အမြဲတမ်းအန္တရာယ် က ဘာလဲ ..?

in esteemapp •  6 years ago 

image

အမြဲတမ်းအန္တရာယ် က ဘာလဲ ..?

နေ့စဉ် ကြုံတွေ့နေရတဲ့ စိတ်တိုစရာ၊ စိတ်ဆိုးစရာ၊ ဒေါသဖြစ်စရာတွေဟာ
ကိုယ့်ရဲ့ စိတ်အင်အား mental energy နဲ့ စိတ်အခြေအနေ၊ စိတ်ကြည်လင် ရွှင်လန်းမှု frame of mind ကို
ဖျက်ဆီးနေတဲ့ အရာတွေထဲမှာ အကြီးမားဆုံးပဲ။
ဒါကြောင့် နေ့တိုင်း နေ့တိုင်း ထပ်တလဲလဲ ကြုံတွေ့နေရတဲ့ စိတ်တိုစရာတွေကို သတိထားရမယ်။

ကိုယ့်ငွေတွေနဲ့ အချိန်တွေ အကျိုးမဲ့ လေလွင့်မှုဖြစ်နေတာ၊ ကုန်သွားနေတာကို ဘယ်သူမဆို နှမြောတတ်ကြတယ်။
အဲဒီလိုပဲ ကိုယ့်စိတ်အင်အားတွေ စိတ်ကြည်လင်မှုတွေကို မဖြစ်စလောက်ကိစ္စ အသေးအမွှားလေးတွေနဲ့
နေ့စဉ် စိတ်တိုရင်း ကုန်သွားနေတာကို နှမြောတတ်ဖို့ လိုပါတယ်။

အလုပ်ကို အဆင်ပြေပြေနဲ့ အောင်အောင်မြင်မြင်လုပ်ချင်တယ် ဆိုရင်
အဲဒီလို စိတ်တိုစရာတွေကို ရှောင်လို့ရသလောက် ရှောင်ရမယ်။
ရှောင်လို့မရတာကိုတော့ သတိလေးနဲ့ စိတ်ကို သိပြီးတော့
ဒေါသကြီးကြီး မပေါက်ကွဲအောင် နေတတ်ရမယ်။

ဒေါသက အမြဲတမ်းဖြစ် နိုင်တယ်။
ဒေါသဟာ ဒုက္ခလည်း ဖြစ်စေနိုင်တယ်။
ဒါကြောင့် ဒေါသဟာ အမြဲတမ်းရှိနေတဲ့ အန္တရာယ်လို့ ဆိုနိုင်တယ်။

ဒီလို အမြဲတမ်းရှိနေတဲ့ အန္တရာယ်နဲ့ ပက်သက်ပြီးတော့ လေ့လာထားဖို့၊
သိထားဖို့၊ နားလည်ထားဖို့ လိုတယ်။

ကိုယ့်ကို စိတ်တိုအောင် ဒေါသဖြစ်အောင် လုပ်နိုင်တဲ့အရာ၊ လုပ်နိုင်တဲ့သူဟာ ကိုယ့်အတွက် အန္တရာယ်ဖြစ်တယ်။
အဲဒီလို အန္တရာယ်မျိုးကလည်း ကိုယ့်ပတ်ဝန်းကျင်မှာ အမြဲတမ်း ရှိနေတတ်တယ်။
ဟုတ်သလား၊ မဟုတ်ဘူးလား။
ဟုတ်တယ်နော်။
ကိုယ့်ကို စိတ်တိုအောင်၊ စိတ်ဆိုးအောင်၊ မခံချင်အောင်၊ ဆင်းရဲအောင် လုပ်နိုင်တဲ့ကိစ္စတွေဟာ
ကိုယ့်ပတ်ဝန်းကျင်မှာ အမြဲပဲ ရှိနေတယ်။

ဒီစိတ်တိုစရာတွေဟာ ကိုယ်နဲ့ အမြဲလိုလို ရှိနေတတ်တဲ့ အဖော်ပဲ။
အဖော်ကောင်းတော့ မဟုတ်ဘူး။
သူတို့ကို ကိုင်တွယ်တတ်အောင် လေ့လာထားရမယ်။
သူတို့နဲ့ နေတတ်အောင်လည်း လုပ်ထားရမယ်။
လုံးလုံးကြီး ရှောင်လို့က ဖြစ်နိုင်တာမှ မဟုတ်ဘဲနော်။

လောကကြီးက ကိုယ့်စိတ်တိုင်းကျ ဖန်တီးထားပြီး ကိုယ့်အလာကို စောင့်မျှော်ကြိုဆိုနေတာမှ မဟုတ်တာ။
သူ့ဟာသူ ဖြစ်ချင်သလို ဖြစ်နေတဲ့ လောကကြီး။
ဒီလောကကြီးထဲမှာ ကိုယ်က မွေးဖွားလာရတာ၊
ဒါကို နားလည်ပြီး adapt လုပ်ပြီး နှိုင်းချင့်ပြီး နေသွားရမှာ။

ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို ပိုပြီး ကောင်းလာအောင် တတ်နိုင်သလောက်
ပြုပြင်ဖို့တော့ လိုပါတယ်။
စိတ်နေသဘောထား ကောင်းတဲ့သူတွေ၊
သတိနဲ့ နေတတ်တဲ့သူတွေ၊
ချင့်ချိန်နိုင်တဲ့သူတွေ၊
စည်းကမ်းရှိတဲ့သူတွေ ပိုပြီး များလာအောင် ကူညီရမယ်။

နေ့စဉ် ကြုံတွေ့နေရတဲ့ အတွေ့အကြုံတွေ၊
နေ့စဉ် ကိုယ့်ရဲ့ စဉ်းစားပုံ၊ တွေးခေါ်ပုံ၊ သဘောထားတွေ၊
နေ့စဉ် ပြောပုံ ဆိုပုံ လုပ်ပုံ ကိုင်ပုံတွေ၊
နေ့စဉ် လူတွေနဲ့ ဆက်ဆံပုံတွေက ကိုယ့်ကို ဘယ်လိုလူ ဆိုတာကို
ပုံဖော်ပေးနေတယ်။

image

နေ့တိုင်း စိတ်ဆိုးနေ၊ စိတ်တိုနေရင် ကြမ်းတမ်းတဲ့သူ ဖြစ်လာမယ်။

ဒေါသဖြစ်တာ နည်းလာရင် ကိုယ်လည်း စိတ်ပိုချမ်းသာမယ်။
ကိုယ့်မိသားစုလည်း စိတ်ပိုချမ်းသာမယ်။
ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေလည်း စိတ်ပိုချမ်းသာမယ်။

ဒေါသနည်းရင် စိတ်မငြိမ်မှု နည်းသွားတယ်။
အလျှင်စလို လုပ်တာ ပြောတာ နည်းသွားတယ်။
ဒေါသဖြစ်တာ စိတ်တိုတာ များရင် စိတ်လှုပ်ရှားမယ်။
စိတ်မတည်ငြိမ်နိုင်ဘူး။
ဒေါသဖြစ်နေရင် လုပ်တာကိုင်တာ ပြောတာဆိုတာ အမှားများမယ်။
ဆုံးဖြတ်ချက် မှားမယ်။ ဆုံးဖြတ်ချက် မှားသွားရင်
အများကြီး နစ်နာသွားမယ်။ ဆုံးရှုံးသွားမယ်..နော်။

ကိုယ့်ဒေါသက ကိုယ့်ကို လွှမ်းမိုးကြီးစိုးပြီးတော့ ခိုင်းတာတွေကို
မလုပ်မိအောင် သတိထားရမယ်။
ဒေါသကို ဆရာတင်မိရင် မှားမယ်။

ဒါကြောင့် စိတ်တိုလာရင် သတိနဲ့ ကြည့်ပါ။
စိတ်ထဲမှာ တင်းလာတယ်။ ရင်ထဲမှာ တင်းကြပ်လာတယ်။
ခေါင်းထဲမှာ တင်းလာတယ်။ နားထင်တွေ နဖူးကြောတွေ တင်းလာတယ်။
တင်းနေတာတွေကို သိပြီးတော့ စ လျှော့လိုက်ပါ။

ဒေါသကို ကြည့်တတ်တဲ့ အလေ့အကျင့်ကို များများလုပ်လာလို့ ရှိရင်
တစ်ခါတလေ ဒေါသစိတ်ကလေး နည်းနည်းလေး ပေါ်တာနဲ့
ချက်ချင်း မြင်လိုက်တဲ့အခါ၊
ကိုယ်က မဖန်တီးဘဲနဲ့ ဖြစ်လာတာပါလား ဆိုတာ ကောင်းကောင်းသိတယ်။
အလိုမကျတာနဲ့ တွေ့တဲ့အတွက်ကြောင့် ဗြုန်းခနဲ ဒေါသစိတ်ကလေး
တစ်ခု ပေါ်လာတယ်။
အဲဒီလို မြင်လိုက်တဲ့အခါ ဒီဒေါသဟာ ငါမဟုတ်ပါလား ဆိုတာ ပိုရှင်းတယ်။
ငါ မဟုတ်တဲ့ ဒေါသကို မြင်လိုက်တယ်။
ဒေါသနဲ့ ငါနဲ့ တစ်ခြားစီ ဖြစ်သွားရင် ဒီဒေါသကို ကိုင်တွယ်ရတာ handle လုပ်ရတာ၊
အင်မတန်လွယ်သွားတယ်။
ဒါကို သဘောပေါက်ဖို့ အင်မတန် အရေးကြီးတယ်။

ဘယ်လို ကိလေသာဖြစ်ဖြစ်၊ လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ မာနဖြစ်ဖြစ်
ငါ ဆိုတဲ့ စွဲလမ်းမှု အထောက်အပံ့ကို မရရင် သူ သိပ်အားမကြီးဘူး။
ဖြစ်ကြောလည်း မရှည်ဘူး။ မြန်မြန် ပြေသွားတယ်။

ကြောက်တာ၊ စိုးရိမ်တာ၊ ပူပန်တာ၊ သောကဖြစ်တာလည်း ဒေါသတစ်မျိုးပဲနော်။
ဒေါသဆိုလို့ စိတ်ဆိုးတာ တစ်ခုတည်းလို့ မယူဆပါနဲ့။
ကိုယ့်ကျန်းမာရေးနဲ့ ပက်သက်လို့ဖြစ်ဖြစ်၊ အလုပ်အကိုင်နဲ့ ပက်သက်လို့ဖြစ်ဖြစ်၊
တစ်ခုခုနဲ့ ပက်သက်လို့ ကြောက်တာ စိုးရိမ်တာ ပူပန်တာ အားလုံးဟာ ဒေါသပဲ။

photo : google

image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!