သူက ငယ်ငယ်ကတည်းက အဖေအမေတွေ ဆုံးပါးသွားခဲ့သူ။ မောင်နှမလေးယောက်မှာ အငယ်ဆုံးပေါ့။ အဒေါ်နဲ့နေထိုင် ကြီးပြင်းလာရင်း ၁၆ နှစ်မှာ သူ့ထက် ၇ နှစ်ကြီးတဲ့ အမျိုးသားနဲ့ အိမ်ထောင်ကျတယ်။ ညားကာစကာလကတည်းက အမျိုးသားရဲ့ ညီညီမတွေကို အဲဒီပရလောက ကိစ္စတွေကို ပုံပြင်လို တကယ်လိုလိုတွေ ပြောပြလေ့ရှိတယ်။ သူကိုယ်တိုင် ယုံကြည်စွဲလမ်းမှု ရှိတယ်ပေါ့။ အိမ်ထောင်ကျပြီး ၄/၅ လလောက်အကြာ တစ်ညမှာတော့ ဘယ်သူနဲ့မှာ ဘာပြသနာမှ မရှိပါပဲ ညဘက် အပြင်ထွက်သွားပြီ တော်တော်နဲ ပြန်ရောက်မလာဘူး။ ဒါနဲ့ အိမ်သားတွေ လူခွဲပြီးလိုက်ရှာလိုက်တာ နောက်ဆုံးမှာ သူ့အမျိုးသားက ရွာစွန်( ဘယ်နားလဲ မသိတော့) တစ်နေရာမှာ ရပ်နေတာ တွေ့ပြီး ပြန်ခေါ်လာတယ်။ ယောကျားကို မမှတ်မိပဲ တစ်ခုခု ဝင်ပူးခံနေရသလို ဖြစ်နေတယ်။ ထူးဆန်းတဲ့ မျက်လုံးတွေနဲ့ကြည်ပြီး ပြန်လည်း ရန် လုပ်တယ်။ ဒါနဲ ဆူပူမာန်မဲ လူအားနဲ့ ချုပ်ပြီး အတင်း အိမ်ပြန် ဆွဲခေါ်လာခဲ့တယ်။ အသာတကြည်တော့ မဟုတ်ဘူး။ ရုန်းကန်အော်ဟစ်နေရင်း ဘာတွေမှန်းမသိတာတွေပြောရင်း ပြန်ပါလာတယ်။ အိမ်ရောက်တော့ နားလည်တယ်ထင်ရတဲ့ အဒေါ်ကြီးတစ်ယောက်က နှိပ်နယ်ပေးတယ်။ ရုန်းကန်ဆန့်ကျင်နေတဲ့ လက်တွေကိုတော့ ထိန်းခိုင်းထားရတာပေါ့။ နောက်တော့ ရုန်းနေတာတွေ လျော့ပြီး သတိမေ့နေရာက ပြန်ကောင်းလာသလို ဖြစ်တယ်။ ရေလေးဘာလေးတိုက်ပြီး ပုံမှန်ဖြစ်လာတော့မှ မေးကြည့်တယ်။ ဘာမှ မမှတ်မိဘူး။ အိမ်ကမထွက်သွားခင်က အချိန်လောက်အထိပဲ သိတယ်။ နောက်ပိုင်း အသိလွတ်သွားခဲ့ပုံပဲ။
။။။။
ဒီလိုနဲ့နောက်ထပ် အလားတူကိစ္စရပ်မျိုး ထပ်မဖြစ်တော့ပဲ နေလာရင်းသားသမီးလည်း သုံးယောက်ရတယ်။ အနှစ် ၂၀ လောက်ကြာပြီးချိန်မှာတော့ သမီးအကြီးမက အဝေးမှာ အိမ်ထောင်နဲ့ ကလေးနဲ့ဖြစ်နေချိန်၊ ယခင်က အရက်သေစာ သောက်စားတတ်တဲ့ ရန်မကြာခဏ ဖြစ်နေရတဲ့ အမျိုးသားက မသောက်မစားတော့ ရန်လည်းမဖြစ်တော့ပဲ သာယာတဲ့ အိမ်ထောင်ရေးဖြစ်လာခဲ့တယ်။
သို့သော်
နွေအကုန်မိုးအကူးကာလ တစ်ညနေမှာတော့ ကံကြမ္မာ မုန်တိုင်းဟာ ရိုင်းပြစွာ အသက်ဝင်တိုက်ခတ်လာတယ်။ ညနေစောစောကတည်းက တိုက်နေတဲ့ လေပြင်းဟာ ပိုမိုအားကောင်းလာပြီး တစ်ရွာလုံးကို ချိန်းခြောက် နေခဲ့ပါပြီ။ အဲဒီအချိန်မှာ လေတိုက်နေတဲ့အချိန် သူ့အိမ်အနောက်ဘက် ခြံအစပ်ကို ထွက်လာတာ တွေ့ရပါတယ်။ နောက်တော့ မှောင်လာပြီး မိုးတွေသဲ လေတွေထန်နဲ့ မုန်တိုင်းဟာ တစ်စတစ်စ အရှိန်ရလာပါတော့တယ်။ ဟုတ်ပါတယ်။ ၂၀၀၈ မေလ ၂ ရက်နေ့ပါပဲ။ သူ့အမျိုးသားလည်း လေတိုက်နေရင်းကြား အလုပ်ကနေ အိမ်အရောက် ပြန်ခဲ့ပါတယ်။ ပတ်ဝန်းကျင်ဟာ လေသံမိုးသံတွေနဲ့ ပြောင်းဆန်စပြုနေပါပြီ။ ပင်လယ်ရေကလည်း ရွာထဲကို စဝင်နေပြီပေါ့။ အိမ်ရောက်လို့ ဇနီးသည်ကိုမတွေ့ ခေါ်မကြားအော်မကြားနဲ့မို အိမ်အပြင် ခြံဝန်းထဲ ဓါတ်မီးထိုး လိုက်ရှာကြည့်ချိန် အိမ်အနောက်ဖက် ခြံစည်းရိုးအစပ်မှာ တွေ့လိုက်ရတာက လဲကျနေတဲ့ အုန်းပင်ကြီး၊ ပြီးတော့ဘေးမှာ သူ့ဇနီးက ပုံလျက်သား။ အမြန်သွားပွေ့လိုက်တော့ ဦးခေါင်းထိထားတယ်။ အသက်ရှူနေသေးတယ်။ မိုးတွေလေတွေကြား ရွာပေါ်တက်လာပြီဖြစ်တဲ့ ပင်လယ်ရေတွေ ဖြတ်ဆေးခန်းကိုရောက်ပေါ့။ ပိုဆိုးလာတဲ့ မုန်တိုင်းကြောင့် ဆရာဝန်အိမ်မှာပဲ စာင့်ကြည့်ရင်း သတိတော့ ပြန်မလည်တော့ပါဘူး။ မိုးလင်းတော့ မုန်တိုင်းစဲသွားပါပြီ။ သူ့ဇနီးသည်ကတော့ အားလုံးကိုထားရစ်ခဲ့ပါတယ်။
နာဂစ်ကြောင့် ရွာပေါ်မှာ အပျက်အစီးတွေများပေမယ့် လူအသေအပျောက်တော့ နှစ်ယောက် ရှိခဲ့ပါတယ်။ သူ့ဇနီးသည်အပါအဝင်ပေါ့။
ကိုယ့်အကိုရဲ့ဇနီးပါ။
အသားညိုညို မျက်ခုံးမျက်လုံး အားကောင်းကောင်းနဲ့ရုပ်ရည်ပြေပြစ်ချောမောသူပါ။ လူလောကကို ကျောခိုင်းခဲ့ချိန်မှာ အသက် ၃၆ နှစ်ပဲ ရှိပါသေးတယ်။
လေပြင်းနေမှန်းသိလျက် အိမ်မှာနေရင်းကနေ ဘယ်နှယ့်ကြောင့် အုန်းပင်လဲမယ့်ဆီ တည့်တည့်မတ်မတ်ထွက်သွားလိုက်တာလဲ။ အနှစ်နှစ်ဆယ်ကျော်က ဖြစ်ရပ်မျိုးထပ်ဖြစ်သွားတာလား။ ဘာတွေဘယ်လိုဆက်စပ်မှုရှိနေလဲ။ တိုက်ဆိုင်မှုလား။ အချိန်တန်လာလို့လား။
ဒီမေးခွန်းတွေကတော့ အဖြေမသိ ပဟေဠိ ဖြစ်နေဆဲပါပဲ။ ။