ဟေမန်အကုန်
ဂိမှာန်လရဲ့
နွေသို့အရောက် လယ်ယာသိမ်းရိတ်
စပါးကျီသိပ် အပြီးကာလ
တောင်သူအားရက် မိုးလေကင်းလွှတ်
ချိန်ကောင်းခါလ သမယ၌
ဘိုးဘွားမကျန် ဆွေမျိုးတစ်သိုလ်
လိုက်ထရပ်ကားနဲ့ ရွှေဘိုခရိုင်
ဝက်လက်အပိုင် ရွာမည်ခေါ်ဦး
တံတားဦးသို့ အလှူဖိတ်ကြား
အခေါ်ပါး၍ သွားကြလေ၏
ငွေတောင်အရောက် မောင်းတံဂိတ်၌
လမ်းဖြတ်သန်းခ ရှစ်ရာကျကို
ပေး၍တဖန် ဆက်ပြန်ခရီး
ပျော်ပျော်ကြီးပဲ သွားကြလေ၏
ချိန်ခါမိနစ် နှစ်ဆယ်ရွေ့မျှ
လက်ပံလှရောက် တံတားဖြတ်ကျော်
လမ်းဆုံပေါ်မှ ဘယ်သို့မှေးကွေ့
စဥ့်ကူးဆီမြန်း တစ်ဆင့်လှမ်း၏
လေးမိုင်ခရီး သွား၍ပြီးသော်
စဥ့်ကူးမည်ရ မြို့ရွှေဝမှ
ကြိုဆိုပါ၏ ဆိုင်းဘုတ်တွေ့၏
ဆိုင်ဘုတ်အကျော် လမ်းဘေးတော်၌
စားသောက်ဆိုင်တွင်း ထမင်းစားရင်း
တီးဆွဲရင်းနဲ့ ခရီးနား၏
ဗိုက်ဝပြီးသော် ခရီးရှေ့ဆက်
မြစ်ဧရာဖြတ် တည်လျှက်ရှိတည်
ရတနာသိင်္ဃ အမည်ရတဲ့
မြစ်ကူးတံတား မန်းတိုင်း၊စစ်ကိုင်း
နှစ်ပိုင်းခြားလျှက် စဥ့်အိုး၊ပန်းအိုး
မီးဖုတ်မြေအိုး ထုတ်လျှက်ရှိတဲ့
ကျောက်မြောင်းဘက်ကမ်း စစ်ကိုင်းတိုင်းမှ
ကြိုဆိုပါ၏ နှုတ်ခွန်းဆက်၏
ထိုဘက်ကမ်းမှ ရှေ့ဆက်သွားပြန်
စစ်ကိုင်းမြို့နှင့် ကချင်တိုင်းရဲ့
အပိုင်းသနား မြစ်ကြီးနားသို့
ဖောက်လုပ်ထားတည် ခရိုင်ချင်းဆက်
လမ်းဆုံထက်ဝယ် ဘယ့်သို့ချိးကွေ့
တစ်ဝက်နာရီ ကြာပြီးလေသော်
ညချိးလမ်းကွေ့. ဆက်၍ရွေ့သော်
ပျူတို့မြို့ဟောင်း တောလမ်းကြောင်းသို့
ဆက်ဆက်သွားပြန် ခရီးဖန်၏
အညာဒေသ ရှုခင်းလှနဲ့
ဖုန်တထောင်းထောင်း ကျောက်ဖြုန်းဖြုန်းလမ်း
ဝဲယာခြုံသော် ပဲစင်းငုံနဲ့
ဝက်ချေးမနှဲ မြက်ပင်ကဲ၏
ဆက်၍လားသော် ပျူတို့မြို့ရိုး
စည်းထိုးထားသော အုတ်ဘုတ်တိုင်နဲ့
ဟံလင်းမြို့ဟောင်း ကြိုဆိုကြောင်းကို
ဆိုင်းဘုတ်ကစ တွေ့မြင်ရ၏
ရေပူရေအေး စမ်းရေတွင်းတွေ
ဝင်ကြည့်ရှု့၍ ထိတွေ့ပြုကာ
ဗဟုသုတ ဆည်းကြဖြည့်ရင်း
ရွှေဂူကြီးခေါ် ဘုရားတော်အား
ဖူးမျှော်အားရ သပ္ပါယ်လှ၏
ထိုမှတကား ရှေ့ဆက်သွားသည်
မုဆိုးကြုံမည် ရွာကြီးလယ်မှ
ဘိုတဲရွာထိပ် ၀က်လက်ရွှေဘို
သွယ်၍ဖောက်ထား မူးချောင်းမအား
ရေနည်းနည်းနဲ့ ဆိုက်ဆိုက်တွေ့၏
ထိုမူးတံတား ဖြတ်ကူးဘယ်သို့
ခရီးဆက်သော် ရွှေဘိုခရိုင်
ဝက်လက်ပိုင်တဲ့ ထိုမူးဘေး၌
ဝဲယာလယ်ကွင်း ရိုးဖြတ်ခင်းနဲ့
တံတားဦးရွာ တည်ထားမသွေ
မလွဲပေပဲ အလှူပွဲသို့
ဆွေသိုလ်မျိုးပါ ရောက်ကြလေ၏
@mumushein
Photo from gallery
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!