ယုံလိုက်ပါ

in esteem •  6 years ago 

image

' နောင်တ ' တဲ့ ...
ကြားရတာနဲ့ သောကတွေပါ ခံစားရတယ်မလား ...
ကိုယ့်ချစ်ခြင်းမေတ္တာမှာ နောင်တကင်းချင်ပါတယ် ...
နံနက်မိုးသောက် အလင်းရောက် ...
သူ့စိတ်နိုးထချိန် ပထမဆုံးသတိရဖို့က ...
' ကိုယ် ' ဖြစ်ဖို့ထက် ...
အနန္တော အနန္တ ငါးပါးကို သူ အာရုံပြုဖြစ်တတ်ဖို့က ...
ကိုယ့်တာဝန်ဖြစ်လာတယ် ...

သူ့တစ်နေ့တာမှာ ...
' ကိုယ် ' က သူ့စိတ်နှလုံးကိုစိုးမိုးဖို့ထက် ...
သူ လောဘ ဒေါသ မောဟ မာန အတ္တ နည်း...
ကုသိုလ်စိတ်တွေဖြစ်နေဖို့က ...
ကိုယ့်ဆန္ဒဖြစ်လာတယ် ...

သူ့ညစဉ်အိပ်စက်ချိန်တိုင်း ...
' ကိုယ့် ' ကို သူအိမ်မက်ထဲမက်ဖို့ထက် ...
သူ စိတ်နှလုံးသားငြိမ်းအေးခြင်းနဲ့ သောကကင်းကင်း ...
နှစ်ခြိုက်စွာအိပ်ပျော်စေဖို့က ...
ကိုယ့်တောင့်တဆုံးအရာဖြစ်လာတယ် ...

သူ့ကောင်းမွန်တဲ့ စိတ်နှလုံးသားမှာ ...
' ကိုယ့် ' အတွက် သူလုပ်ပေးချင်တာတွေထက် ...
ပရဟိတစိတ်ပွားများ အများကောင်းကျိုး ... သူပိုရှေးရှု သူလုပ်ပေးဖို့က ...
ကိုယ်သူ့အတွက် ဖြည့်ဆည်းပေးဆပ်နိုင်သမျှ ဖြည့်ဆည်းပေးဆပ်ဖို့ဖြစ်လာတယ် ...

သူ့အသည်းနှလုံးမှာ ...
' ကိုယ့် ' ကိုတွယ်ငြိ ... သံယောဇဉ်ရစ်သထက်ရစ်ဖို့ထက် ...
' ကိုယ့် ' ပေါ်တွယ်တာမှုတွေသူဖြတ်နိုင် ...
သံသရာဝဋ်ဆင်းရဲမှ ကျွတ်လွတ်ရာ ...
သူ ကျင့်ကြံကြိုးစားအားထုတ်ဖို့က ...
ကိုယ်သူ့အတွက် ပါရမီဖြည့်ဖို့ဖြစ်လာတယ် ...

ကိုယ် စိန် ရွှေ ငွေ လည်းမလိုပါဘူး ...
ဘာကြီးဖြစ်ရမယ်လည်း မရည်မှန်းပါဘူး ...
ကိုယ့် အတ္တ နဲ့ မာန ပြာချ ...
ကိုယ့်ကိုယ်ကိုဆိုတာထက် ...
သူ့သံသရာအတွက် ကုသိုလ်ကောင်းမှုရိက္ခာတွေ သူကြိုးစားသယ်ယူနိုင်စေဖို့က ...
ကိုယ့်ရည်မှန်းချက် ...
ကိုယ့်ချစ်ခြင်းမေတ္တာဘဲဆိုပါရစေတော့ ...

ဤစိတ်ဆန္ဒအမှန်တိုင်တည် သစ္စာဆိုတယ် ...
သူ့အတွက် ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာရည်မှန်းချက်ပြည့် ...
သူလေး အေးချမ်း ...
သံသရာအတွက်ကုသိုလ်ကောင်းမှု ကောင်းကျိုးချမ်းသာရိက္ခာများ ...
သူလေးလေ သယ်ယူနိုင်ပါစေသား ...

image
ပိုင်ဆိုင်ခြင်း မပိုင်ဆိုင်ခြင်းတွေမရှိတဲ့ ...
ချစ်ခြင်းမေတ္တာသက်သက်မှာ ...
တွေ့ဆုံစဉ်မှာ ... အကောင်းဆုံးပေးဆပ်မယ် ...
တွေ့ဆုံခွင့်တွေမရလည်း ... ဝေးကနေ ... သူ ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာပို့မယ် ...

တွေ့ ဆုံ ကြုံ ကွဲမို့ ...
ဆုံစဉ်ခဏ ကြည်နူးကြ ...
တစ်ချိန် ကိုယ့်ဆီမှာ သူမပျော်တော့ရင် ... လက်လွှတ်မယ် ...
ကိုယ်အကောင်းဆုံး ပေးခဲ့ပြီးတာအတွက် ကျေနပ်မယ် ...
နောင်တကင်းစွာနဲ့ပေါ့ ...

မတွေ့ဆုံရဘဲ လက်လွှတ်ရတယ်ဆိုတာ ...
သိပ်ကို နူးညံ့သိမ်မွေ့နက်နဲခြင်းပေါ့ ...
ဘယ်လိုဖြစ်ဖြစ် ...
လက်လွှတ်ရမယ်ဆိုလည်း ...
ဝေးတစ်နေရာကနေ နေ့စဉ် ဆုတောင်းမေတ္တာပို့ ...
သူအေးချမ်းပါစေ ဆန္ဒပြု...
ကိုယ် ... တိတ်တဆိတ်လက်လွှတ်မယ် ...
နောင်တကင်းစွာနဲ့ပေါ့ ...

ပေးဆပ်ခြင်းက ... ရှုံးနိမ့်ခြင်းလား ?
ဟင့်အင်း ...
ပေးဆပ်ခြင်းက သူရော ကိုယ်ရော အေးချမ်းရခြင်း ...
ကိုယ့်အတွက်တော့ ...
ဆုံဆုံ ခွဲခွဲ ဘယ်လိုဖြစ်ဖြစ် ...
နောင်တကင်းစွာ မေတ္တာရှိမယ် ...
ကိုယ် ... မေတ္တာရှိခွင့်ရသ၍ချိန်ထိပေါ့ ...

#မယ်
#Maecoffee![image]

()

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!