ပျောက်ဆုံးတဲ့ ည
ပျောက်ဆုံးတဲ့ ညတွေကို ငါ ရှာခဲ့တယ်။ လက ပြူတစ်ပြူတစ်နဲ့၊ မထွက်ချင် ထွက်ချင်။ ကြယ်တွေကို ငါကြည့် တယ်။ ခါတိုင်းညလို မလင်းဘူး။ သူတို့ ပုန်းနေတယ်။ ထွက်လာခဲ့စမ်းပါလို့ ငါ ခေါ်တယ်။ သူတို့ မကြားဘူး။ လေအေးက ခပ်သွေ့သွေ့ တိုက်တယ်။
အကျီ င်္ကော်လန်စကို ဆွဲစေ့လိုက်တယ်။ အရှေ့ဘက် ရှမ်းရိုးမတော ကို မျှော်ကြည့်လိုက်တယ်။ တောင်တန်းရဲ့ အရိပ်ကိုပဲ တွေ့ရတယ်။ တောင်တန်းက ငြိမ်သက် ပြီး လဲလျောင်း နေတယ်။ ရှမ်းရိုးမရဲ့ အနားသတ်က အင်မတန် ရှည်လျားတာပဲ။
အနာဂတ်ကို တွေးမိတယ်။
အလုပ်တွေ အများကြီး ကျန်နေသေးတယ်။ အသေးအမွှားတွေနဲ့ အချိန်မကုန် ဖို့၊ သတိထားရအုံးမယ်။ လူ့လောကကို တိုက်စားစေတာ၊ အမှုန်အမွှားတွေဆိုတာ နားလည်လိုက်တယ်။ တောင်ထိပ်ဆီကို ရောက်ဖို့၊ တတ်နိုင်သမျှ အထုပ်အပိုး အတွယ်အနှောင်တွေကို ပစ်ချထားခဲ့ရမယ်။ ပစ်လည်း ပစ်ချထားခဲ့ပြီးပြီ။ ခရီးရှည်ရှည်ရောက်ဖို့တော့၊ အဖော်လိုတယ်။ အမြန်ရောက်ချင်ရင်၊ တစ်ယောက်တည်း သွား…. တဲ့။ ခရီးရှည် ရှည် လှမ်းမယ်ဆို၊ အဖော်နဲ့ သွား….. တဲ့။
ဒီနှစ်နွေက ၊ ငုဝါတွေ အပြိုင်ပွင့်တဲ့ နွေ။ စိန်ပန်းတွေလည်း လှတယ်။ ကျောင်းထဲက၊ ငုဝါတွေက ဝါလို့ ထိန်လို့။ စိန်ပန်းတွေကလည်း၊ နီလို့ ရဲလို့။
ထနောင်းကလည်း ဝါလို့ စိမ်းလို့။ ထနောင်း ခေါက်ရောင်က ကျနော့် နှလုံးသားကို စွဲညှိ့တယ်။ ကျောင်းဆီကို သွားတဲ့ ကတ္တရာလမ်းလေးက၊ သွေ့လို့ ချောက်လို့။ သူတို့ က ငြိမ်ငြိမ်သက်သက်ပဲ။ ဘော်တနီဌာန ရှေ့က ခုံတန်းလျားလေးတွေက ငြိမ်လို့ သက်လို့။
ဝါကျင့်ကျင့် ကျောင်းဆောင်ကြီးက၊ အတူ လျှောက်ခဲ့ဖူးတဲ့ ခြေလှမ်းတွေကို မှတ်တမ်းတင်ချင်သေးတယ်…. တဲ့။ ကိုယ့် ပခုံးကို မှီပြီး လျှောက်ခဲ့တဲ့ ခြေလှမ်းတွေကို ပုခုံးပိုင်ရှင်က ဘယ်လိုလုပ် မေ့မလဲ။ ခြေလှမ်းတွေ ယိုင် နဲ့ မသွားပါနဲ့။ အချစ်က မြို့ပြမှာ ပျော်နေပြီလေ။
လွမ်းဆွတ်ခြင်း၊ တမ်းတခြင်းကို လျစ်လျှူရှုပြီး စာကြည့်တိုက်ဘက် လျှောက်လာခဲ့တယ်။ ကုက္ကိုလ်ပင် အောက် က၊ ပျင်းတိပျင်းရွဲ ခွေအိပ်နေတဲ့ ရွှေညိုရောင်ခွေးလေးက ခေါင်းထောင်ကြည့်တယ်။ ခွေးချစ်တတ်တဲ့ အစ်မကြီး မပါဘူးလားလို့ သူက မေးနေသလို။ အာမယ်….. ကိုယ်ကပဲ ခွေးစကား တတ်သလိုလို။
ဓာတ်ပုံရိုက်ဖို့ ကင်မရာကို ထုတ်လိုက်တယ်။ ခွေးက ထထွက်သွားတယ်။ သူ ရှက်သွားတယ် နေမှာ။
စာကြည့်တိုက် နဘေး၊ ချုံထဲက …. ရှပ်ရှပ်ရှပ်ရှပ်နဲ့ အကောင်တစ်ကောင်ထွက်လာတယ်။ ကင်းလိပ်ရှောကောင်။
ကျနော့်တွေ့တော့ ကြောက်ပြီး တရပ်ကြမ်း ပြေးသွားတယ်။ ဒီကောင် ငါ့ကို မမှတ်မိဘူး နေမှာလို့ ထင်လိုက်မိတယ်။
ပြန်မအပ်ဖြစ်တဲ့ စာအုပ် တစ်အုပ်ကို လွယ်အိတ်ထဲက ဆွဲထုတ်လိုက်တယ်။ အဖုံးသားကို ကြည့်တယ်။ စာအုပ် အတွင်းသားမှာ ညှပ်ထားတဲ့ စွယ်တော်ရွက်ခြောက်ကို ရှာကြည့်တယ်။
လက်မှာ ပိုက်လာတဲ့ စာအုပ် ထူထူတွေ ကျနော့် လက်ထဲမှာ မရှိတော့ဘူး။
လမ်းထောင့်က၊ စောင့်နေစရာ လူမရှိတော့ဘူး။
MIN_THAYT
photo : google