နှလုံးသားလေးပြန်ရှင်သန်လာတဲ့အခါ.

in esteem •  7 years ago 

ဂုဏ် ဖွဲ့ ကို ဖွဲ့ ရဲ့အိမ် အထိ လိုက်ပို့ ပေးရပြန်သည်

ဖွဲ့ တို့ အိမ်လေးက တစ်ထပ်တိုက် လေး
ခြံ ဝင်းထဲမှာ ရောင်စုံနှင်းဆီ ပင် မျိုးစုံနှင့်
သစ်ခွ မျိုးစုံ ကို စိုက်ထား၍ အိမ်လေးမှာ
ပိုပြီးသာယာလှပ ၏

ဂုဏ် ကားလေး အိမ်ရှေ့ ပေါ်တီကို အောက်ရပ်လိုက်ရင်ဘဲ
အိမ် ထဲမှ အသက် ၅၀ ဝန်းကျင်ခန့်
လှပပြီး ကျက်သရေရှိတဲ့ ရုပ်ရည်နှင့်
အမျိုးသမီး ကြီးတစ်ဦး စိုးရိမ်တကြီး
ပြေးထွက်လာရင်း…
ကားပေါ်ကနေ မဆင်းသေးတဲ့
ဖွဲ့ ဘက်ကိုအမောတကောလာ၍

"အမလေး……သမီးလေးရယ်
မေမေစိတ်ပူလိုက်ရတာ .ဘာလုပ်ရမှန်းကိုမသိတော့ဘူး
သမီးလေးဘယ်သွားလဲ ..ဘာလို့ 
့မေမေ့ ကိုပြောမသွားလဲ သမီး ရယ် …
ဒီမှာ မေမေ ရဲစခန်း တောင်သွားတိုင်ထားဖို့ 
မနု က ၂၄ နာရီ မပြည့် ရင်ရဲစခန်း တိုင်မရဘူးဆိုလို့ 
မေမေ ထိုင်မရ ဖြစ်နေတာ … ရတီလေးတို့ ဆီဖုန်းဆက်မေးတော့လဲ သူတို့ ရေကစားထွက်ကြတာတဲ့
ပြောပါအုံးသမီးလေးရယ်..ဘယ်တွေ
လျှောက်သွားတာလဲ ……"

ဂုဏ် မျက်လုံးပါပြူးသွားသည်
ရဲစခန်း ပါတိုင်မယ်ဆိုတော့
ကြားထဲ က ကိုယ် ပါအမှုပတ်သွားနိုင်သည်လေ
သမီးကို စိုးရိမ်လွန်းနေသော ဒေါ်တေးမြတ်နိုး က
ဘာမှသတိမထားအား
မိခင်တစ်ယောက် က သားသမီးကို ဒီလောက်ထိ
စိုးရိမ်ပူပန်သလား
သူကြုံတွေ့ ခဲ့တာရော……

ဂုဏ် ခေါင်းကို အသာယမ်းလိုက်ပြီး
မျက်နှာလွှဲ လိုက်သည်

ဖွဲ့ သူမအတွက် စိုးရိမ်ပူပန် လွန်းနေသော မေမေ့ကို
ကြည့်ပြီး

"ဖွဲ့ ဘယ်မှလျှောက်မသွားပါဘူး
မေမေရယ်
ဖွဲ့ ခြေခေါက်လဲကျပြီး တအားနာလာလို့ 
ဒီက ကိုကို ကဆေးခန်းလိုက် ပို့ တာ…
မေမေ့ ကို စိတ်ပူအောင်လုပ်မိလို့ 
့ဖွဲ့ တောင်းပန်ပါတယ် မေမေ…
ခု ဖွဲ့ ကားပေါ်က ဆင်းပါရစေအုံးနော်
မေမေ …"

သမီး စကားကြောင့် ဒေါ်တေးမြတ်နိုး ခုမှ
သမီးလေး သူစိမ်းယောင်္ကျားလေးတစ်ဦးရဲ့
ကားပေါ်မှာ ဆိုတာ သတိထားမိသွားရပြီး
ရင်ထဲမှာ ပို၍ ပူလောင် ကာ
ဂုဏ့် ကို ဖြတ်ခနဲ့ ကြည့် မိသွားသည်
တော်တော်ချောမောခန့် ညားတဲ့ ရုပ် ရည်နဲ့
လူငယ်လေးဘဲ……
ဒေါ်တေးမြတ်နိုး တွေးမိရင်း
ရင်ထဲ မှာလဲ ဖော်ပြမတတ်အောင် ပူပင် သွားရသည်
နေပါအုံး…ခုဏက သမီးလေး ဒီသူငယ်ကို
ခေါ်လိုက်တာ ကိုကို တဲ့ …… ဘုရားရေ……

ဂုဏ် သည်လည်း သူ့ ကိုကြည့်ပြီး မျက်နှာမှာ ခံစားချက်အမျိုးမျိုးဖြစ်ပေါ် နေတဲ့
ဖွဲ့ မေမေ ကို

"ကျွန်တော်…ကောင်မလေး
ခြေထောက်တအားနာနေတာတွေ့ လို့ 
ကူညီတာပါ"

ဂုဏ် ဒီလိုပြောလာတော့

ဖွဲ့ ကလဲ

"ဟုတ်ပါတယ် မေမေ …ကိုကို က
ရတီ့ အကို ကိုကြီး ထွန်းတောက်ရဲ့
သူငယ်ချင်းပါ…"

ဒီတော့ မှ ဒေါ်တေးမြတ်နိုး
ပျာပျာသလဲ

"သမီး လေးကို အခုလို ကူညီတဲ့ အတွက်
အန်တီ ကျေးဇူးတင်ပါတယ်သား ရယ်.
သမီးလေးကို စိုးရိမ်လွန်းလို့ 
အန်တီ လူမှုရေး ခေါင်းပါးသလို
ဖြစ်သွားတဲ့ အတွက်
အန်တီ တောင်းပန်ပါတယ်ကွယ်…"

တောင်းပန်စကားပြောပြီး သား ဆိုတဲ့
ဖွဲ့ မေမေ ရဲ့ အသုံးအနှုန်း ကြောင့်
ဂုဏ် ရင်ထဲမှာ လှုပ်ခတ်သွားသည်

"ရပါတယ်…အန်တီ "

"အင်းး …ကွယ် အိမ်ထဲဝင်ပါအုံးလား…
လာသမီးလေး …မေမေ တွဲပေးမယ်
…အို … ဘုရားရေ .…သမီးလေး ခြေထောက်
ကျောက်ပတ်တီးပါပတ်ရပါလား…ဒီလောက်ထိဖြစ်သွားလား သမီးလေးရယ်"

ဂုဏ် ကားပေါ် မှဆင်းလိုက်ပြီး သမီးကို သည်းသည်းလှုပ်စိုးရိမ်နေသော
ဒေါ်တေးမြတ်နိုးကို ကြည့်ကာ…

"ဟုတ်တယ်…အန်တီ သူ ခြေမျက်စိရိုး
အက်သွားတယ်လို့ ဆရာဝန် ကပြောပါတယ်…
လာ…ချာတိတ် မင်းခြေထောက်က
ထောက်မရတော့ ငါ အိမ်ထဲ ထိ ပွေ့ သွားပေးမယ်"

ဂုဏ် ပြောလည်း ပြောကာ
ဖွဲ့ ကို စွေ့ခနဲ့ ပွေ့ချီလိုက်၍
ဖွဲ့ မေမေ မှာ မျက်လုံးလဲပြူး သွားရရင်း
အိမ် ထဲသို့ ကမန်းကတမ်း
ရှေ့ကဦးဆောင် ဝင်သွားရသည်

ဧည့် ခန်းထဲ ရောက်တော့

"ဒီမှာဘဲ ချလိုက်တော့ သား… မနုရေးး…
ဒီမှာ ဧည့်သည်အတွက် တစ်ခုခု လုပ်လာပါအုံး…
ထိုင်လေ …သား …သားကိုအားနာလိုက်တာကွယ်
သမီးလေးကြောင့် ခုလို အချိန်ကုန် ရတာ"

ဂုဏ် ဒေါ်တေးမြတ်နိုး ရဲ့ သားဆိုတဲ့ ခေါ်သံကို
ဘယ်လိုခံစား ရမှန်းမသိ

"ရပါတယ် အန်တီ …ကျွန်တော့် ဘိုးဘိုး ကို
သွားပြန်ကြို ရမှာမို့  မထိုင်တော့ ပါဘူးဗျာ
ကျွန်တော့် ကိုခွင့်ပြု ပါအုံး ဗျာ……"

ဂုဏ် ဖွဲ့ မေမေ ကိုနှုတ်ဆက်ကာ
ဖွဲ့ ကို လဲကြည့်လိုက်သည်
မယ်မင်းကြီးမ တော်တော်
ကျေးဇူးသိတတ်တယ် … ဟွန်း…
သူ့ ကိုကျေးဇူးတင်စကားတစ်ခွန်းတောင် မပြော
မျက်လုံးဝိုင်းလေးနဲ့ လူကိုကြည့် သည်မှာ
အသည်းယားစရာ………

"အင်း…အင်း … သား ကားကိုလဲဂရုစိုက်မောင်းနော်
သင်္ကြန် တွင်းဆိုတော့ ကားတွေက
ခပ်ရှုပ်ရှုပ် …သားရဲ့…သတိထား ရတယ်ကွယ်"

"ဟုတ်ကဲ့ … ခုလိုသတိပေးတာ… ကျေးဇူးတင်ပါတယ်အန်တီ…ကျွန်တော်သွားလိုက်ပါအုံးမယ်"


ဂုဏ် အိပ်ခန်း ပြတင်းပေါက်မှာရပ်ပြီး အပြင်ကိုငေးကြည့်နေမိသည်

နေ့ လည်က သူတွေ့ လိုက်ရတဲ့ ဖွဲ့ တို့ သားအမိ ရဲ့
နွေးထွေးလွန်းလှတဲ့ ပုံရိပ် အဓိက က ဖွဲ့ မေမေ ရယ်ပါ
သမီးကို စိုးရိမ်ပူပန်လွန်းလှပုံက ပတ်ဝန်းကျင် ကို
တောင် သတိမထားမိပါ
ဒါဆို သားဆိုရင်ရော သူမ ဒီလို စိတ်ပူမှာလား

ဂုဏ့် မေမေ ကရော

ဂုဏ် လွန်ခဲ့သော နှစ်၂၀ လောက် ကခါးသီးလွန်းသော
အဖြစ်အပျက်ကို ပြန်မြင်ရောင်လာသည်

အဲဒီ တုန်းက ဂုဏ် ၇ နှစ် အရွယ်ပါ
ဒါပေမဲ့ သူ အားလုံးကို မှတ်မိသည်

ဂုဏ် သိတတ်စ အရွယ်ကတည်းက မိခင်၏ ယုယကြင်နာခြင်းကို ရဖို့ မပြောနှင့်
သူ မေမေ့နား ကပ်သွား သည်နှင့်
သူ့ ကို မုန်းတီး သောမျက်ဝန်းနဲ့သာ ကြည့်တတ်သည်
မေမေ သည် တအိမ်လုံးကလူတွေကို လဲ စကားမပြောပါ
သူမနဲ့ ဘာမှမပတ်သက်သလို နေ၏
အကြောင်းရင်းကတော့ ဖေဖေ့ ကြောင့်သာ
ဖေဖေ က ချောမောလှပ သောမေမေ့ ကို
အဓမ္မ သိမ်းပိုက်ခဲ့ သည်တဲ့
မေမေ ကဆင်းရဲ ၍ ဘိုးဘိုးတို့ အိမ်မှာ
အိမ် အကူ မလေးလုပ်သည်
ဖေဖေ မေမေ့ ကိုတွေ့တော့ အဆင့်အတန်း ဆိုတာကို
သတိမရတော့သည်ထိ မေမေ့ ကို စွဲလန်း မြတ်နိုး ခဲ့ သည်
မေမေ့ ကိုလဲ အရိပ် တကြည့်ကြည့်
မေမေ့ မှာ ချစ်သူ ရှိသည်ဟု ဖေဖေ သိရတော့
ဖေဖေ စိုးရိမ် ပူပန်သွားရကာ မေမေ့ကို လက်လွှတ်ဆုံးရှုံးရမှာကြောက်၍
အဓမ္မသိမ်းပိုက်ခဲ့ သည်
မေမေ အစကတော့ ဘဝပျက်ခံပြီးဖေဖေ့ ကို
လက်မခံ ခဲ့ပါ..သူမ ချစ်သူသည်လဲ သူမဘယ်ဘဝရောက်ရောက် ဆက်ချစ်မည်တဲ့
ဒါပေမဲ့ ..မေမေ့ မှာ ကိုယ်ဝန်ရှိခဲ့တော့
ဘိုးဘိုး ကိုယ်တိုင် မေမေ့ ကိုတောင်းပန်၍ သူတို့ ၏မျိုးဆက်သွေး ကို မွေးခိုင်းသည်
မေမေ့ တို့ မိသားစု အပေါ်ရှိခဲ့သော ဘိုးဘိုး၏ကျေးဇူးကြောင့်
မေမေ ဂုဏ့်  ကို မွေးပေးဖို့ လက်ခံ ခဲ့ပါသည်
ဖေဖေ ကလဲ မေမေ့ရဲ့လိုက်လျောမှုကြောင့် အတိုင်းမသိဝမ်းသာကာ မေမေ့ ဆန္ဒ မှန်သမျှ လိုက်လျောပါ့မည်ဟု ကတိပေးခဲ့ သည်
ဒါပေမဲ့ …မေမေ့ ရဲ့ တောင်းဆိုမှုက
ဖေဖေ့ ကိုသာမက အာလုံးကို အံ့သြတုန်လှုပ်ခဲ့စေသည်

မေမေ့ တောင်းဆိုမှုက သူမကို ဖေဖေ လက်ဖျားနဲ့ တောင်မထိ ရသည့် ပြင်
ခလေး မွေးပြီးရင် ဒီအိမ်ကနေ
အပြီးထွက်သွားလိုကြောင်း
ခလေး၏ မိခင်နေရာတွင် သူမ၏ နာမည်ကို
လုံးဝထည့်ခွင့် မပေးနိုင်ကြောင်း သူမ ကို
မလိုက်လျောပါက
ဗိုက်ထဲက ခလေး ကိုနည်းအမျိုးမျိုးနဲ့
ဖျက်ချမည် ဖြစ်ကြောင်း
ကြောင့် ဘိုးဘိုး ကိုယ်တိုင် ကတိပေးပြီး
သူ့ ကိုမွေး စေခဲ့ သည်

သူ့ ကိုမွေးပြီး စိတ်ဖိစီးမှုကြောင့်
မေမေ့ ကျန်းမာရေး မကောင်း ခဲ့တာကို အခွင့်ကောင်းယူကာ
ဖေဖေ က မေမေ့ ကို အပြင် ထွက်မရအောင်
အစောင့် တွေနဲ့ စောင့်ကြည့် ခိုင်းခဲ့ ၍
မေမေ့ ၏ နာကျည်းမုန်းတီးမှု အားလုံးအပေါ်
ကျရောက်လာသည်
ဂုဏ့် ကြောင့် သူမ ဘဝ ဒီလို ဖြစ်ရသည်ဆိုကာ
ဂုဏ် ကို မေမေ အမုန်းဆုံးဖြစ်ခဲ့ သည်

အချိန် ရှိသရွေ့ မေမေ ထွက်ပေါက်ရှာသည်
နောက်ဆုံးတော့ မေမေ
ထွက်ပြေး လွှတ်မြောက်ခဲ့ ပါသည်
ဒါပေမဲ့ မေမေ စီးသွားသောကားမှာ
accident ဖြစ်ပြီး မေမေ အဲဒီနေရာမှာတင်
သေဆုံးခဲ့ သည်
ခါးသီးဖို့ အကောင်းဆုံးကတော့
မေမေ သူ၏ချစ်သူနှင့် အတူ သေဆုံးခဲ့ခြင်းပင်

ဖေဖေ သည်လဲ ကိုယ်ရော စိတ်ပါ အရုတ်ကြိုးပြတ်သေဆုံးခဲ့ ရပြီး
သူ့ ကို ရှိသည်ဟုတောင် မထင်ခဲ့
မိန်းမတစ်ယောက်ကြောင့် သွေးသားရင်းချာဖြစ်တဲ့
သူ့ ကို ထားခဲ့ပြီး နိုင်ငံခြား သို့ ထွက်သွားသည်မှာ
ယခု ချိန်ထိ ပါ

ဘိုးဘိုး ဦးပြည့်စုံ ရယ် ဘိုးဘိုး ၏ လူယုံတော်ကြီး
ဘဘ တိုးအောင် တို့ ရဲ့ လက်ထဲမှာ ပြည့် စုံစွာ
ကြီးပြင်း ခဲ့ ရပေမဲ့ သူ့ နှလုံးသားမှာ ဒဏ်ရာ များစွာနဲ့…

မိခင်စိတ် မရှိသော
ရက်စက် လွန်းသော မေမေ့  ကို သေသွားတာတောင်
ဂုဏ် မုန်းသည်
မိန်းမတွေ အားလုံးကိုလဲ မေမေနှင့် ထပ်တူ မုန်းသည်……

ဖွဲ့ ၏မေမေကိုတွေ့ လိုက်ရချိန် မှာတော့ ……


ဖွဲ့ သွားခဲ့ သော ဆေးခန်း မှာ

ဆရာဝန်တွေ ရော နပ်စ် တွေ ပါ
ဖွဲ့ တို့ အကြောင်းကို ပြောမဆုံးတော့

ဒေါက်တာ ရေပြင်ညီ နားနေခန်းထဲ ဝင်လာရင်း

"ဒီဆေးခန်း က ဆရာဝန် ရော နပ်စ် တွေပါ …
ဘာဖြစ် ကြတာလဲဗျ ..မနေ့ က လူနာ နဲ့ လူနာရှင်
အကြောင်း ပြောမဆုံးတော့ပါလား……အဟွန်း …
တော်တော်အံ့သြဖို့ ကောင်းနေပြီး "

"ဟုတ်တယ်…ဒေါက်တာ ရေးး. အံ့သြ ဖို့ ကောင်းတာမဟုတ်ဘူး ချစ်စရာ .အသည်းယားစရာရှင့်"

"ဘယ်လို……"

"ဟုတ်တယ်ကွ …မနေ့ က လူနာ နဲ့ လူနာရှင်က
ချောမော လှပတာလဲ ငေးကြည့် ရလောက်တယ်
ပြီးတော့ အဲဒီ ကိုလူချောက သူ့ ကောင်မလေးကို စိုးရိမ်နေတာကလဲ …ကိုယ် တို့ ဆရာဝန် တွေ ကုသရမှာတောင် တွန့် ဆုတ်ဆုတ် ဖြစ်ရတာကွ …
သူ့ ချစ်သူကို သည်းသည်းလှုပ်
ချစ်လိုက်တာ လွန်ရောကွာ……
ဆေးခန်းကလူတွေတောင်သတိ ထားမိကုန်တဲ့ အထိ
ချောမောလှပပြီး သိပ်လိုက်တဲ့စုံတွဲ ကွ……
တော်သေးတာပေါ့ …မမမော် က သူ့ ကို အပြင်ထွက်ခိုင်းလိုက်လို့ …မဟုတ်လို့ ကတော့
ကောင်မလေးကို ဘယ်လိုကုသ ကိုင်တွယ်ရမှန်း သိတော့ မှာမဟုတ်ဘူး…… အဟွန်း … ဟွန်း………"

ဒေါက်တာ ရေပြင်ညီ မျက်ခုံးအစုံ ပင့်တက်သွားပြီး

"ဒီလောက်ထိ တောင်လား ကို ကျော် "

ရေပြင်ညီ က မေးတော့

နပ်စ်မ မော်မော်ခင် က

" ဟုတ်ပါ့ ရှင်းး……ဒါနဲ့ တို့ ဆေးခန်းက ဒေါက်တာရွှေမင်သားလေးကကော .
အဲဒီလို …သည်းသည်းလှုပ် ချစ်ရတဲ့ ချစ်သူကို
ဘယ်တော့ ရှာမှာလဲရှင့် …တို့ ဆေးခန်းလေးက
ခုဆို…model show လျှောက်တဲ့ ခန်းမ
ကျနေတာဘဲ ...ကိုညီ့  ဂျူတီချိန် ရောက်တာနဲ့
ကောင်မလေးတွေကလဲ ပုံစံ အမျိုးမျိုးနဲ့
လူနာဖြစ်သွားတာ လေ…"

"ဟာဗျာ……မမော် တို့ တော့ …ပြောရော့မယ်
ပြောရင်းနဲ့ ဒီဘူတာ စိုက်လာပြန်ပြီး"

"အဟင်း……မဟုတ်လို့ လား"

"ဟာ…တော်ပြီးဗျာ …"

"ဟား……ဟား…သွား မစနဲ့ မမော် ရေးး……တို့ ဒေါက်တာလေး ရှက်ပြီး မျက်နှာ ရဲလာရင်
ကောင်မလေး တွေ ပိုရင်ခုန်ရလို့ နှလုံးရောဂါ
လူနာတွေ ပိုတိုးလာအုံးမယ်…ဟား … ဟား … ဟား"

"ဟာ…ကိုကျော် …တော်ပြီးဗျာ ကျွန်တော် ဂျူတီဝင်တော့မယ်"

ညီပြောလဲ ပြော နားနေခန်းထဲ မှ မြန်မြန်ထွက်ခဲ့သည်
ဒါတောင်
နောက်က ဒေါက်တာကျော်စွာ စဖြစ်အောင် စလိုက်သေးသည်

"အင်း…အင်း …… ကောင်မလေးတွေကို
သေချာကုပေးနော် နှလုံးရောဂါ မဖြစ်အောင်……ကြားလား
ဒေါက်တာ ရွှေမင်သား…ဟား …ဟား"

ဒေါက်တာ ရေပြင်ညီ သည် ရုပ်ရည်ချောမော သလောက်ဖော်ရွေသည် သူ၏ မျက်နှာမှာ အမြဲတမ်းနူးညံ့ချောမွေ့သောအပြုံးများနှင့် 
သူတစ်ပါးကို လဲ ရိုင်းပင်းကူညီသည်
လူနာများကို လဲ စေတနာ မေတ္တာ အပြည့် နဲ့ ကုသပေးသည်
ဒါပေမဲ့ …ခက်သည်က ချစ်သူ ရည်စား ရှာဖို့ မပြောနှင့်
မိန်းကလေးတွေကို သူ၏ဆေးစာအုပ်လောက်တောင် စိတ်ဝင်စားသူမဟုတ်သောအခါ…… image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!