ဒီနေ့ ကျွန်မ အလုပ်ထဲက အကြောင်းအရာတစ်ခုနဲ့ ဆက်စပ်မိပြီး ပြောပြချင်လာတာလေးတစ်ခု ရှိပါတယ်။
ကျွန်မက constructionတစ်ခုမှာ Sr Site Engineer တစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်နေပါတယ်။ ကျွန်မရဲ့လက်အောက်မှာ JEလေးတွေရှိကြပါတယ်။
အဲ့ဒီအထဲက ညီမလေးတစ်ယောက်ကိုမူတည်ပြီး ဒီနေ့ ကျွန်မ ဒီpostကို ရေးသားမိခြင်းဖြစ်ပါတယ်။
အဲ့ဒီညီမလေးက အခုမှ ကျောင်းဆင်းကာစလေးပါ၊ အလုပ်အကြောင်းသိပ်နားမလည်သေးသလို အနည်းငယ်လည်း ရှက်ကြောက်တတ်ပြီး အနေအေးသူလေးပေါ့။
ဒါပေမဲ့ ဒီလိုအနေအထားက Female Site Engr အနေနဲ့ မလိုက်ဖက်မှန်း ကျွန်မသိပါတယ်။
ကျွန်မတို့ Siteတွေမှာ နေ့စဉ်လာစစ်ရတဲ့ ရုံးထိုင်Engrအဖွဲ့ရှိပါတယ်။
PEတွေကြီးပဲမဟုတ်သလို QCကြီးပဲလည်းမဟုတ်လို့ လွယ်လွယ်ကူကူ ရုံးထိုင်Engrအဖွဲ့လို့ပဲ ကျွန်မသုံးနှုန်းလိုက်ပါရစေ။
အဲ့ဒီ အဖွဲ့က လာစစ်တိုင်း ခုနက ညီမလေးက အကြောင်းအရင်းမရှိ ကြောက်ရွံ့နေတတ်ပါတယ်၊ အမြဲ ကျွန်မအနောက်မှာ သူက ပုန်းနေလေ့ရှိတယ်။
သူက အလုပ်လုပ်တာလည်းတော်ပါတယ်၊ တိတိကျကျလုပ်နိုင်တယ်၊ သူ့ရဲ့အားနည်းချက်က တစ်ခါတစ်ရံ အကြောက်လွန်ပြီး လူတောမတိုးသလို ဖြစ်နေတာလေးတစ်ခုပါပဲ။
ဒါကလည်း ငယ်သေးတာရယ်၊ လုပ်သက်မဝသေးတာရယ်ကြောင့်ပါ၊ အချိန်တန် အဆင်ပြေသွားနိုင်တဲ့ ကိစ္စလေးလောက်ပါ။
ဒီတော့ လာစစ်တဲ့အဖွဲ့က အစ်မတစ်ယောက်က သူ့ကိုအမြဲအဆိုးမြင်ပြောလေ့ရှိလာပါတယ်။
"ဟိုကောင်မလေး" ဆိုတဲ့ အသုံးအနှုန်း အမြဲသုံးပြီး စိတ်ပျက်စရာကောင်းတဲ့ သူတစ်ယောက်လိုလို တစ်ခုခုဆို သူ့ကိုပဲ မဲပြီးရစ်လေ့ရှိတယ်။
လူဆိုတဲ့အမျိုးကလည်း ကြောက်တတ်ရင် ပိုခြောက်ချင်တာကိုး။
ကျွန်မက ဘယ်လောက်ပဲ ကာကွယ်ပေးနေသော်လည်း အဲ့ဒီညီမလေးကိုပဲ အပြစ်တင်ရတာ အရသာတစ်ခုလို သူတို့အတွက်ဖြစ်လာပါတယ်။
အဲ့ဒီလို သူတို့ရဲ့ဆက်ဆံမှုက Labourတွေကိုပါ အဲ့ဒီညီမလေးအပေါ် မထီမဲ့မြင်ပြုလုပ်စေအောင် ဖြစ်လာပါတယ်။
Labourတွေကပါ အဲ့ဒီညီမလေး command ကိုမနာခံတော့ပဲ မကြားတကြားပြန်ခံပြောနေကြတာမြင်တိုင်း ကျွန်မဝင်ဆူပေးခဲ့ပေမဲ့ အချိန်တိုင်းအဖြစ်တိုင်းကိုတော့ ကျွန်မလည်း မသိနိုင်ခဲ့ပါဘူး။
မနေ့က ကျွန်မနေမကောင်းလို့ အလုပ်မသွားနိုင်ခဲ့ပါဘူး၊ ဒီနေ့သွားမှ အဲ့ဒီညီမလေး အလုပ်ထွက်သွားမှန်း သိခဲ့ရတယ်။
ကျွန်မ ဖုန်းဆက်ပြီး သူ့ကိုအကျိုးအကြောင်းမေးတော့ ထင်တဲ့အတိုင်းပဲ အထက်ဖိ အောက်ကန်ဒဏ်တွေကို မခံနိုင်တော့လို့ သူထွက်သွားကြောင်း ငိုပြီးပြောပြတယ်။
ကျွန်မလည်း ဒီနေရာမှာ အနေအထားမလှတော့တဲ့ သူ့ကို စိတ်ဆင်းရဲခံပြီးဆက်နေဖို့ ဆွဲမထားတော့ပါဘူး၊ နောက်အလုပ်တွေမှာ သေချာရဲ့ရင့်ဖို့ ဆုံးမပြီး အလုပ်သစ်တစ်ခုဆီ လမ်းညွှန်ပေးခဲ့လိုက်ပါတယ်။
အဲ့ဒါနဲ့ နေ့လည်က သူ့အကြောင်းထိုင်တွေးရင်း
တစ်ချိန်က ကျွန်မဖတ်ခဲ့ဖူးတဲ့ဖြစ်ရပ်မှန်သတင်းတစ်ပုဒ်ကို ဆက်စပ်သတိရမိသွားပါတယ် ...
အဲ့ဒီ အကြောင်းအရာလေးက နှစ်အတော် ကြာပါပြီ။
ပဲရစ်မြို့က အော်ပရာပြဇာတ်ရုံကြီးတစ်ရုံမှာ နာမည်ကြီး အဆိုတော်တစ်ယောက် လာရောက်ဖျော်ဖြေဖို့ စာချုပ်ချုပ်ခဲ့ပြီး လက်မှတ်တွေလည်း အကုန် ရောင်းကုန်သွားခဲ့ပါတယ်။
ဖျော်ဖြေပွဲနေ့မှာ ရုံအပြည့် တက်ကြွနေတဲ့ပရိသတ်တွေနဲ့ လျှံထွက်နေခဲ့တယ်။
ပွဲစချိန်မှာ အစီအစဉ်တင်ဆက်သူက စဉ်ပေါ်တက်လာပြီး ပရိသတ်ကို _
"ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျာ၊ ကျွန်တော်တို့ တကယ့်ကို အားနာစရာသတင်းတစ်ခု ကြေငြာချင်ပါတယ်၊ နာမည်ကြီးအဆိုတော်ကြီး ' ... ' က အကြောင်းတစ်ခုကြောင့် ဒီနေ့မလာရောက်နိုင်တော့ပါဘူး၊ ဒီအတွက် ကျွန်တော်တို့ လူစားလဲ ... လဲ ..."
အစီအစဉ်တင်ဆက်သူ စကားမဆုံးခင်မှာပဲ ပရိသတ်ကြီးက တစ်ယောက်တစ်ပေါက်နဲ့ မကျေနပ်ပဲ ဆူညံပွက်လောရိုက်ကုန်ပါတယ်။
အဲ့ဒီအချိန်မှာ အစားထိုးအဆိုတော်က ဘာစကားမှမပြောပဲ စင်ပေါ်တက်ပြီး သူ့ဖျော်ဖြေတင်ဆက်မှုကို စတင်လိုက်ပါတယ်။
ပရိသတ်ကြီးလည်း ငြိမ်ကျသွားခဲ့တယ်။
အစားထိုးအဆိုတော်က သူ့တင်ဆက်မှုပြီးသွားတဲ့အခါ ပရိသတ်ရဲ့ တုံ့ပြန်မှုကို မျှော်လင့်တကြီး ရှာဖွေပါတယ်။ ဒါပေမဲ့ အကုန်လုံးက တိတ်ဆိတ်နေခဲ့တယ်။
အဲ့ဒီအချိန် အပေါ်ထပ်ပွဲကြည့်စင်ပေါ်က ကောင်လေးတစ်ယောက်က _
"ဝိုး ... အဖေ! အဖေကအတော်ဆုံးပဲ! အရမ်းကောင်းတယ်!"
လို့ လက်ခုပ်ထတီးပြီး အော်ပြောလိုက်တယ်။
အဲ့ဒီနောက် အားလုံးကပါ လက်ခုပ်လိုက်တီးပြီး အားပေးသံတွေ သောသောညံသွားခဲ့တယ်တဲ့။
အဲ့ဒီ အဖြစ်လေးက တကယ်ဖြစ်ခဲ့တာပါ။
အဲ့ဒီလိုပဲ ကျွန်မတို့ အားလုံး လိုအပ်ကြတာလည်း "မင်း အတော်ဆုံးပဲ" လို့ စပြောပေးမဲ့သူတစ်ယောက်ပါ။
ဒီလိုပါပဲ ရုံးထိုင်အဖွဲ့ကသာ အဲ့ဒီညီမလေးကို အကောင်းမြင်ပြောပေးခဲ့ကြရင် လက်အောက်က အလုပ်သမားတွေကလည်း တော်လှန်ခဲ့ကြမှာမဟုတ်သလို သူလည်း သိမ်ငယ်စိတ်နဲ့ အလုပ်ထွက်သွားခဲ့မှာမဟုတ်ပါဘူး။
တစ်ခါတစ်ရံမှာ ကျွန်မတို့က သူများရဲ့ performanceကို judgeလုပ်ရတဲ့အခါတွေ ရှိတတ်ပါတယ်။
အဲ့ဒီလို အနေအထားမျိုးကြုံရတဲ့အခါ အတတ်နိုင်ဆုံး စဉ်းစားဆင်ခြင်ပြီး ပြောဆိုကြပါလို့ ကျွန်မတိုက်တွန်းချင်ပါတယ်။
ကျွန်မကိုယ်တိုင်လည်း ကိုယ့်အောက်ကဝန်ထမ်းတွေကို မလိုအပ်ပဲ အများသူငှါရှေ့မှာ ဆူပူလေ့မရှိပါဘူး၊ မှားနေတာမြင်ရင် သီးသန့်ခေါ်ပြီးပဲ ထောက်ပြပြောဆိုပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်မလက်အောက်ကသူမှာ သူ့လက်အောက်ကသူ ရှိနေသေးလို့ပါပဲ။
စေတနာစကားများသာဆိုနိုင်ကြပါစေ ဆုခြွေရင်း ...
ချစ်ခြင်းများစွာဖြင့် ...
Yadanar Poekyuu
သူများတွေများ ရေးတတ်လိုက်တာ နော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စာတွေဖတ်ဖြစ်လို့ပါ၊ ကျေးဇူးတင်ပါတယ်ရှင့်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အသိတစ်ခုရလိုက်ပါတယ် ကျေးဇူးပါအစ်မ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit