သမီးလေးပြောသည့်ပုံပြင်
ကျွန်တော့်သမီးလေးက ပုံပြင်အရမ်းကြိုက်သည်။ သူ့ကို ပုံပြင်လေးတွေ ပြောပြရန်အတွက် ကျွန်တော်က အင်တာနက်ထဲတွင် ပုံပြင်တွေ ကြိုဖတ်ရသည်။ အိပ်ရာဝင်ချိန်လည်း သူ့ကို ပုံပြောရသည်။ ကျောင်းပို့လည်း လမ်းတွင် ကားထဲ၌ ပုံပြောသွားရသည်။ ကျောင်းပြန်ကြိုလာလည်း သူ့ကို ပုံပြောရသည်။
သမီးလေးက နတ်သမီး ပုံပြင်လေးတွေ အရမ်းကြိုက်သည်။
“ဖေဖေ … ဒီနေ့တော့ သမီး ကပုံပြောမယ် … ဖေဖေကနားထောင်”
“ဟေ အဆန်းကြီးပါလား … ပြောဗျား … ဖေဖေ နားထောင်မယ်”
“ဟိုး … ရှေးရှေးတုန်းကတဲ့ …”
ကျွန်တော်က သမီးလေး ပုံပြောသည်ကို ကားမောင်းရင်း ကြည်နူးစွာ နားထောင်နေမိသည်။ သမီးက အတွေးကောင်းသည်။ စိတ်ကူးကောင်းသည်။ ကျွန်တော် သူ့ကို ပြောပြထားသည့် ပုံပြင်တွေထဲက သူဖြစ်ချင် သူလိုချင်သည့် အပိုင်းလေးတွေကို ထုတ်ပြီး သူ့ဇာတ်လမ်း သူလုပ်ပစ်သည်။
ကျွန်တော်က ကားကို ထိန်းမောင်းလာသည်။ မိုးတွေရွာထားသောကြောင့် လမ်းတွေက ချောနေသည်။ ထိုစဉ် ကားတစ်စီးက အတင်းလမ်းတောင်းသည်။ ကျွန်တော်ကလည်း လမ်းဘေးချရပ်ပေးလိုက်ရာ အပြင်း မောင်းထွက်သွားသည်။
ကျွန်တော့်ကို ကျော်တက်သွားသည့်ကားသည် နောက်ထပ်ကုန်ကားကြီးတစ်စီးကို ထပ်ပြီး လမ်းတောင်းသည်။ ကုန်ကားကြီးက မဖယ်သည့်အခါတွင် လမ်းကျဉ်းကို ရအောင်ကပ်ကျော်သည်။ ကားက လမ်းဘေးကို ထိုးကျပြီး သစ်ပင်ကြီးတစ်ပင်ကို ဝင်တိုက်မိသည်။
ကျွန်တော်က ကားကိုရပ်လိုက်ပြီး အခြေအနေကြည့်နေသည်။ ကုန်ကားကြီးက ဘာမှ မသိသလို မောင်းထွက် သွားသည်။ ကားလမ်းကလည်း လူပြတ်သည်။ ကျွန်တော်က သမီးကို
“သမီး ကားပေါ်မှာပဲနေနော် … အောက်မဆင်းရဘူး။ ဖေဖေ ဟိုမှာ ကားတိုက်ထားတဲ့နေရာကို သွားကြည့်မယ်။ အကူအညီလိုမယ်ထင်တယ်။ ကားပေါ်ကမဆင်းနဲ့နော် … ဟုတ်လား”
“ဟုတ်ကဲ့ ဖေဖေ”
ကျွန်တော်က ကားပေါ်ကဆင်းပြီး လမ်းဘေးထိုးကျနေသည့် ကားကိုသွားကြည့်သည်။ ကားခေါင်းက အခြေအနေအတော်လေးဆိုးသည်။ ကားမောင်းလာသည့်သူမှာ သေဖို့များနေသည်။ ကားနောက်ခန်းထဲတွင် ဘာမှမတွေ့ရ။ သို့သော် ညည်းသံလိုလိုကြားလိုက်ရသဖြင့် ကျွန်တော် သေသေချာချာပြန်ကြည့်မှ ကလေး တစ်ယောက် ထိုင်ခုံကြားထဲတွင် ညှပ်နေကြောင်းတွေ့လိုက်ရသည်။
ကျွန်တော်က ကားတံခါးကို အတင်းဆွဲဖွင့်ပြီး ကလေးကို ခက်ခဲစွာထုတ်ရသည်။ ကလေးလက်က တွဲလောင်း ဖြစ်နေသည်။ ကျိုးသွားပြီလားမသိ။ ကျွန်တော်က ရှေးဦးသူနာ ပြုစုနည်းဖြင့် သူ့ကို ပြုစုပေးရသည်။ လက်ကို ဘေးနားတွင် တွေ့ရသည့် ခြံစည်းရိုးဝါးများကိုချိုးပြီး ကလေး၏ ဂါဝန်ကို ဖြဲကာ စည်းရသည်။ ခေါင်းလည်း ပေါက်သွားသဖြင့် သွေးတိတ်အောင် လုပ်နေရသည်။ ခေါင်းခန်းကလူကတော့ တုတ်တုတ်မလှုပ်။
ကျွန်တော်က အရေးပေါ်ဌာနကို ဖုန်းဆက်ရသည်။ မကြာမီ အရေးပေါ်ကားနှင့် ရဲကားများ လူနာတင်ကားများ ရောက်လာသည်။ ကားမောင်းသူကတော့ ပွဲချင်းပြီးသေသည်။ ကလေးက အသက်ရှူနေသည်။ ရဲတပ်ဖွဲ့မှ အရာရှိဖြစ်သူက
“ကလေး အခြေအနေကောင်းတယ်။ ကျေးဇူးပဲ … ဆရာ ပြုစုထားတာလား … သနားစရာက ကားမောင်းသူ သေသွားတယ်”
“ဘယ်ကလဲ ဖုန်းဆက်ပါဦး”
“ကားထဲက ဖုန်းရလို့ သူ့အိမ်ကို ခေါ်ထားတယ်”
“ကဲကိစ္စပြီးရင် ကျွန်တော်သွားမယ်။ ကျွန်တော့်ကို ခွင့်ပြုပါဦး … ကျွန်တော့် ကလေးလည်း ကားထဲမှာ တစ်ယောက်တည်း”
“သြော် … ဆရာ့ လိပ်စာလေး ပေးခဲ့ပါဦး … သတိထားမောင်းဗျာ … ကားလမ်းတွေက ချောနေတယ်”
ကျွန်တော့်ကားဆီကို ပြန်ရောက်သည့် အခါတွင် သမီးလေးက ကျွန်တော့်ကို ငေးကြည့်ရင်း
“ကားမောင်းတဲ့လူကြီး သေသွားပြီပေါ့နော်”
“အေးကွယ် သမီးရယ် စိတ်မကောင်းစရာပဲ”
“ဒါပေမဲ့ သူ့သမီးလေးကတော့ အသက်ရှင်မှာပါ”
“အေးပါကွယ်”
ကျွန်တော်က ကားကို စက်နှိုးလိုက်သည်။ ချက်ချင်း သတိရသွားပြီး ကားစက်ကို ပြန်ရပ်လိုက်သည်။
“သမီး ကားမောင်းတာ လူကြီးဆိုတာနဲ့ သူ့သမီးလေးဆိုတာ ဘယ်လိုသိသလဲ … ဒီနေရာနဲ့ ကားတိုက်တဲ့ နေရာက အဝေးကြီးပဲ … သမီးအောက်ကို ဆင်းလိုက်လာသလား”
“ဟင့်အင်း … သမီးမဆင်းပါဘူးဖေဖေ … ဒါပေမဲ့ သမီးတွေ့နေရတာပဲ”
“ဘယ်လို … သမီးတွေ့တယ် … ဟုတ်လား”
“ဟုတ်တယ်ဖေဖေ … ကောင်းကင်ပေါ်ကနေ နတ်သမီးလေးတစ်ပါး ဆင်းလာတယ် … သိလား။ လူကြီး တစ်ယောက်က သူ့သမီးလေးကို ပွေ့ထားတယ်။ နတ်သမီးလေးက ကောင်းကင်ကနေ ပျံလာပြီးတော့ အဲဒီ လူကြီးကို လက်ကမ်းပေးလိုက်တယ်။ လူကြီးက လက်လှမ်းလိုက်ချိန်မှာ နတ်သမီးလေးက သူ့ရင်ခွင်ထဲက ကလေးကို ယူပြီး မြေပြင်ပေါ်မှာ ပြန်ချထားလိုက်တယ်။ ပြီးတော့ အဲဒီ လူကြီးကိုပဲ ကောင်းကင်ပေါ်ကို ဆွဲခေါ်သွားတယ်။ မြေပြင်ပေါ်မှာ ကျန်ခဲ့တဲ့ သမီးလေးက ဖေဖေ … ဖေဖေ လို့ လိုက်ခေါ်ပေမယ့် မရတော့ဘူး။ နတ်သမီးလေးက သူ့ဖေဖေကို အတင်းဆွဲခေါ်သွားတယ်”
ကျွန်တော် ကားစက်ကိုနှိုးလိုက်သည်။
“သမီး ပုံပြင်တွေ တော်တော်ပြောတတ်လာပြီ။ တော်လိုက်တာ”
“ပုံပြင်မဟုတ်ဘူးဖေဖေ … သမီးတကယ်တွေ့လိုက်တာ”
“အေးပါကွယ် … အေးပါ … သမီး ခါးပတ် ပတ်ထားဦးလေ”
“သြော် … ဟုတ်သားပဲ မေ့လို့”
တင်ညွန့်
photo : facebook