လူနေမှုပုံစံပြောင်းလဲလာသည်နှင့်အမျှ ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားမှုသည် လည်းများပြားလာတာကို တွေ့ရပါတယ်။ ဆေးဝါးကုထုံးများနှင့်ကုသ၍ ရသည်ဟု ဆိုသော်လည်း မိမိစားသုံးသော အစာအာဟာရကို မထိန်းသိမ်းလျှင် ရောဂါကို ထိန်းချုပ်မှုရရှိနိုင်မည်မဟုတ်ပါ။
ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အစာအာဟာရနှင့် သွေးချိုဓာတ်ထိန်း ခြင်းသည် မဖြစ်မနေလိုက်နာရမည့်ကုထုံးဖြစ်ပါသည်။ ဆီးချို၊သွေးချိုဝေဒနာရှင် များစားသုံးရမည့် အစားအစာဟူ၍ သီးသန့်မရှိဘဲ ပုံမှန်စားသုံးသော အစားအစာများ ကိုမှန်ကန်သော အချိုးအဆနှင့် စားသုံးရမှာဖြစ်ပါတယ်။ အစာအာဟာရကုထုံး၊ ဆေးဝါးကုထုံးနှင့် ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း များကို ပြုလုပ်ပေးပါက ဆီးချို၊ သွေးချိုရောဂါကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်မည် ဖြစ်ပါသည်။
၁။ နံနက်စာ၊ နေ့လည်စာနှင့် ညစာများကို ပုံမှန်စားနေကျအချိန်သတ်မှတ်၍ စားသုံးပါ။
၂။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သော အစားအစာများကို အမြောက်အများ စားသုံးပါ။ (ဥပမာ ။ ။ ဆန်လုံးညို၊ ပေါင်မုန့်ညို၊ ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ အသီးအနှံအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အခွံမာသီးအမျိုးမျိုး။)
၃။ ရေကိုသာအဓိက သောက်သုံးပေးပါ။ ကော်ဖီစေ့ကို ကြိတ်ဖျော်ထားသော ကော်ဖီ၊ ရေနွေးကြမ်း၊ green tea တို့ကိုလည်း သောက်သုံးနိုင်ပါတယ်။ သို့သော် ကော်ဖီမစ်နှင့် လက်ဖက်ရည်တို့ကိုတော့ ရှောင်ကြဉ်ပါ။
၎။ ကစီဓာတ်ပါသော အစားအစာများကိုတော့ အသင့်အတင့်သာ စားသုံးပါ။
(ဥပမာ။ ။ ဆန်၊ ဂျုံ၊ ပြောင်း၊ ကန်စွန်းဥ၊ ပိန်းဥ၊ ပလောပီနံဥ၊ ပဲမြစ်၊ အာတာလွတ်ဥ)
၅။ အသားအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ငါး၊ ပုဇွန်၊ အဆီထုတ်ထားသော နို့နှင့် နို့ထွက် ပစ္စည်းများကိုလည်း အသင့်အတင့်သာစားသုံးပါ။
၆။ သံလွင်ဆီ၊ နှမ်းဆီ၊ ပဲဆီ၊ ဟင်းသီးဟင်းရွက်ဆီ စသည့် ဆီအမျိုးမျိုးကိုတော့ အနည်းငယ်သာ စားသုံးပါ။
၇။ အချို့မှုန့်၊ ချိုသောမုန့်ပဲသရေစာအမျိုးမျိုး၊ နို့ဆီ၊ နို့မှုန်(Creamer)၊ သကြား၊ ကြံသကာ၊ ထန်းလျက်၊ အချိုရည်အမျိုးမျိုး၊ ကြာရှည်ခံအောင် ပြုလုပ်ထားသော အစားအစာများ (စည်သွပ်ဘူး၊ ဝက်အူချောင်း၊ ကြက်အူချောင်း) စသည်တို့ကိုတော့ လုံးဝရှောင်ကြဉ်ပါ။
၈။ ဆီးချို၊ သွေးချို ဝေဒနာရှင်များသည် Plate Model ပုံစံဖြင့် စားသုံးသင့်ပါသည်။
ပန်းကန်ပြားတစ်ချပ်ကို အလယ်တိတိကနေပိုင်း၍ မြင်ကြည့်ပါ။
တစ်ဝက်ကို ဟင်းသီးဟင်းရွက် အမျိုးမျိုး ချက်ပြုတ်၍ထည့်ပါ။
ကျန်တစ်ဝက်ကို ၂ပိုင်းခွဲလိုက်ပါ။
၁ပိုင်းကို ဆန်၊ ဂျုံ၊ ပြောင်းအစရှိသည့် အစားအစာများကို ထည့်ပါ။
ကျန် ၁ပိုင်းကို အသား၊ ငါး၊ ဥ၊ ပုဇွန် အစရှိသည့်တို့ကိုထည့်ပါ။
မှန်ကန်သော အစာအာဟာရကို သင့်တင့်မျှတစွာ စားသုံးခြင်းသည် ဆီးချိုသွေးချိုရောဂါအတွက် အလွန် အရေးကြီးပါသည်။ ရှောင်ကြဉ်ရမည့် အစားအစာ များကို လုံးဝ ရှောင်ကြဉ်ပါ။ ဆေးမှန်မှန်သောက်ပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ ဆီးချို၊ သွေးချိုကို ပုံမှန်သောက်ပါ။ ရလဒ်များကို မှတ်သားထားပါ။
ဒေါက်တာထွန်း
JMO – DOC
ဆီးချို၊ သွေးချိုဝေဒနာရှင်များအတွက် အစာအာဟာရ