ရောက်တတ်ရာရာများ

in esteem •  7 years ago 

ခေတ်သစ်မြန်မာ ဗီဒီယိုကား အများစုသည် ဟာသကားများ ဖြစ်နေတတ်ပြီး အများအားဖြင့် ဇာတ်လမ်းက မရီရဘဲ ဇာတ်ဆောင်များကသာလျင် သူတို့သီချင်း သူတို့ညည်း ၊ သူတို့ခရီး သူတို့သွား၍ သူတို့စကား သူတို့ရီနေကြလေသည်။ ထိုမျှမက ဟာသဇာတ်ဆောင်အများစုမှာ များမကြာမီ အချိန်အတွင်းမှ တောက်တောက်လျှမ်းကျော်ကြားလာသော အငြိမ့်လူရွှင်တော်များ ဖြစ်နေတတ်ကြလေသည်။ ပို၍ထူးဆန်းသည်ကား အဆိုပါ ဟာသဇာတ်ဆောင် တစ်ဖြစ်လဲ လူရွှင်တော်များနေရာတွင် တစ်ချိန်က နာမည်ကြီးခဲ့ဖူးသော မင်းသားများက ဝင်၍ ပြက်လုံးထုတ်ကာ အငြိမ့်ကနေကြခြင်းပင် ဖြစ်လေသည်..။

မြန်မာဇာတ်ကားများတွင် ချမ်းသာသော အမျိုးသမီးကြီးများသည် အိမ်မှာနေရင်းပင် လက်ဝတ်ရတနာများကို ပြည့်စုံစွာ ဆင်ယင်လေ့ရှိပြီး တန်ဖိုးကြီး ပါတိတ်ဝမ်းဆက်မျိုးစုံဖြင့် အိပ်ယာဝင်လေ့ရှိကာ မိတ်ကပ် နှုတ်ခမ်းနီတို့ကို လှပစွာလိမ်းခြယ်ပြီးမှသာ အိပ်ယာထလေ့ရှိကြသည်..။

မင်းသား ၊ မင်းသမီးတို့သည် ဆင်းရဲသည်ဖြစ်စေ ၊ ချမ်းသာသည်ဖြစ်စေ ၄င်းတို့နှင့် အတူပေါင်းသင်းနေသော သူငယ်ချင်းများထက် အစစအရာရာ ပိုတော်နေတတ်ကြပြီး အဆိုပါ သူငယ်ချင်းများမှာလည်း ၄င်းတို့ အရေးထက် မင်းသားနှင့် မင်းသမီးတို့၏ အရေးကိုသာ ပို၍အလေးထားကြလေသည်..။

ဆင်းရဲသောမင်းသားအများစုမှာ လွန်စွာမာနကြီးကြပြီး ဆင်းရဲသော မင်းသမီးအများစုမှာ သူဌေးသား (သို့မဟုတ်) သူဌေးမင်းကိုယ်တိုင်နှင့် ရလေ့ရှိကြသည်..။

ဘောင်းဘီပွပွ နှင့် ကုတ်အင်္ကျီရှည်ကို ဝတ်ဆင်ပြီး မျက်မှန်အမည်းတပ်ကာ Cow-boy ဦးထုပ်ဆောင်းပြီးသကာလ နှုတ်ခမ်းမွှေးစစ,နှင့် မှုန်တေတေ မျက်နှာပေးရှိသူများသည် မြန်မာ့လူကြမ်းကြီးများ ဖြစ်ကြသည်..။
(ဟောင်ကောင်မင်းသား လုရီ သာ မြန်မာပြည်လာပါက လူကြမ်းပင် လုပ်ခွင့်ရမည် မဟုတ်ချေ။ ဤကား စကားချပ်-)

အရက်သမားများသည် ခေါင်း ၊ လက် ၊ လေသံ နှင့် ခြေထောက်များပါမကျန် တစ်ကိုယ်လုံး မူးတတ်ကြပြီး အကြိမ်ကြိမ်လဲသော်လည်း အကြိမ်ကြိမ်ပြန်ထ၍ ၄င်းတို့၏ အိပ်ယာပေါ်ရောက်သွားခါမှ Down သွားတတ်ကြလေသည်။ အံ့ဖွယ်ထူးကဲလှ၏..။

မင်းသားများသည် ကွန်ဖူး ၊ တိုက်ကွမ်တို နှင့် သိုင်းပြောင်းပြန်မကျန် အကုန်တတ်ကြပြီး လူဆိုးဘယ်လောက်များများနှင့် ထိုးရထိုးရ အနိုင်ရလေ့ရှိကြသည်။
(အဆိုပါမင်းသားများ ယခုခေတ်မှ ပေါ်ပေါက်လာရခြင်းသည် မြန်မာပြည်ကြီးအတွက် များစွာ နစ်နာလှသည်။ အမှန်မှာ ယင်းတို့သည် ၁၈၈၀ ဝန်းကျင် သီပေါဘုရင် လက်ထက်လောက်က ပေါ်ပေါက်လာသင့်သည်။ ဤသည်လည်း စကားချပ်-)

သမီးရည်းစား စုံတွဲများသည် သီချင်းဆို၍ ပန်းခြံထဲတွင် ပတ်ပြေးနေလေ့ရှိပြီး အိမ်ထောင်ကျပြီးနောက် မင်းသမီးက မင်းသား၏ နားနားကပ်၍ တိုးတိုးပြောသောအခါ မင်းသားမှာ ဝမ်းသာအားရ ခုန်ပေါက်ကာ လက်သီးလက်မောင်းတန်း၍ ငါကွ ဟု ထ,အော်တတ်ကြလေသည်..။

ထိုမျှမက သေခါနီးလူများသည်လည်း လွန်စွာ သတိကောင်းကြလေသည်။ ဘယ်လောက်ပင် ရောဂါပြင်းထန်နေပါစေ မှာစရာရှိသည်များကို ပြည့်စုံစွာ လုံးစေ့ပတ်စေ့မှာကြားပြီးမှသာ အသက်ပျောက်သွားလေ့ ရှိကြသည်။

တောမင်းသားများသည်လည်း လွန်စွာ သတိကောင်းကြသည်။ အပေါ်တွင် မည်သည့်ပုဆိုး ဝတ်ထားသည်ဖြစ်စေ အောက်တွင် ဘောင်းဘီတို (Under-wear မဟုတ်) ကို အမြဲဝတ်ထားလေ့ရှိကြသည်ကို တွေ့ရလေ့ရှိသည်။ အကြောင်းမှာ လူဆိုးများနှင့် ရန်ဖြစ်သောအခါ အပေါ်မှ ပုဆိုးကို ကွင်းသိုင်းလိုက်သည်နှင့် အောက်တွင် အလိုလျောက် ဘောင်းဘီတို ရောက်နေသောကြောင့်ပင်..။

နာမည်ကျော် ဒါရိုက်တာများထဲမှ တစ်ယောက်မှာ မိုက်တီး ဖြစ်သော်လည်း ဤစာမှာမူ မည်သူ့ကိုမျှ မီးတိုက်ထားခြင်းမဟုတ်ပါ။ အကြောင်းမှာ ကလေးအဖေ အသစ်စက်စက်ဖြစ်သော ကျွန်ုပ်မှာ ကလေးအမေ အသစ်စက်စက်လေးနှင့် ကလေးအသစ်စက်စက်လေးတို့ကို ဘေးတွင်ထား၍ အိပ်ရပါသောကြောင့် အလွယ်တကူ အိပ်၍မရနိုင်ဘဲ မျက်စိကြောင်နေသဖြင့် ယခုကဲ့သို့ ရောက်တတ်ရာရာများကို ရောက်တတ်ရာရာနေရခြင်း ဖြစ်ပါသည်။ ဤဒုက္ခကို နားမလည်နိုင်ကြသော လူပျိ/အပျိုကြီးများ ကျွန်ုပ်အား ခွင့်လွှတ်ပေးစေလိုပါသည်။ မည်သည့် သန်းစိုး နှင့် ကျော်မြင့်လှိုင် ကိုမျှ မရည်ရွယ်ပါ..။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ရီတော့ ရီရသား မဆိုးဘူး ဖတ်ရတာ ဗဟုသုတရတယ်