာတွေများပါတယ်။
“အသင့်ဖြစ်နေသူတွေနဲ့ စည်းကမ်းလိုက်နာသူတွေသာ ကိုယ့်ဘဝကို ကိုယ်ဖန်တီးနိုင်သူတွေကွ”
ဒီစကားကို ကျွန်တော် ၇ တန်းကျောင်းသားလောက်ကတည်း ရင်းနှီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆရာမက အဲဒီနေ့မှာ သင်ခန်းစာတစ်ခုကို ပုံပြောပြီး သင်ခဲ့လို့။
ကျွန်တော်တို့ခေတ်တွေက ပြည်သူ့နီတိတွေကို သင်လည်း သင်ရတယ်။ ဆရာတွေ ဆရာမတွေက ဘာသင်သင် တစ်ခုခုကို မြင်အောင်သင်တယ်။ ပြည်သူ့နီတိသဘောတရားတွေကို ပြောဆို ဆုံးမတယ်။ ကျူရှင် မသင်၊ ကျူရှင်မရှိတဲ့ခေတ်တွေဆိုတော့ တပည့်ကြောက်တဲ့ ဆရာ ဆရာမတွေ တစ်ယောက်မှ မရှိဘူး။ တပည့်က ချစ်ကြောက်ရိုသေတဲ့ ဆရာ ဆရာမတွေပဲရှိတယ်။ ကျွန်တော်တို့က အဲသည်လို ဆရာတွေ ဆရာမတွေ လက်ထဲမှာ ကြီးပြင်းခဲ့ရတာ။
“တစ်ချိန်ပြီးလို့ ကြားထဲမှာ ဆရာတွေက မဝင်သေးပဲ နားထားလိုက်တာဟာ မင်းတို့ ကစားဖို့ မဟုတ်ဘူးကွ။ နောက်တစ်ချိန်အတွက် အသင့်ဖြစ်နေအောင် အချိန်ပေးထားတာ”
အဲဒီတော့မှ ဆရာမက အသက်ချမ်းသာရာရပြီး ဘုရင်ဖြစ်သွားတဲ့ မောင်ပေါက်ကျိုင်းဇာတ်လမ်းကို ပြောပြ တယ်။ ဆောင်ပုဒ်လည်း မှတ်မိ၊ ဇာတ်လမ်းလည်း မှတ်မိ။ ဘယ်မေ့တော့မှာလဲ
သွားပါများ ခရီးရောက်
မေးပါများ စကားရ
မအိပ်မနေ အသက်ရှည်
ကျွန်တော်တို့ ငယ်စဉ်က “အသင့်ဖြစ်ခြင်း” (readiness) ကို ဆရာမက လက်တွေ့နဲ့ ထင်ဟပ်ပြီး အဲဒီလို ပြောပြ သင်ပြတာ
မျိုးဆက်တွေက အများကြီးကွာခြားသွားပါပြီ။ ကျွန်တော်တို့ကတော့ အလွန်ချစ်စရာကောင်းတဲ့ ဆရာတွေ ဆရာမတွေလက်ထဲကြီးပြင်းခဲ့ရတာကြောင့် ခုထိ သူတို့ပြောဆို ဆုံးမ သွန်သင်တာတွေကို သတိလည်းရ၊ လိုက်နာနိုင်အောင်လည်း ကြိုးစားနေနိုင်တယ်။ ကျွန်တော်တို့ ဆရာတွေ ဆရာမတွေက ကျွန်တော်တို့ကို ကျောင်းသားတွေလို ဆက်ဆံခဲ့တာမှ မဟုတ်တာ။ သားသမီးတွေလို ဆက်ဆံခဲ့တာလေ။ ဒါကြောင့် မိဘတွေ လည်း တစ်မျိုး ဆုံးမတယ်။ သူတို့ပြောတာ၊ ဆူတာ၊ ဆဲတာ၊ ရိုက်တာ ခုထိ ကြည်နူးကျေနပ်တယ်။
ခေတ်က ကွာသွားပြီလေ။
(ကျေးဇူးရှင် ဆရာမကြီး ဒေါ်ပြုံးဝင်းအား ဦးခိုက်လျက်ပါ)
တင်ညွန့်
photo : facebook
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit