တစ်ခါက သူငယ်ချင်းနှစ်ယောက်က ကန္တာရတစ်ခုကိုစကားပြောရင်း ဖြတ်လျှောက်လာခဲ့ကြတယ်။
ခရီးအတန်အသင့်ရောက်လာတော့ သူတို့နှစ်ယောက်က အငြင်းအခုံဖြစ်လာပြီး တစ်ယောက်က ကျန်တဲ့တစ်ယောက်ကို ပါးရိုက်လိုက်တယ်။
ပါးရိုက်ခံလိုက်ရတဲ့ သူငယ်ချင်းက နာကျင်သွားပေမဲ့ ဘာမှပြန်မလုပ်ပဲ ကန္တာရရဲ့ သဲပြင်ပေါ်မှာ စာရေးလိုက်တယ်။
"ဒီနေ့ ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းကြီးက ငါ့ကို ပါးရိုက်ခဲ့တယ်"
သူတို့နှစ်ယောက်က သဲကန္တာရပေါ်မှာ အိုအေစစ်တစ်ခု ရှာတွေ့တဲ့အထိ ခရီးဆက်ခဲ့ကြတယ်။
အိုအေစစ်ရေကန်လေးဆီရောက်တော့ ရေချိုးဖို့ လုပ်ကြတယ်။
ပါးရိုက်ခံခဲ့ရတဲ့သူငယ်ချင်းက ရေချိုးဖို့လုပ်ရင်း ခြေချော်ပြီး ရေထဲပြုတ်ကျသွားတယ်။
ဒါပေမဲ့ သူ့ကိုပါးရိုက်ခဲ့တဲ့သူငယ်ချင်းက သူ့အသက်ကို ကယ်ခဲ့တယ်။
သူက ဒီတစ်ခါကျ ကျောက်တုံးပေါ်မှာ စာရေးလိုက်တယ်။
"ဒီနေ့ ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းကြီးက ငါ့အသက်ကို ကယ်တင်ခဲ့တယ်"
သူ့ကို ပါးလဲရိုက်ပြီး အသက်လည်းကယ်ခဲ့တဲ့ သူငယ်ချင်းက နားမလည်စွာနဲ့ မေးလိုက်တယ် _
"မင်းကို ငါပါးရိုက်တုန်းက မင်း သဲပေါ်စာရေးတယ် အခုကျ ကျောက်တုံးပေါ်စာရေးတယ်၊ ဘာဖြစ်လို့လဲ၊ ငါတော့ နားမလည်ဘူးကွာ"
သူက _
"တစ်စုံတစ်ယောက်က ငါတို့ကို နာကျင်အောင် လုပ်ခဲ့ရင် သဲပေါ်ရေးပြီးပဲ မှတ်ထားသင့်တယ်၊ ဒါမှ ခွင့်လွှတ်ခြင်းလေနဲ့အတူ မေ့ပျောက်သွားနိုင်မယ်လေ၊
ဒါပေမဲ့ တစ်စုံတစ်ယောက်က ငါတို့အပေါ် ကောင်းခဲ့ရင်တော့ ကျောက်တုံးပေါ် ထွင်းထုထားသလို မှတ်သားထားသင့်တယ်၊ ဒါမှ ဘယ်အရာကြောင့်နဲ့မှ သူ့လုပ်ရပ်ကို မမေ့မိတော့ဘူးပေါ့" လို့ ပြန်ဖြေလိုက်တယ်။
တကယ်တော့ ဒီပုံပြင်လေးကို ဘာသာသာပြန်ရတာ အမှန်အတိုင်းပြောရရင် ကျွန်မစိတ်မလုံပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ အခုထိ သဲပေါ် မရေးနိုင်သေးလို့ပါ။
တစ်စုံတစ်ယောက်ပေးထားတဲ့ နာကျင်မှုတွေကို သဲပေါ်ရေးနိုင်ဖို့ ကြိုးစားနေဆဲပါပဲ။
မိတ်ဆွေတို့လည်း ခွင့်လွှတ်ခြင်းလေနဲ့အတူ နာကျင်မှုတွေကို အပြည့်အဝ ဖြေဖျောက်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ...
ချစ်ခြင်းများစွာဖြင့် ...
Yadanar Poekyuu