အချစ်ဆိုသည်မှာ
ကျွန်တော် သူ့အိပ်ရာဘေးကို ဖြည်းဖြည်းလေး ထိုင်လိုက်သော်လည်း သူနိုးသွားသည်။
“မောင် … ပြန်လာပြီလား”
“နိုးသွားပြီလား … မောင်က နိုးသွားမှာ စိုးရိမ်နေတာ”
“မအိပ်ပါဘူးမောင်ရယ် … မှေးပြီးတော့ စိတ်ကူးယဉ်နေတာ”
“ဘာတွေ စိတ်ကူးယဉ်နေတာလဲ”
“မောင် လက်ထပ်ခါစက ပြောတဲ့စကားလေ”
“မောင် ပြောခဲ့တာ အများကြီးပဲ … ဘာများလဲကွယ်”
“တစ်နေ့ စိန်နားကပ်လေးဝယ်ပေးမယ်ဆိုတာလေ”
“မောင့်ကို ခွင့်လွှတ်ပါကွာ … မောင် ကတိမတည်နိုင်ခဲ့ပါဘူး။ ဒီ ရွှေနားကပ်လေးနဲ့ပဲ နှစ်ပေါင်းများစွာ ပစ်ထား ခဲ့သလို ဖြစ်နေခဲ့ရတာ”
“သတိရလို့ပြောတာပါမောင်ရယ် … မောင့်ကို ပူဆာနေတာ မဟုတ်ပါဘူး”
ကျွန်တော့်ဇနီးက အားယူပြီးပြုံးနေမှန်းသိသာသည်။ သူမျက်နှာတွေက ဖြူဖျော့နေသည်။ ခါတိုင်းထက် သိသာလွန်းနေသည်မှာ သူ့ကိုယ်သူပင် မထူနိုင်၊ မထိုင်နိုင်ဖြစ်နေခြင်းပင်။
“ဆေးသောက်ပြီးပြီလား”
“မသောက်ရသေးဘူး။ အဲဒီဆေးတွေ မသောက်ချင်တော့ပါဘူးမောင်ရယ်။ ဒီအတိုင်း မြန်မြန်ပဲ အသက်ထွက် သွားချင်မိတယ်”
“အို ဘယ်လိုပြောလိုက်တာလဲ … ဆရာဝန်က ဒီဆေးတွေကုန်ရင် ပျောက်ပြီတဲ့”
“မောင်ရယ် … ကျွန်မသိပါတယ်။ ဘာဖြစ်လို့ ညာချင်ရတာလဲ”
“မောင်မညာဘူး။ တကယ်ပြောတာ။ ဒါတွေက နောက်ဆုံးပေါ်ဆေးတွေတဲ့။ ဈေးလည်းအရမ်းမကြီးဘူး။ အို ဆောရီး …”
“မောင် … ကျွန်မကို မညာတတ်ဘဲ မညာချင်ပါနဲ့”
“ဒါနဲ့ … မောင် သုံးရက်လောက် ခရီးထွက်မယ်။ မေမေလာပြီး အချစ်နဲ့ နေပေးလိမ့်မယ်။ ဖြစ်ရဲ့လားဟင်”
“ရပါတယ် မောင်ရယ် … ခါတိုင်းလည်း သွားနေတာပဲ”
ကျွန်တော် ခရီးထွက်ခဲ့ရသည်။ အလုပ်များပြီးစီးအောင် အမြန်လုပ်ဆောင်ရသည်။ ကျွန်တော်ပိုင်ဆိုင်သော နယ်မှခြံနှင့် အလွန်မြတ်နိုးသော လက်ပတ်နာရီလေးတစ်လုံးကိုရောင်းလိုက်ရသည်။ ယနေ့ သူ့အတွက် ကျွန်တော် စိန်နားကပ်လေးတစ်ရံကို ဝယ်လာနိုင်ခဲ့သည်။
ဝမ်းသာအားရနှင့် အိမ်ကိုပြန်လာခဲ့ချိန်တွင် သူက အိပ်ရာထက်တွင် မလှုပ်မရှက်ငြိမ်သက်စွာ လှဲလျောင်းနေပြီ။ မေမေက မျက်ရည်တွေကြားမှ
“ဒီမနက်ပဲ ဆုံးသွားတာသားရယ်။ ငြိမ်ငြိမ်သက်သက်လေး အသက်ထွက်သွားတာပါ။ တို့အားလုံး အနားမှာ ထိုင်နေတာ သိတောင် မသိလိုက်ပါဘူးကွယ်”
မေမေက ကျွန်တော့်ကိုဆီးပြောသည်။ ကျွန်တော့်လက်ထဲတွင် ကိုင်လာသော စိန်နားကပ်ဘူးလေးကို ကိုင်ထားပြီး ဘာလုပ်ရမှန်းမသိ ငိုင်နေမိသည်။
“သား … မသေမီ သားအတွက်ဆိုပြီး ဒီဘူးလေးနဲ့ စာလေးတစ်စောင်ထားသွားတယ်”
ဘူးလေးကို ကျွန်တော် ဖွင့်ကြည့်လိုက်သည့်အခါ လက်ပတ်နာရီတစ်လုံးဖြစ်သည်။ စာထဲတွင်
မောင်
မောင့်နာရီက ဟောင်းနေပြီ
နာရီအဟောင်းကြီးနဲ့ မောင့်ကိုကြည့်ရတာ အဘိုးကြီးကျနေတာပဲ
ဒီနာရီ အကောင်းစားလေးကို ဝယ်ပေးချင်နေတာကြာပြီ
ချစ်ရတဲ့ …
ကျွန်တော် မျက်ရည်ကျမိပါသည်။ မရှက်တော့ပါ။ မျက်ရည်တွေကိုသုတ်ရင်းက သူ့ပါးပြင်လေးကိုနမ်းပြီး နှုတ်ဆက်ရန် ပြင်လိုက်သည်
“ဟင် … မေမေ … သူ့နားကပ်တွေရော”
“သားသွားပြီးနောက်တစ်နေ့ နားကပ်ကို သွားရောင်းခိုင်းပြီး အဲဒီနာရီ ဝယ်ခိုင်းတာလေ။ သားကို နာရီ လက်ဆောင်ပေးချင်လို့တဲ့”
(အချစ်ဆိုတာ ဘာမှမဟုတ်ပါဘူး။ ကိုယ်ချစ်တဲ့သူတွေကို ရယူလိုခြင်းမရှိ ပေးဆပ်လိုခြင်းနှင့် ချစ်ခြင်းသာဖြစ် သည်။ အချစ်တွင် တစ်ခုခုရရန်မှာ လုံးဝမသေချာပါ)
တင်ညွန့်
photo : facebook