ယုံကြည်မှုကို သစ္စာမပျက်ရ
ကျောက်မျက်ပညာသင်ပေးတဲ့ ဆရာတစ်ယောက်က ပြောဘူးတယ်...
ဒီပညာနဲ့ လုပ်စားတဲ့အခါ ကိုယ့်ကို ယုံယုံကြည်ကြည်နဲ့ အပ်နှံပြီး ဝယ်ယူချင်သူကိုဖြစ်စေ ရောင်းချင်သူကိုဖြစ် ဘယ်တော့မှ လုပ်မစားပါနဲ့တဲ့ ... ။ သူတို့က မသိလို့ နားမလည်လို့ ကိုယ့်ကို ယုံယုံကြည်ကြည် အပ်နှံတာ ..။ အဲဒါကို သူတို့ ဘာမှ မသိဘူး နားမလည်ဘူး ဆိုပြီး ဘယ်တော့မှ မဟုတ်တာ မမှန်တာ မပြောနဲ့ မလုပ်နဲ့တဲ့။
အကယ်၍ ကိုယ်က ကိုယ်ကျိုးကိုကြည့်ပြီး မဟုတ်တာ မမှန်တာ ပြောဆို လိုက်တယ် ဆိုပါတော့ ... ကိုယ်ဘာလုပ်လိုက်လဲ ဆိုတာ သူတို့ ဘယ်တော့မှ မသိပါဘူး ဆိုရင်တောင် ကိုယ်ကတော့ ကိုယ့်အကြောင်းကိုယ် သိသွားပြီ ။ ငါဟာ ငါ့ကိုအားကိုးပြီး ယုံကြည်မှု အပြည့်ထားတဲ့သူကို လုပ်စားလိုက်ပြီလို့ သိသွားပြီ။ အဲလိုလူဖြစ်သွားပြီဆိုရင် ဘယ်တော့မှ အောင်မြင်တဲ့သူ မဖြစ်တော့ဘူးတဲ့။
ကိုယ့်ဆီမှာ တပည့်လာခံတဲ့သူ အပေါ်မှာလည်း ဘယ်တော့မှ လုပ်မစားရဘူးတဲ့။ တစ်ကြိမ် လုပ်စားမိတာနဲ့ ငါဟာ တပည့်ကိုလုပ်စားထားတဲ့ ဆရာသမားယောင်ဆောင် ဆရာအတုကြီးပါလားလို့ စိတ်က မှတ်သွားပြီ။ ဘယ်တော့မှ မိမိကိုယ်ကိုယ် မကြည်ညိုတော့ဘူးတဲ့။
ဒီလိုလူဟာ ကိုယ့်အကြောင်းကိုယ် တွေးမိတိုင်း တမြေ့မြေ့နဲ့ ရင်ထဲမှာ လောင်နေတာကြောင့် ပညာ မရဲရင့်တော့ဘူးတဲ့။
သိပ်မှတ်သားစရာကောင်းတဲ့ စကားပါပဲနော်။
ဒီနေရာမှာ "ပညာရဲရင့် "ဆိုတဲ့စကားဟာ လှပရုံတင်မကဘူး .. သိပ်ပြီးတော့လည်း အသက်ဝင်တာပဲ။ သိပ်ပြီးတော့လည်း အားပါတဲ့ စကားလုံးလေးလည်း ဖြစ်တယ်နော်။
ပညာရဲရင့်နေတဲ့သူရဲ့ ပုံပန်းသဏန် သူရဲ့ပြောပုံဆိုပုံ သူ့ရဲ့တက်ကြွရွှင်လန်းနေပုံကို မျက်စိထဲမှာ ခံစားလို့ရတယ်။
ဒါနဲ့တပြိုင်နက်တည်း မရိုးသားမှုကြောင့် မရဲရင့်တော့တဲ့သူရဲ့ စိတ်ဓာတ်၊ လူသိခံရမှာ ကြောက်ရတဲ့ သူရဲ့အဖြစ် ၊ သူ့ကိုယ်သူရှုံချနေရလို့ မဝံ့မရဲဖြစ်နေတဲ့ သူ့အတွင်းစိတ်အခြေအနေ .. ကိုလည်း နည်းနည်းလေး ဉာဏ်ရှိတဲ့သူဆိုရင်တောင် လှမ်းမြင်ကြည့် လှမ်းခံစားကြည့်လို့ ရပါတယ်။
လူဟာ ကိုယ့်စိတ်ဓာတ်အမှားကြောင့် ကိုယ့်မှာ ညိုးငယ်မှု ဖြစ်ရပြီဆိုရင် ရဲရင့်မှုပါ ပျောက်သွားရပြီတဲ့နော်။ ဒီလိုလူဟာ ဉာဏ်လည်း တုံးသွားမှာပါပဲ။ ဒါ့ကြောင့် လောကီအောင်မြင်ရေးမှာ အဟန့်အတား ဖြစ်ရုံမက တရားရဖို့ အားထုတ်တဲ့နေရာမှာတောင် မိမိစိတ်က မိမိရဲ့အဟန့်အတား ဖြစ်စေပါတယ်တဲ့။
ဒါ့ပေမယ့် ပြစ်ချက်မကင်းတဲ့ လူသားတွေ ဖြစ်ကြတဲ့အတွက် သူသူကိုယ်ကိုယ် တစ်ခါမဟုတ် တစ်ခါ ဒီလိုအမှား လုပ်ဖူးကြမှာပါနော်။ မှားခဲ့တယ် ဆိုရင် ခုချိန်မှာ အရမ်းကြီး ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်မိပါစေနဲ့တော့နော်။ ကိုယ့်ကိုယ်ကိုယ်လည်း ခွင့်လွှတ်ပါ။ သိတဲ့အချိန် နားလည်တဲ့အချိန်က စပြီး ပြင်လို့ ရပါတယ်။ လူဆိုတာ ကိုယ့်အမှားကိုယ် သတ္တိရှိရှိ မြင်အောင်ကြည့်ပြီး သေသည်ထိ ပြင်သွားရတာပါနော်။ အလွန်ကြီး စိတ်ဖိစီး မနေပါနဲ့။
ကိုယ်မှားခဲ့တာကို အပြင်မှာ တောင်းပန်လို့ ရရင် တောင်းပန်လိုက်ပါ။ ပြန်ပေးလျော်လို့ ရတာ ဆိုရင် ပြန်ပေးလျော်လိုက်ပါ။
မရတော့ဘူး ဆိုရင်တော့ စိတ်ထဲကပဲ နှစ်နှစ်ကာကာစိတ်နဲ့ တောင်းပန်ပါ။ လေးနက်တဲ့စိတ်နဲ့ ဝန်ချပါ။ ဒီနေ့ကစပြီး သိပါပြီ နားလည်ပါပြီ ပြင်ပါပြီလို့ တည်ကြည်တဲ့စိတ်နဲ့ နှလုံးသွင်းပါ။
တရားအားထုတ်တော့မယ့် အချိန်တိုင်းလည်း ကိုယ်ကလည်း ခွင့်လွှတ်တယ် ကိုယ့်ကိုလည်း ခွင့်လွှတ်ကြဖို့ တည်တည်ကြည်ကြည်ပဲ တောင်းဆိုပါ။
တရားအားထုတ်နေတုန်း ဆိုရင်လည်း လုပ်ဖူးတဲ့ အမှားတွေ ပြန်ပေါ်လာတတ်တယ်။ ကိုယ့်အမှားတွေကိုလည်း စေ့စေ့မြင်အောင် ကြည့်လိုက်ပါ.. ခံစားမှုတွေ ပေါ်လာသမျှကိုလည်း သတိနဲ့ပဲ ကြည့်နေပါ .. ပြီးရင် ခွင့်လွှတ်ပါလို့ စိတ်ငြိမ်းငြိမ်းချမ်းချမ်းလေး ပြောပြီး အသာလေး လက်လွှတ်လိုက်ပါနော်။
ရှေ့ဆက်သွားရမယ့် ခရီးမှာ နောင်တတွေက ပိတ်ကာထားလို့ မဖြစ်ပါဘူး။
လူတစ်ယောက်မှာ
ပထမဆုံး လုပ်ရမှာ အမှားနည်းဖို့ ..
ဒုတိယ လုပ်ရမှာ ဒုက္ခနည်းဖို့ ..
တတိယ လုပ်ရမှာ ယုံကြည်မှုကို သစ္စာမပျက်ဖို့ပါ ...။
photo : facebook