" လေ ကန့်လန့်

in esteem •  7 years ago 

ကျွန်တော် လမ်းလျှောက်တဲ့အခါတိုင်း ကြုံရတဲ့အဖြစ်အပျက်တွေထဲမှာ စိတ်အညစ်ဆုံးနဲ့ စိတ်အပျက်ဆုံးကိစ္စကတော့ လေကန့်လန့်တိုက်တာ ခံရတာပါပဲ...။

လေပဲ သူတိုက်ချင်ရာ တိုက်မှာပေါ့
သူတိုက်ချင်သလို တိုက်မှာပေါ့
မှန်ပါတယ်
တောင်ပေါ်မှာလည်း တိုက်တယ်
မြေပြန့်မှာလည်း တိုက်တယ်
နွေမှာလည်း တိုက်တယ်
မိုးမှာလည်း တိုက်တယ်
ဆောင်းမှာလည်း တိုက်တယ်
နေ့မှာလည်း တိုက်တယ်
ညမှာလည်း တိုက်တယ်
ဘာဖြစ်လဲ တိုက်ပေါ့ ...။

ပြဿနာက ကျွန်တော် -

လမ်းလျှောက်နေတုန်း လေတိုက်တဲ့အခါ ရှေ့ကတိုက်ရင်လည်း အဆင်ပြေတယ်။ ကိုယ်သွားရင်းလာရင်း အရှိန်လွန်ပြီး ဟပ်ထိုးလဲကျသွားမှာစိုးလို့ ထိန်းပေးတယ်လို့တောင် ထင်လို့ရသေး။
နောက်ကတိုက်ရင်လည်း အဆင်ပြေတယ်။ ကိုယ်တောင် ဟုတ်တိပတ်တိ အားမစိုက်လိုက်ရဘဲ ရှေ့ကို ရောက်ရောက်သွားတော့ ကျေးဇူးတောင် တင်ရဦးမယ်...။

ပြောချင်တာ လာပါပြီ
လေ ကန့်လန့် ...။

ကျွန်တော် ဆံပင်ရှည်ထားတတ်တာ အားလုံးသိပါတယ်။ အနည်းဆုံး မရှည်ဘူးဆိုရင်တောင် မတိုဘူး။ ဒီဆံပင်ရှည်တဲ့ ကိစ္စရပ်အပေါ်မှာ အပြည့်အဝတာဝန်ရှိသူကတော့ ကျွန်တော့်အဖေပါ။ ကျွန်တော်ငယ်ငယ်ကတည်းက ဆံပင်ညှပ်ဖို့ ဆံသဆိုင်သွားတဲ့အခါတိုင်း ဆံပင်ညှပ်ဆရာက ဘယ်လိုညှပ်ပေးရမလဲ မေးပါတယ်။ ဆံပင်ညှပ်ဆရာက အဖေ့မိတ်ဆွေပါ။ အဲလိုမေးတိုင်း အဖေ အမြဲပြောတတ်တာက-
" ကြိုက်သလိုညှပ် - မတိုရင် ပြီးတာပဲ "

အဲလို မတိုရင်ပြီးတာပဲ နဲ့ ကျင့်သားရလာခဲ့တော့ ရလာတဲ့ရလဒ်က ဆံပင်တိုရင် မနေတတ်တော့တာပါပဲ။ ဆံပင်လေးများနည်းနည်းလောက် တိုသွားရင် သူများတွေအမြင်တော့ မသိဘူး။ ကိုယ့်ကိုကိုယ် မှန်ထဲပြန်ကြည့်ရတာကိုက ပြူးတူးတူး ကြောင်စီစီလေး။ သူငယ်ချင်းတစ်ချို့က အကြံပေးကြပါတယ်။ ဆံပင်အတိုညှပ်ဖို့။ မင်းမျက်နှာက ဆံပင်အတိုနဲ့ ပိုလိုက်တယ် ၊ ဆံပင်ရှည်နဲ့ဆို ကြည့်ရတာ ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့။ သူတို့အကြံပေးတာ ကျေးဇူးတင်ပါတယ်။ ခက်တာက ကျွန်တော်...။

ကျွန်တော်ဆိုတဲ့ ကျွန်တော်ကလည်း လိုက်တာထက် ကြိုက်တာကို ပိုစိတ်ဝင်စားတယ်။ လိုက်ဖို့ထက် ကြိုက်ဖို့ကိုပဲ အဓိက ထားတယ်။ သက်တမ်းတလျှောက် ကျွန်တော်ဝတ်ခဲ့သမျှ အဝတ်အစားအားလုံး (ရုံးယူနီဖောင်းကလွဲလို့) ကြိုက်လို့ ဝတ်ခဲ့တာတွေချည့်ပဲ။ လိုက်မယ်ထင်လို့ ဝတ်ခဲ့တာ တစ်ခုမှ မပါဘူး။
ယူထားတဲ့ မိန်းမတောင် ကြိုက်လို့ယူထားတာ။ အင်း ဒီမိန်းမနဲ့ ဆိုရင်တော့ လိုက်လျောညီထွေ ဖြစ်လိမ့်မယ် ၊ သင့်တော်လိမ့်မယ်လို့ စဉ်းစားတွေးခေါ် တွက်ချက်ပြီး ယူထားတာ မဟုတ်ဘူး။
ကြိုက်လို့ကို ယူထားတာ (ကြော်ငြာ)...။

ဆက်ပြောမယ်နော်။ တော်ကြာ မေ့သွားမှာစိုးလို့ ။
ကျွန်တော့်ဆံပင်က အလယ်မကျ ၊ ဘေးမကျ ခွဲထားတယ် ဆိုပေမယ့် ဘေးဖက် ပိုကျပါတယ်။ အဲဒီတော့ ခွဲပြီးချထားတဲ့ဖက်က ဆံပင်က ပိုရှည်တာပေါ့။
ဆိုတော့ကာ -
ခွဲထားတဲ့ဖက်က လေတိုက်ရင် အဆင်ပြေတယ်။ ဘာပြဿနာမှ မရှိဘူး။ ဒါပေမယ့် ခွဲထားတဲ့ဖက်ကို ဖြတ်ပြီး ကန့်လန့်တိုက်လာရင်တော့ တော်တော့်ကို အဆင်မပြေတော့တာ။ ကျွန်တော့်မှာ အဲလို ကန့်လန့်တိုက်လာပြီဆို လမ်းလျှောက်ရတာထက် မျက်မှာပေါ် ကျကျလာတဲ့ ဒီဆံပင်တွေကို သပ်သပ်တင်နေရတာ အလုပ်ပိုရှုပ်တာပေါ့။ မတင်လို့လည်း မရဘူးလေ။ သိတဲ့အတိုင်း ဆံပင်က ရှည်တော့ မျက်နှာပေါ်ဝဲ၊ နဖူးပေါ်ကျ၊ မျက်လုံးထဲဝင်နဲ့ အတော့်ကို အနေရခက်တာ။ ဘေးက ဖြတ်သွားဖြတ်လာတွေများတွေ့သွားရင် ဒီကောင် လမ်းလျှောက်တာ နည်းနည်း ၊ ခဏခဏ ဆံပင်သပ်တင်ပြီး ပဲများချင်တာများများဆိုပြီး ကိုယ့်ထမင်းကိုယ်စားပြီး သူများပြောတာ ခံရဦးမယ်။ ဟုတ်ဘူးလားဗျာ...။

အဲဒါကြောင့် ပြောတာပေါ့။ ကန့်လန့်တိုက်ပြီ ဆိုမှတော့ တစ်ခြားဟာတွေ မပြောနဲ့။
လေ,တောင် အဆင်မပြေပါဘူး လို့ .....။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!