တစ်ခါတုန်းက ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အသိပညာ၊ အချစ် အပါအဝင် ခံစားချက်တွေ နေထိုင်တဲ့ ကျွန်းကြီးတစ်ကျွန်း ရှိတယ်။
တစ်နေ့မှာတော့ ခံစားချက်တွေအားလုံးအတွက် ကြေညာချက်ကြီး တစ်ခုထွက်ပေါ်လာခဲ့တယ်။
အဲ့ဒါက အဲ့ဒီကျွန်းကြီး နစ်မြုပ်တော့မှာမို့ ခံစားချက်အားလုံး ကျွန်းပေါ်က အမြန်ထွက်ခွာသွားကြဖို့ ဖြစ်ပါတယ်။
ဒါကြောင့် အားလုံးက လှေတွေ ကိုယ်စီ အမြန်ဆောက်လုပ်ကြပြီး ကျွန်းကနေထွက်ခွာဖို့ ပြင်ဆင်နေကြတယ် ... အချစ်ကလွဲလို့ပေါ့။
သူ့မှာ တည်ဆောက်စရာမရှိဖြစ်နေခဲ့တယ်။
အားလုံး ထွက်သွားကြတော့မဲ့အချိန်မှာ အချစ်က ကျွန်းပေါ်ကျန်ခဲ့ပြီး နစ်မြုပ်ခံရတော့မဲ့အဖြစ်ရောက်နေခဲ့တယ်။
ဒါပေမဲ့ အချစ်က နောက်ဆုံးအချိန်အထိ အလျော့မပေးပဲ ကြိုးစားကြည့်ချင်ခဲ့တယ်။
ကြွယ်ဝမှုက ကမ်းခွာဖို့စလုပ်တော့ အချစ်က အပြေးအလွှားသွားပြီး _
"ကြွယ်ဝမှုရေ ... ငါ့ကို အတူလိုက်ခွင့်ပေးလို့ရမလား"
လို့ အားကိုးတကြီး မေးလိုက်တယ်။
ကြွယ်ဝမှုက _
"ဆောရီးပဲဟာ ... ငါခေါ်သွားပေးဖို့ မဖြစ်နိုင်ဘူး၊ ငါ့လှေပေါ်မှာက ရွှေတွေငွေတွေနဲ့တင် ပြည့်နေတာ၊
အပိုတင်သွားစရာ နေရာလွတ်မရှိပါဘူး၊ စိတ်မကောင်းပါဘူး" လို့ ပြန်ဖြေတယ်။
ဒုတိယထွက်ဖို့ပြင်နေတဲ့ မာနဆီကို အချစ်က ပြေးသွားပြန်တယ် _
"မာနရေ ငါ့ကို အတူလိုက်ခွင့်ပေးပါလား" လို့ ထပ်မေးပြန်တယ်။
မာနကလည်း _
"အို ... တော်စမ်းပါ၊ နင့်တစ်ကိုယ်လုံးက ရွဲစိုနေတာ ငါ့လှေအလှပျက်မယ်၊ ခပ်ဝေးဝေးသွားနေ" လို့ မောင်းထုတ်လိုက်ပြန်တယ်။
ဝမ်းနည်းမှုကလည်း မာနနောက်ကနေ ထွက်ခွာဖို့ ရှေ့တိုးလာခဲ့တယ်။
"ဝမ်းနည်းမှုရေ ... ငါလဲလိုက်ချင်လို့ပါ" လို့ အချစ်က ထပ်မေးကြည့်လိုက်တယ်။
"အချစ်ရယ် ... ငါက တစ်ယောက်ထဲနေမှ ဝမ်းနည်းနေရမှာလေ၊ ခေါ်သွားဖို့မဖြစ်နိုင်ပါဘူး သူငယ်ချင်းရယ်၊
နှုတ်ဆက်ပါတယ်" လို့ မျက်ရည်တွေဝဲပြီး ဝမ်းနည်းမှုကလည်း ထွက်ခွာသွားတယ်။
ပျော်ရွှင်မှုကလည်း အချစ်ကို စကားတောင်ပြန်မပြောတော့ပဲ ထွက်သွားခဲ့တယ်။
ပျော်ရွှင်မှုက အချစ်ရဲ့ မေးခွန်းကို မကြားချင်ယောင်ဆောင်ပြီး ထွက်သွားနိုင်ခဲ့လို့ ပိုပျော်နေမိတယ်။
ရုတ်တရက် အဲ့ဒီအချိန်မှာ အသံတစ်ခုပေါ်ထွက်လာခဲ့တယ် _
"လာ ... ငါ့ဆီလာ ... ငါနဲ့လိုက်ခဲ့" ဆိုတဲ့ အသံပါ။
အချစ်က အပျော်လွန်ပြီး သူ့ရဲ့အကြီးခေါ်ရာနောက်ကို လိုက်တက်သွားခဲ့တယ်။
သူ့ကို လိုက်ပါခွင့်ပေးတဲ့သူက သူထက် ရင့်ထက်ပြီး ပိုကြီးတယ်ဆိုတာသာသိပေမဲ့ အချစ်က အပျော်လွန်နေတာနဲ့ပဲ ဘယ်သူလဲ ဘယ်သွားကြမှာလဲတောင် မမေးမိတော့ပါဘူး။
ခြောက်သွေ့တဲ့ ကျွန်းတစ်ကျွန်းဆီကိုရောက်တော့ လှေပိုင်ရှင်က အချစ်ကို ချထားပေးခဲ့ပြီး ရှေ့ဆက်ထွက်သွားတယ်။
လှေပိုင်ရှင်ကို အကြွေးတင်သွားပြီဆိုပေမဲ့ နာမည်မမေးလိုက်မိတဲ့ အချစ်က နောက်ထပ် သူ့ရဲ့အကြီးဖြစ်တဲ့ အသိပညာကို လှမ်းမေးလိုက်တယ်။
"မင်းကို ကယ်ပေးခဲ့တဲ့သူက အချိန်ပေါ့"လို့ အသိပညာက ပြန်ဖြေလိုက်တယ်။
"အချိန်?" အချစ်ကပြောတယ်။
"အချိန်က ဘာလို့ ကယ်ရတာလဲမသိဘူးနော်" လို့ အချစ်က ထပ်ပြောတယ်။
အသိပညာက ပညာရှိပီပီပြုံးလိုက်ပြီး _
"ဘာဖြစ်လို့လဲဆိုတော့ အချိန်ကသာ အချစ်ရဲ့တန်ဖိုးကို သေသေချာချာ နားလည်လို့ပေါ့" လို့ ပြန်ဖြေလိုက်တယ်။
အချစ်ဆိုတာကို ချမ်းသာကြွယ်ဝမှု၊ မာန်မာနဝင့်ကြွားမှု၊ ဝမ်းနည်းမှု၊ ပျော်ရွှင်မှု၊ အလှတရားတွေနဲ့ မတည်မြဲပဲ အချိန်ကြာလာလေလေ အချစ်ကပိုကြီးမားလာလေလေမို့ အချစ်ရဲ့တန်ဖိုးကို သိတဲ့ အချိန်ပိုင်ဆိုင်နိုင်ကြပါစေ ဆုတောင်းပေးရင်း ...
ချစ်ခြင်းများစွာဖြင့် ...
Yadanar Poekyuu