ပြေးတွေးရေး

in esteem •  7 years ago 

image

ပြေးတွေးရေး

လူတိုင်းမှာအားနည်းချက်ရှိတယ်

ကျွန်တော့်အားနည်းချက်က စကားပြောရမှာ

ကျောင်းဆရာဘဝတုန်းက မဖြစ်ပါဘူး။ အငြိမ်းစားယူပြီး ရန်ကုန်ရောက်မှ ရလာတဲ့ရောဂါ

“ဖိုးတင်ညွန့် မတွေ့တာကြာပြီ တွေ့ရအောင်”

“ခုတွေ့နေပြီလေ”

“မဟုတ်ဘူးလေကွာ အေးအေးဆေးဆေး စကားလေးဘာလေး ပြောရအောင်”

“ခင်ဗျားဘဝက အေးဆေးပေးမယ့် ကျွန်တော့်ဘဝက မအေးဆေးဘူး။ ဆောရီးပဲ”

အဲဒါ ကျွန်တော်နဲ့ တွေ့တဲ့သူတိုင်း စိတ်ပျက်စေနိုင်တဲ့အကြောင်းပဲ။

ကျွန်တော့်ဘဝ မအေးဆေးဘူးဆိုတာ ဒီလိုပါ။

“ပြေး … တွေး … ရေး”

အဲဒါ ကျွန်တော့်တာဝန်သုံးပါးပဲ။ ဒီတာဝန်သုံးပါးကို စိတ်ပျက်စွာ လုပ်နေတာတော့မဟုတ်ပါဘူး။ နေ့စဉ် ပျော်ရွှင်စွာ လုပ်နေတာ။

လူတွေကြားထဲ ကိုယ်သွားချင်တဲ့ နေရာတစ်နေရာကို ရောက်အောင် နေ့တိုင်း ပြေး နေရတယ်။ လမ်းဖြတ်ကူးရင် ပြေးရတယ်။ ဘတ်စ်ကားနောက်ကို ပြေးလိုက်ရတယ်။ နေ့တိုင်း ပြေးနေရတာ ကိုက ဘဝတစ်ခု။ ကျန်းမာမှုကိုပြုစေတယ်ဆိုပြီး ပျော်ရွှင်စွာ လုပ်နေတာ။

တွေးဆိုတာကတော့ မြင်တာကိုတွေးတယ်။ ကြားတာကိုတွေးတယ်။ ဆက်စပ်တွေးတယ်။ ခြုံယူတွေးတယ်။ ခွဲခြမ်းစိတ်ဖြာတွေးတယ်။ တွေးနိုင်အောင် အချိန်တွေလုပြီး ဖတ်ရတယ်။ သွားလေရာ စာအုပ်ယူတယ်။ စောင့်ဆိုင်းရခြင်းဆိုတဲ့ ကိစ္စတွေနဲ့ ကြုံလာတိုင်းဖတ်တယ်။ ဘာကြောင့် ဖတ်သလဲ။ တွေးအားကောင်းအောင် ဖတ်တယ်။

image

ဒီခေတ်မှာ ဘော့ပင်နဲ့ ဖောင်တိန်ကို စွန့်ပစ်ခဲ့တာ နှစ်ပေါင်းကြာနေပြီ။ ရန်ကုန်ရောက်တဲ့တစ်သက်လောက် ရှိနေပြီ ဘော့ပင် ဖောင်တိန် မကိုင်တော့တာ။ ဒါကြောင့် ရေးဆိုတာထက် “ရိုက်” ဆိုတာ ပိုမှန်မယ်။ ဘာကြောင့်လဲဆိုတော့ ကွန်ပျူတာ ကီးဘုတ်ကနေ စာတွေ ရိုက်နေတာကိုး။

မိုးလင်း မိုးချုပ်သည့်တိုင် ကျွန်တော် ပြေး … တွေး … ရေးတယ်။ ဝါသနာအရလည်းပါတယ်။ ဝမ်းစာအတွက် လည်းပါတယ်။ အဲဒါကို ဒုက္ခလို့ ဘယ်တုန်းကမှလည်း မသတ်မှတ်ဘူး။ တွေးနေရရင် … ရေးနေရင် … ပြေးနေရရင် ပျော်တယ်။ လူ့ဘဝမှ ကိုယ်ရပ်တည်နေရတဲ့ အခိုက်အတန့် ကာလလေးမှာ ဒီလို ပြေး … တွေး … ရေး ခွင့်ရနေတာ နည်းတဲ့ ကုသိုလ်လား

ကျွန်တော်နဲ့ မကြုံဖူးသေးလို့ပါ။ အလွန်စိတ်ပျက်စရာကောင်းတဲ့ လူတစ်ယောက်ပါ။ ကိုယ်တွေးချင်ရာ တွေး၊ ငေးချင်ရာငေးပြီး လုပ်ချင်ရာ လုပ်နေတတ်သူပါ။ လွတ်လပ်ခြင်းကို မြတ်နိုးတော့ တစ်ယောက်ယောက်နဲ့ ထိုင်ပြီးတော့ သူတို့ပြောတာတွေ ထိုင်နားထောင်ပေးရမှာလည်း ကိုယ့်မှာ အချိန်မရှိ။

လမ်းမှာ မိတ်ဆွေတစ်ယောက်နဲ့တွေ့တယ်

“ကိုတင်ညွန့် ထမင်းစားပြီးပြီလား”

ကျွန်တော် အဲဒီလို လောကဝတ်တွေကို အရမ်းမုန်းတယ်။ မစားရသေးဘူးပြောရင် သူကျွေးမှာ မဟုတ်ဘူး။ စားပြီးပြီ ပြောလည်း သူဘာလုပ်မလဲ

“လက်ဖက်ရည်သောက်ရအောင်”

“ဖြတ်ထားတယ်”

“လာပါ စကားပြောရအောင်”

“ပြောစရာမရှိပါဘူးဗျာ … နောက်တော့တွေ့ကြတာပေါ့”

အမှန်တော့ အဲဒီအချိန်မှာ ကျွန်တော့်ခေါင်းထဲ Plot တစ်ခု ဝင်နေတာ။ အရေးကြီးတဲ့ အပိုင်းကို ရောက်ခါနီးမှာ စကားလာဖြတ်လို့ စိတ်တိုနေတာ။ ဒါပေမဲ့ သူ့ကို ပြုံးပြပြီး ထွက်ခဲ့ပါတယ်။

လမ်းဆက်လျှောက်တယ်

“လာစမ်း … လာစမ်း … စောစောက တွေးထားတာ ဘယ်ရောက် … လာစမ်း”

“တောက်”

ကျွန်တော် တောက်ခေါက်လိုက်မိတယ်။ စောစောက အတွေးတစ်ချက်က Climax ကိုရောက်နေပြီ။ ခုတော့

ကျွန်တော် မှတ်ဉာဏ်သိပ်မကောင်းပါ။ အရမ်းမေ့တတ်ပါတယ်။ ဒါကြောင့် တစ်ခုခုကို ဈာန်ဝင်နေချိန် ချရေး နိုင်ရင် အဆင်ပြေတယ်။ မမေ့စေချင်ရင် ပါးစပ်က သတိပြန်ရနိုင်တာတွေကို ရွတ်သွားရတယ်။ ရေး (ရိုက်) နိုင်တဲ့ နေရာရောက်ရင် ကမန်းကတန်း ချရိုက်ရတယ်။

အဲဒီလို Climax ကို တက်နေချိန်မှာ

“ကိုတင်ညွန့်” လို့ လာခေါ်လိုက်မှာကို အကြောက်ဆုံးပဲ

ဒါကြောင့်ထင်ပါတယ်။

ကျွန်တော့်မှာ မိတ်ဆွေမရှိပါ

မိတ်ဆွေမရှိသလို ရန်သူလည်း မရှိပါ

ကျွန်တော့်မှာ ဘာမှ မရှိပါ

I Who Have Nothing သီချင်းလေးကိုညည်းရင်း ဒီစာကို ရေးနေရတာ ပျော်လိုက်တာ။

တင်ညွန့်

photo : google

image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  
Loading...