ဘာမဟုတ်တဲ့စကားလေးတစ်ခွန်းရယ် အဲ့ဒီစကားလေးကို ထောက်ခံမိရုံရယ်လောက်နဲ့ သံသရာကို အကြွေးပါသွားရတဲ့သူတွေ အများအပြား ရှိခဲ့ကြပါတယ်။
အဲ့ဒီအထဲကမှ သူဌေးဘဝကနေ အဆင့်နိမ့်တဲ့ဘဝကို ရောက်သွားရတဲ့ သာဓကလေးတစ်ခု ပြောပြချင်ပါတယ်။
"ဥဂ္ဂသေန"
တစ်ခါက "ဥဂ္ဂသေန"ဆိုတဲ့ သူဌေးသားမှာ သဘင်သည်မျိုးရိုး ဇနီးသည် ရှိခဲ့ပါတယ်။
အဲ့ဒီတုန်းကတော့ သဘင်သည်တွေကို ဖက်ခွက်စားလို့လည်းခေါ်ကြပါသေးတယ်။
ဒီခေတ်မှာသာ ဇာတ်မင်းသားမင်းသမီးတွေက နေရာထားခံရပေမဲ့ အဲ့ဒီတုန်းကတော့ လူအထင်ကြီးမခံရပါဘူး။
သူဌေးသား "ဥဂ္ဂသေန"က သူဌေးသားဖြစ်လျက်နဲ့ ဇနီးသည်ဘက်ကိုလိုက်ပြီး ဇာတ်ထဲလိုက်သွားတယ်ဆိုတာကို အားလုံးဖတ်ဖူးကြားဖူးကြမှာပါ။
အဲ့ဒီလို သူဌေးသားဖြစ်လျက်နဲ့ အဆင့်ပိုနိမ့်တဲ့ဘဝကို ရောက်ဖြစ်ခဲ့ရတဲ့အကြောင်းကတော့ ရှေ့ဘဝတစ်ခုမှာ ပြုခဲ့ဖူးတဲ့အမှားကြောင့်ဖြစ်ပါတယ်။
အဲ့ဒီအပြစ်ပြုမိတဲ့ ရှေ့ဘဝမှာတုန်းကလည်း သူတို့နှစ်ယောက်က ဇနီးမောင်နှံဖြစ်ခဲ့ပါတယ်။
အဲ့ဒီဘဝမှာတုန်းက ခရီးသွားရင်း လမ်းမှာ ရဟန္တာတစ်ပါးကို တွေ့တဲ့အခါ ဆွမ်းကပ်ပြီး ဆုတောင်းကြတယ်။
"အရှင်ဘုရား ဒီကောင်းမှုကြောင့် အရှင်ဘုရားသိတဲ့ တရားထူး တရားမြတ်ကို တပည့်တော်တို့ သိရပါစေဘုရား" လို့ ဆုတောင်းလိုက်တဲ့အခါ
ရဟန္တာမြတ်ကြီးက အနာဂတံသဉာဏ်နဲ့ ကြည့်လိုက်ပြီး သူတို့ဟာလည်း ရဟန္တာမြတ်ကြီး သိတဲ့တရားထူး တရားမြတ်ကို သိတဲ့ပုဂ္ဂိုလ်တွေဖြစ်မှာပဲဆိုတာ မြင်မိပြီး သဘောကျကာ ပြုံးလိုက်တယ်။
အဲ့ဒီ အပြုံးကို မြင်တော့ ဇနီးဖြစ်သူက ခင်ပွန်းသည်ကို _
"ကိုယ်တော်ကြီး ပြုံးနေတာ ဇာတ်သမားနဲ့တူတယ်" ဆိုပြီး တီးတိုးပြောလိုက်တယ်။
"အေး ... ဟုတ်မှာပေါ့ကွာ" လို့ ခင်ပွန်းဖြစ်သူကလည်း ပြန်ဖြေလိုက်တယ်။
အဲ့ဒီစကားလေးတစ်ခွန်းကြောင့်နဲ့ သူဌေးဘဝရောက်တာတောင် ပိုနိမ့်ကျတဲ့ဘဝကို သူ့အလိုလိုဆင်းသွားတဲ့ အဖြစ်ရောက်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် အသေးအမွှားလေးပင် ဆိုစေဦးတော့ နှုတ်စည်းမစောင့်ပဲ ပြောဆိုတတ်ခြင်းတွေ ရှောင်ကြဉ်ပြီး ချိုသာ ကောင်းမွန်သော စကားများသာ ဆိုနိုင်ကြပါစေ ဆုခြွေရင်း ...
ချစ်ခြင်းများစွာဖြင့် ...
Yadanar Poekyuu