မမေ့နိုင်သူ
ခြံထဲမှာဆင်းပြီးတော့ သတင်းစာဖတ်နေတဲ့ ကျွန်တော့်ကို ဘေးအိမ်က ဦးဘမူက
“ကျောင်းဆရာ … ညနေကျရင် အိမ်ကိုထမင်းစားကြွပါ” တဲ့
“ဘာကြောင့်များလဲ ဦးဘမူ”
“ဒီနေ့ သားလေးမွေးနေ့ပါ”
ကျွန်တော် သူတို့အိမ်မှာ သားဆိုသူကို တစ်ခါမှ ဝင်ထွက်တာ မတွေ့ပါဘူး။ ဦးဘမူ အိမ်ပြောင်းလာတာ မကြာ သေးဘူး။ သူတို့လင်မယားနှစ်ယောက်တည်းလို့ထင်ပါတယ်။ ကျွန်တော်ကလည်း သိပ်မစပ်စုတော့ မမေးဖြစ်ဘူး။ ကျွန်တော်နဲ့ ဦးဘမူ နှစ်ကြိမ်လောက်ပဲ တွေ့ဖူးသေးတာ။ သူက ကျွန်တော့်ထက် အသက်ကြီး မယ်ထင်ပါတယ်။ ကျွန်တော် အငြိမ်းစား ကျောင်းဆရာဆိုတာ သူ့ကို ပြောပြထားတော့ သူက ကျွန်တော့်ကို ကျောင်းဆရာတဲ့။
ညနေစောင်းတော့ စာရေးနေတဲ့ ကျွန်တော့်အိမ်တံခါးကို လာခေါက်တယ်။
“ကျောင်းဆရာ … ထမင်းစားမယ်လေ … ကျွန်တော့် ဇနီးကစောင့်နေတယ်”
“သြော် … ဟုတ်ကဲ့ ဦးဘမူ ကျွန်တော်က နည်းနည်းစောသေးတယ်ထင်လို့”
“ကျွန်တော်တို့က စောစောပဲ စားတတ်လို့ပါ”
“ရပါတယ် … ကျွန်တော်လာပြီ”
အိမ်ထဲဝင်လိုက်တော့ အမျိုးသမီးကြီးတစ်ယောက်ထိုင်နေတဲ့ လက်တွန်းလှည်းကို ကောင်မလေး တစ်ယောက်က အခန်းထဲကနေ တွန်းထုတ်လာတယ်။
“ကျောင်းဆရာ … ဒါ ကျွန်တော့်ဇနီး။ နောက်က ကျွန်တော်တို့ တူမလေး။ အဖော်ရအောင် တောကခေါ် ထားတာ”
“ဟုတ်ကဲ့ … ကျွန်တော် ဟိုဘက်အိမ်ကပါ”
“သိပြီးပါပြီရှင် … ကျွန်မ ပြတင်းပေါက်ကနေ ဆရာ့ကို အမြဲမြင်ပါတယ်။ မနက်တိုင်း ခြံထဲဆင်းပြီး သတင်းစာ ဖတ်နေတာ”
ကျွန်တော်က ထမင်းဝိုင်းမှာထိုင်လိုက်တယ်။ သူတို့ထမင်းဝိုင်းက စားပွဲကုလားထိုင်နဲ့ မဟုတ်ပါဘူး။ မြန်မာဆန်ဆန် ထမင်းဝိုင်းကြီးနဲ့ ပြင်ထားတာ။ ဟင်းတွေကစုံနေတာပဲ
ဦးဘမူက သူ့ဇနီးကို လက်တွန်းလှည်းပေါ်ကနေ ပွေ့ချပေးတယ်။ ကျွန်တော် သတိထားလိုက်မိတာက ခြေထောက်တွေ ပြတ်နေပုံပဲ။
ကျွန်တော့ဘေးမှာ ခင်းထားတဲ့ ထိုင်ဖုံလေးပေါ်ကို ဦးဘမူက အသာလေး ချပေးပြီးတော့ သူ့ဇနီး နဖူးလေးကို နမ်းလိုက်ပြီး
“ဆွီတီ … ငါးပြေမတွေ မစားရဘူးနော်” တဲ့
သူ့ဇနီးက ပြုံးပြလိုက်ပြီး ခေါင်းညိတ်ပြလိုက်တယ်
ကျွန်တော့်ရှေ့မှာ သူတို့ရဲ့ ပြုမူဆက်ဆံပုံတွေက ကြည်နူးဝမ်းသာစရာအလွန်ကောင်းတယ်။ ကိုယ့်ဘဝမှာ မကြုံဖူးလို့လည်း ဖြစ်နိုင်သလို ဒီအရွယ်ရောက်တဲ့အထိ ချစ်ချစ်ခင်ခင်နဲ့ နေနိုင်ကြတာ ပျော်စရာပေါ့။
ကောင်မလေးက ကျွန်တော့်ပန်းကန်ထဲ ထမင်းထည့်ပေးတယ်။ ပြီးတော့ ဦးဘမူနဲ့ သူ့ဇနီးပန်းကန်ထဲ ထည့် ပေးတယ်။
“ကျောင်းဆရာ ငါးပြေမစားရဲ့လား … မနက်ကဈေးထဲသွားတာ အကြီးကြီးတွေ တွေ့လို့”
“ဟုတ်ကဲ့စားပါတယ်”
ဦးဘမူက ကျွန်တော့် ပန်းကန်းထဲ ငါးတစ်ကောင် ထည့်ပေးပြီးတော့ သူ့ဇနီး ပန်းကန်ထဲကို ကြက်သားဟင်းတစ်တုံးထည့်ပေးတယ်။ သူ့ဇနီးကို ကြက်သား အရိုးပါထွင်ပေးပြီး အသားလေးတွေချည်း ပုံပေးပြီးမှ သူစစားတယ်။
“ဆရာ တစ်ယောက်တည်း နေတာလား”
“ဟုတ်ကဲ့ … ငါးပြေမက တော်တော်ဆူတာပဲ”
အမျိုးသမီးကြီးက
“တစ်ယောက်တည်းဆိုတော့ စာရေးသောက်ရေးခက်မှာပဲ”
“မခက်ပါဘူးဗျာ … ဒီလိုပဲပေါ့”
ကျွန်တော်က ဆက်ပြီးတော့ ထမင်းစားနေတော့ စကားပြတ်သွားတယ်။ ထမင်းစားပြီးတော့ ဧည့်ခန်းကို ရွှေ့ကြတယ်။ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်တည့်တည့်မှာ ဓာတ်ပုံတွေ ချိတ်ထားတယ်။ ဓာတ်ပုံတစ်ပုံထဲမှာ ဦးဘမူရယ် သူ့ဇနီးရယ် ကောင်လေးတစ်ယောက်ရယ်။ အဲဒီအချိန်က သူ့ဇနီးက မတ်တတ်ရပ်နိုင်တယ်။ ကောင်လေးက သားဖြစ်နိုင်တယ်။
“အဲဒါ သား ငယ်ငယ်တုန်းက ရိုက်ထားတာပေါ့”
ကျွန်တော့်ကို ဦးဘမူအမျိုးသမီးက ပြောလိုက်တာ
“သားကို မတွေ့ပါလား”
“သားက အမေရိကားမှာ”
“ဟိုဘက်ဘေးက ပုံက သားရဲ့ မိသားစုနဲ့တူတယ်”
“ဟုတ်တယ် … သားရဲ့အမျိုးသမီးနဲ့ မြေးလေးနှစ်ယောက်ပေါ့။ သိပ်ချစ်စရာကောင်းတယ်။ မြန်မာပြည်ကို တစ်ခါပဲ လာလည်ဖူးတယ်”
ကျွန်တော်က ဘာမှ စကားမဆက်တော့ပါဘူး။ ချပေးတဲ့ ပန်းသီးစိတ်လေးကို စားနေရင်းက စာအုပ်စင်ကို စိတ်ဝင်စားစွာနဲ့ သွားထကြည့်မိတယ်။
“ကျောင်းဆရာ … သဘောကျတာရှိရင် ယူဖတ်နိုင်ပါတယ်”
“ရပါတယ်ခင်ဗျာ ကျွန်တော်က စာအုပ်မြင်ရင် မနေနိုင်လို့ပါ”
“ထိုင်ပါဦးဗျ … ရောက်တုန်း စကားပြောပါဦး … ကျွန်တော့်မိန်းမက စကားပြောဖော်လိုချင်နေတာ”
ကျွန်တော်က ခုံမှာပြန်ထိုင်လိုက်ပြီးတော့
“အစ်မကြီး တစ်ခုလောက်မေးပါရစေ … စိတ်မဆိုးပါနဲ့ … ခြေထောက်တွေက”
“စိတ်ဆိုးစရာ မဟုတ်ပါဘူးဆရာရယ်။ ကိုဘမူ … ရှင်ပဲပြောပြလိုက်နော်”
ဦးဘမူပြောမှ သိလိုက်ရတာက သူတို့နယ်မှာနေတုန်း သားကို သူ့အမေက ကျောင်းသွားကြိုတဲ့တစ်နေ့ပေါ့။ သားက ကားလမ်းကိုဖြတ်အကူး ကားတစ်စီးက အရှိန်နဲ့မောင်းဝင်လာတယ်။ သားကို အပြေးလေးသွားပြီး တွန်းလိုက်ကာ အသက်ကယ်လိုက်နိုင်ပေမယ့် သူကတော့ ခြေထောက်တွေမလွတ်ဘဲ ကားကြိတ်ခံလိုက်ရပြီး ဖြတ်ပစ်လိုက်ရတယ်။
“ဆောရီးဗျာ … ကျွန်တော် စိတ်မကောင်းအောင် စပ်စုမိပြီနဲ့တူတယ်”
“ရပါတယ်ကျောင်းဆရာရယ်”
“သားက ပြန်မလာတော့ဘူးလား”
“သူက ဟိုနိုင်ငံသား ခံယူလိုက်ပြီလေ”
အဲဒီအချိန်မှာပဲ
“ကိုဘမူ ရှင်တို့စကားပြောကြ။ ကျွန်မ အခန်းထဲဝင်တော့မယ်။ ပုတီးစိပ်ချင်လို့ … ခွင့်ပြုနော်ဆရာ”
ကောင်မလေးက လှည်းလေးကို တွန်းလာတယ်။ ဦးဘမူက
“နေ … နေ … ငါပဲ ပို့လိုက်မယ်”
ဦးဘမူက သူ့ဇနီးကို ပွေ့ပြီးတော့ အိပ်ခန်းထဲ လိုက်ပို့တယ်။ ပြန်ထွက်လာပြီးတော့
“အဲဒီလိုပဲ သူ့သားအကြောင်း ပြောရင် မရတော့ဘူး။ အဲဒါ တစ်ညလုံး ငိုတော့မယ်”
“ကျွန်တော် တောင်းပန်ပါတယ်ဗျာ။ ကျွန်တော့်ကြောင့်”
“မဟုတ်ဘူး ကျောင်းဆရာ … ဒီနေ့က သားလေးမွေးနေ့။ မနက်က ဘုန်းကြီးကျောင်းကို ဆွမ်းပို့ပြီး ကုသိုလ် ကောင်းမှု လုပ်ပြီးပြီ။ ခုလည်း ကျောင်းဆရာကို ထမင်းဖိတ်ကျွေးရအောင်ဆိုတာ သူပဲပြောလို့။ သူ့သားကို သိပ် သတိရနေတာ”
“သူတို့က မလာကြဘူးလား”
“လာမယ်မထင်တော့ပါဘူးဗျာ … ဒီလိုပေါ့”
“ဦးဘမူက ဇနီးကို သိပ်ချစ်ပုံရတယ်”
“ကျောင်းဆရာ … ခုဆိုရင် ကျွန်တော်တို့ နှစ်ယောက်ပဲ ရှိတော့တာဗျ။ ဘယ်သူက လောကကြီးကနေ အရင်ဆုံး ထွက်သွားရမှန်း မသေချာဘူး။ မသေခင်ချစ် … သေရင် ပစ်လိုက်ရတော့မှာ။ ဒါကြောင့် ကျွန်တော်တို့ သားမရှိကတည်းက ချစ်ချစ်ခင်ခင်ပဲနေကြတယ်”
“သားက ရှိနေပါတယ်ဗျာ”
“အင်း … ကျွန်တော်တို့အတွက်ကတော့ သားမရှိတော့တာ ကြာပါပြီဗျာ”
ကျွန်တော် စိတ်ထဲလေးလံစွာနဲ့ ပြန်ခဲ့ပါတယ်။ ဘာပြောပြော ဦးဘမူကတော့ ကျွန်တော့်ကို ဇာတ်လမ်းတစ်ပုဒ် ပေးလိုက်ပါတယ်။
တင်ညွန့်
photo : facebook