ဇာတိရုပ်

in esteem •  7 years ago 

image

ဇာတိရုပ်

ရှေးတုန်းကပါ

မြေခွေးတစ်ကောင်က သူ့ဘဝကိုသူ အမြဲမကျေမနပ်ဖြစ်နေတာ

“ဟေ့ ခွေးချင်းအတူတူ မင်းတို့လို ခွေးတွေနဲ့ အရောင်အသွေးတူနေရတာကို မကြိုက်တာ”

မြေခွေးဆိုတော့ အညိုရောင်တွေများတာပဲ။ ဒီအုပ်စုကလည်း အညိုနဲ့ အညိုပေါင်းပြီး အညိုရောင်တွေပဲ ထွက်တာ ဘာဆန်းသလဲ။

ကိုယ့်ဘဝကိုယ် မကျေနပ်နေတဲ့ မြေခွေးက တစ်ညတော့ မဲနယ်အိုးထဲကျတယ်

မဲနယ်အိုးထဲ ယက်ကန် ယက်ကန် ပြန်လည်း မတက်နိုင်ဘူး။ မဲနယ်အိုးထဲ ကူးရင်းနဲ့ မောလာလို့ နှုတ်သီး လေးဖော်ပြီးနေရတယ်။ မိုးလင်းတော့ လူတွေရောက်လာပြီ။ သေချင်ယောင်ဆောင်နေရတယ်။ လွတ်လမ်းမှ မမြင်တာ။

“ဟဲ့ ခွေးတစ်ကောင် မဲနယ်အိုးထဲမှာ သေနေပါလား”

လူတွေက ဆွဲထုတ်မှ အပေါ်ကိုရောက်ပြီး ထွက်ပြေးနိုင်တယ်။
နေပူထဲလျှောက်ပြေးနေတဲ့မြေခွေးက ရေဆာလာပြီး ကန်ထဲရေသွားသောက်တယ်။ ကန်ထဲက အရိပ်ကို ကြည့်လိုက်ပြီး

“အလို … ဘယ်လိုကောင်လဲ”

ကန်ရေပြင်ထဲမှာ အပြာရောင်တောက်တောက် ကောင်တစ်ကောင်။ တောထဲမှာ ဘယ်ကောင်မှာမှ မရှိတဲ့ အရောင်အသွေးဖြစ်နေပါလား

image

“ဒါဟာ ပေါ့သေးသေးမဟုတ်ဘူး။ သမ္မာဒေဝ နတ်မြတ်နတ်ကောင်းတွေက ငါ့ကို သဗ္ဗောသဓမည်တဲ့ နတ်ရေစင်နဲ့ သွန်လောင်းလိုက်တာပဲ။ အလို ငါသည် နတ်ဘီလူးဖြစ်တော့သည်။ ယနေ့ကစပြီး ဤတောထဲတွင် အာဏာဖြင့် ရအောင်အုပ်ချုပ်အံ့။ အရောင်အသွေးပြောင်းတာကို အမြတ်ထုတ်အံ့”

အပြာရောင်မြေခွေး တောခန်းလှည့်လည်။ ထူးဆန်းတာကို ကိုးကွယ်ချင်တဲ့ သူတွေက နောက်က တစ်ကောက် ကောက်လိုက်။ နောက်လိုက် နောက်ပါတွေများလေ ထွင်လုံးတွေပိုလုပ်။ ရုပ်ပြစားချင်တဲ့ကောင်တွေက အထင်ကြီးအောင် လျှောက်ပြော

“အပြာရောင်နတ်မင်း လူ့ပြည်ဆင်းလာတာ သတ္တဝါအများကို ကယ်တင်ရန်သာ။ ပျက်လုရယ်နီး လောကကြီး ကယ်တင်ပေးတော်မူပါ”

သူ့ကိုယ်သူ နတ်ဘီလူးထင်နေတဲ့ မြေခွေး မာန်တက်နေတော့တာ
မြေခွေးအချင်းချင်းကတော့ သိသပေါ့။ ခွေးမျိုးက ခုမှ ပလ္လင်ပေါ်တက်ပြီး မာန်တက်နေတာ

မြေခွေးအိုကြီးတစ်ကောင်က

“ဒီကောင်ကို ပညာပေးဖို့လိုပြီ” တဲ့

တစ်တောလုံးကို ပြောထားတယ်။ လပြည့်ည အားလုံး ညီလာခံတက်စေ
လပြည့်ညမှာ မြေခွေးက ပလ္လင်ပေါ်တက်။ ဝိုင်းမြှောက်နေတဲ့ ကောင်တွေကလည်း

“အပြာရောင် နတ်ဘီလူး … ထူးခြားသဟေ့။ တောလုံးရယ်ညံ မာန်တစ်ခါထ၊ ခြေဆောင့်လိုက်ရင် ဘာဖြစ် သွားမယ်ထင်သလဲ။ ငါနဲ့ ငါသာ နှိုင်းစရာနတ်မင်း သဗ္ဗောသဓရေစင် သွန်းလောင်းခံရတဲ့ ဒီလောကရာဇာ မတူရင် မတုကြနဲ့”

အဲဒီအချိန်မှာ မြေခွေးအပေါင်းက ပလ္လင်ကိုဝိုင်းလာ သံပြိုင် အူလိုက်ကြတယ်

“ဝူး … ဝူး …ဝူး”

ပလ္လင်ပေါ်က ခွေးယောင်ယောင် စိတ်ကိုထိန်းနေရတယ်။

“ကဲ ဘာတဲ့ အမျိုးဂုဏ်ကိုပြရအောင် အူလိုက်ပါဦး”

“ဝူး … ဝူး …ဝူး”

ပလ္လင်ပေါ်က နတ်ဘီလူး ဘယ်လိုမှမနေနိုင်တော့ဘူး လမင်းကိုကြည့်ပြီး အားရပါးရကို အူချလိုက်တော့မှ စိတ်ထဲပေါ့သွားတော့တယ်။

“ဝူး … ဝူး …ဝူး”

ပလ္လင်ပေါ်တက်ပြီး သူ့ကိုယ်သူ နတ်ဘီလူးထင်နေတဲ့ကောင်ကို ဇာတိပေါ်စေချင်ရင် သူတို့မျိုးတူတွေကို စုပြီးတော့သာ အူခိုင်းလိုက်
ဇာတိဆိုတာ ဖုံးထားလို့ရတာမှမဟုတ်တာ။

“ဝူး … ဝူး …ဝူး”

ကြားပြီလား … နတ်ဘီလူးလို့ ထင်နေတုန်းလား

တင်ညွန့်

photo : google

image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!