နတ်သူငယ်တံခါးမြို့တော်

in fairy •  7 years ago  (edited)

နတ်သူငယ်တံခါးမြို့တော်
.
တံခါးတွေဟာ ထူးဆန်းဖွယ်ရာ ကောင်းသလို လျှို့ဝှက်မှုတွေနဲ့လည်း ပြည့်နှက်နေတယ်။ မျက်စိနဲ့ မြင်ရတဲ့ တံခါးတွေ ရှိသလို မျက်စိနဲ့ မမြင်ရတဲ့ တံခါးတွေလည်း ရှိပြန်တယ်။ မျက်စိရှေ့ မြင်နေရတဲ့ စာကြည့်စင်ဟာ လျှို့ဝှက်တံခါးပေါက်တစ်ခုအဖြစ် လုပ်ထားတာ ဖြစ်နိုင်သလို မှန်တစ်ချပ်ဟာလည်း လျှို့ဝှက်တံခါးတစ်ချပ်လည်း ဖြစ်နေနိုင်ပါတယ်။ ဒီအတွက်
အခုခေတ်မှာ ခေတ်မီပရိဘောဂတပ်ဆင်ရေးကုမ္ပဏီတွေကနေ ၀န်ဆောင်မှုပေးနေပြီမို့ လျှို့ဝှက်သည်းဖို သိပ်မဖြစ်တော့ပါဘူး။
.

ဒါပေမဲ့ တစ်ချို့တံခါးတွေဟာ တံခါးချပ်သာ ရှိတယ်။ ဖွင့်လို့လည်း မရသလို ဘာအတွက် တည်ဆောက်မှန်း အဖြေရှာလို့ မရတဲ့ တံခါးတွေ ရှိပြန်တယ်။ တစ်ချို့တံခါးတွေကျတော့ လူသားတွေအတွက် တည်ဆောက်ထားတာ မျိုး မဟုတ်ဘဲ တခြားသော လောကတစ်ခုက သူတွေအတွက် တည်ဆောက်ထားကြတာမျိုး ရှိတယ်။ အဲဒါကို အနောက်တိုင်းမှာ အတွေ့ရများတယ်။
သူတို့ကို ခေါ်တာက ]နတ်သူငယ်တံခါး} တဲ့။
.
ဟုတ်ကဲ့။ ကျွန်တော် အဲဒီတံခါးတွေကို အရင်ခေါက်ကြည့်ပါ့မယ်။
.

နတ်သူငယ်ဆိုတာ ဘာလဲ
နတ်သူငယ်တံခါးဖြစ်တာမို့ နတ်သူငယ်တွေအကြောင်း အရင်သိထားမှ အရသာရှိပါလိမ့်မယ်။ နတ်သူငယ်ဆိုတဲ့ Fairy စကားလုံးဟာ ပြင်သစ်ကနေ ဆင်းသက်လာတယ်လို့ ဆိုသလို လက်တင်စကားလုံး Fata ကနေ ဆင်းသက်လာတယ်လို့လည်း ဆိုတယ်။ လက်တင်စကားလုံး Fata ရဲ့ အနက်က ဒဏ္ဍာရီရဲ့ ကံကြမ္မာတဲ့။ နတ်သူငယ်လို့ ဖလှယ်ရတဲ့အကြောင်းရင်းကတော့ သူတို့ဟာ ကောင်းကင်ဘုံက နတ်တွေနဲ့ ဆက်နွယ် နေတယ်လို့ ဆိုကြတယ်။ တစ်ချို့က သူတို့ဟာ နှစ်ခြင်းမခံရတာမို့ ကောင်းကင်ဘုံနဲ့မြေပေါ်မှာ
ချောင်ပိတ်နေတဲ့ နတ်တွေလို့ ဆိုတယ်။ တစ်ချို့ ကတော့ လူစီဖာနဲ့အတူ ကောင်းကင်ဘုံကနေ ကျလာတဲ့ နတ်တွေလို့ ဆိုတယ်။
တစ်ချို့ကတော့ နေရာ၊ပစ္စည်းအပေါ် အစွဲပြုပြီး စွဲကပ်နေတဲ့ သဘာဝနတ်ဝိယာဉ်တွေလို့ ဆိုတယ်။ သူတို့ရဲ့ ရုပ်ပန်းသဏ္ဍာန်ကတော့ ..
.
.

နတ်သူငယ်ပုံပန်းသွင်ပြင်
၂လက်မကနေ ၅ လက်မအရပ် ရှိတယ်။ ဒီထက်လည်း ပိုနိမ့်နိုင်
တယ်။ ဆံပင်ကတော့ နီကြောင်ကြောင်နဲ့ မျက်နှာတစ်ခုလုံးမှာ အမွှေး
အမျှင်တွေ ရှိတယ်။ ဒါပေမဲ့ ကြည့်ကောင်း တဲ့ဟန်ရှိတယ်။ လက်တွေဟာ ရှည်လျားပြီး ခြေချောင်းကတော့ ကြီးမားတယ်။
.
.
ပျော်ပျော်နေတတ်ပြီး လူတွေကို စနောက်တတ်တယ်။ မုယောစပါးကို စားလေ့ရှိတယ်။ နတ်သူငယ်တွေဟာ
ပျော်ပျော်နေတတ်သလောက် သူတို့အိမ်ကို ဖျက်ဆီးခံရရင် (သို့) သူတို့ကို လိမ်ညာသွားရင် အရမ်းအငြိုးအတေးကြီးကြတယ်။
သူတို့မှာ ကိုယ်ပျောက်နိုင်တဲ့စွမ်းအားရှိပြီး ပုံစံလည်း ပြောင်းနိုင်တယ်။ သူတို့ဟာ မြေအောက်က မြုပ်နှံထားတဲ့ ရတနာတွေကိုလည်း သိတယ်။ လူကြီးတွေထက် ကလေးတွေနားမှာ ပိုပြီး ပေါ်လေ့ရှိတယ်။ သူတို့ကို အများဆုံးတွေ့နိုင်တဲ့နေရာကတော့ အိုင်ယာလန်၊ စကော့တလန်၊ အိုက်စ်လန်နဲ့ နော်ဝေးတို့မှာ အများဆုံးတွေ့ရတတ် တယ်။
.
ဒီနေရာမှာ စကားစပ်လို့ ပြောချင်တာ တစ်ခု ရှိသေးတယ်။
နတ်သူငယ်နဲ့ ပတ်သက်ပြီး အင်္ဂလန်နဲ့အိုင်ယာလန် ကွာခြားချက်ပါ။
အင်္ဂလန်မှာက နတ်သူငယ်နဲ့ ပတ်သက်ပြီး အမျိုးအစားတွေ ခွဲထားတယ်။
အိုင်ယာလန်ကတော့ နတ်သူငယ်နဲ့ ပတ်သက်ပြီး အစွဲအလန်းအရမ်းကြီးတဲ့နိုင်ငံပါ။ နတ်သူငယ်တွေကို
လူကောင်းလို့တောင် ခေါ်ကြပါသေးတယ်။

နတ်သူငယ်ကို တွေ့ခဲ့ရသူ ဘုန်းကြီး
၁၁၈၈ခုနှစ်မှာ ဝေးလ်ဘုန်းတော်ကြီး အယ်ဒီက သူ့အသက်၁၂နှစ်သားတုန်းက လူသေးသေးလေးနှစ်ယောက်က လှိုင်ခေါင်းမည်းမည်း ထဲ ခေါ်သွားတာကို ခံရဖူးကြောင်း ပြောပြတယ်။ လှိုင်ခေါင်းအဆုံးမှာတော့ လူသေးသေးလေးတွေ တွေ့ရပြီး သူတို့ကို ဘုရင်တစ်ပါးက အုပ်ချုပ် တယ်။ ဘုန်းတော်ကြီးဟာ လူသေးသေးလေးတွေရဲ့ နေရာကို ခဏခဏအလည်သွားတယ်။ တစ်ရက်မှာ ရွှေဘောလုံးတစ်လုံးကို ခိုးယူလာခဲ့တယ်။ နောက်ရက်မှာ သူခိုးယူလာခဲ့တဲ့ရွှေဘောလုံးကို လူသေးလေးတွေက ပြန်ယူသွားခဲ့တယ်။ လှိုင်ခေါင်းကလည်း မတွေ့ရတော့ဘူး။ အဲဒီအချိန်ကစပြီး လူသေးလေးတွေကို သူမမြင်တွေ့ခဲ့ရတော့ဘူး။ တခြားမြင်တွေ့ခဲ့ရတဲ့သူတွေ ရှိနေပေမယ့် နတ်သူငယ်တံခါးအကြောင်းကိုသာ အဓိကထားပြောချင်တာမို့
ချန်လှပ်ခဲ့ပါရစေ။
.
နတ်သူငယ်တံခါး ဘာကြောင့်ထား
သူတို့ကို အိမ်ထဲမှာ ထားရတဲ့အကြောင်းရင်းက အခုနောက်ပိုင်းမှ ဖြစ်လာကြတာပါ။ အရင်တုန်းက နတ်သူငယ်တံခါးတွေဟာ သစ်ပင်တွေမှာ၊ အမြစ်ကြားထဲမှာပဲ ရှိခဲ့ကြတယ်။ အခုခေတ်ကျတော့မှ အိမ်ထဲကို တဖြည်းဖြည်း ၀င်ရောက်နေရာယူလာခဲ့ကြတာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ မိဘတွေအနေနဲ့ ကလေးငယ်တွေအတွက် နတ်သူငယ်တံခါးလေးလုပ်ထားမယ်ဆိုရင် နတ်သူငယ်တွေ လာနေ ပြီး မှော်အစွမ်းတွေ၊ လက်ဆောင်တွေ လာပေးမယ်လို့ ယုံကြည်ကြတာမို့ပါပဲ။ နောက်တစ်ချက်ကတော့ ကလေးတွေရဲ့ စိတ်ပျော်ရွှင်မှုစေအတွက် လို့ ယူဆနိုင်ပါတယ်။
.
.
နတ်သူငယ်နေ၊မနေ ဘယ်လိုသိနိုင်မလဲ
ယုံကြည်သူတစ်ချို့ရဲ့ အပြောအရ နတ်သူငယ်တံခါးကို အိမ်ထဲမှာ ပြုလုပ်ပြီးသွားတဲ့အခါကျရင် အိမ်သစ်တက်ပွဲအဖြစ် လက်ဆောင် ပစ္စည်းလေးတစ်ခုကို ထားပြီး တစ်ရက်စောင့်ကြည့်ရတယ်။ နောက်နေ့ သွားကြည့်လို့ ကိုယ်ထားခဲ့တဲ့လက်ဆောင်ပစ္စည်းက မရှိတော့ဘူးဆိုရင် နတ်သူငယ်ဟာ ကိုယ်လုပ်ပေးထားတဲ့ တံခါးထဲ ၀င်သွားပြီလို့ ယုံကြည်ကြတယ်။

နတ်သူငယ်တံခါးရှေ့မှာ အကြွေစေ့လေးတွေ၊ နတ်သူငယ်အတွက်
လက်ဆောင်လေးတွေ ထားခြင်းအားဖြင့် နတ်သူငယ်ဆီက လက်ဆောင်
တွေ ပြန်ရနိုင်တယ်လို့လည်း ယုံကြည်ကြတယ်။
.
နတ်သူငယ်တံခါးအကြောင်းပြောပြီဆိုရင် မပြောမဖြစ် တစ်နေရာ ရှိပါ
တယ်။ အဲဒါကတော့ အမေရိကန်နိုင်ငံရဲ့ အန်အာဘော်မြို့လေးပါပဲ။
.
.
နတ်သူငယ်တံခါးမြို့တော်
အမေရိကန်နိုင်ငံမှာ နတ်သူငယ်တံခါးတွေ စတင်ခေတ်စားလာခဲ့တာ မီရှီဂန်ပြည်နယ်ကနေ စခဲ့တယ်လို့ ဆိုရမယ်။ အဲဒီမတိုင်ခင်က အမေရိကန်နိုင်ငံမှာ နတ်သူငယ်တွေ နေတဲ့ အထောက်အထား ထင်ထင်ရှားရှား မတွေ့ရဘူး။ ပထမဆုံး မီရှီဂန်ပြည်နယ် အန်အာဘော်မြို့မှာ

၂၀၀၅ခုနှစ် ဧပြီလ ၇ ရက်နေ့ Sweetwaters Coffee and Tea ဆိုင်ရဲ့အပြင်ဘက်မှာ စတင်ပေါ်ထွက်လာခဲ့တယ်။ အဲဒီအချိန်ကစပြီး
မြို့အနှံ့ နတ်သူငယ်တွေအတွက် ပြုလုပ်ထားတဲ့ တံခါးတွေဟာ နေရာအနှံ့မှာ မှိုလို ပွပွထထ ပေါ်ပေါက်ခဲ့တယ်။ အန်အာဘော်
မြို့ကနေ ဆန်ဖရန်စ္စကို၊ နယူးယောက်၊ မန်ဟန်တန်မြို့တွေမှာပါ နတ်သူငယ်တံခါးတွေဟာ ပေါ်ပေါက်လာခဲ့တယ်။
ပထမဆုံးပေါ်ခဲ့တဲ့ အန်အာဘော်မြို့မှာ နတ်သူငယ်တံခါးပေါင်း ၁၀ ခု ပေါ်ခဲ့တယ်။ ဧပြီ ၇ ရက်မှာ အပေါ်က ကော်ဖီနဲ့လက်ဖက်ရည် ဆိုင်ရဲ့ အပြင်ဘက်မှာ ပေါ်တယ်။ ဒုတိယတံခါးကျ ၁၇ရက်နေ့မှာ လက်ဆောင် ပစ္စည်းရောင်းတဲ့ The Peaceable Kingdom ဆိုင်၊ တတိယတံခါး ကတော့ မေ၁၁ရက်နေ့မှာ Selo-Shevel အနုပညာပြခန်း၊ ဇွန် ၉ ရက်နေ့မှာ ဂျက်ဖာဆွန်ဈေးဆိုင်ထဲမှာ တစ်ခု(အဲဒီတစ်ခုကတော့ ဆိုင်ပိတ် သွားလို့ တံခါးပါ မရှိတော့ဘူး)၊ သြဂုတ်၁၇ ရက်နေ့မှာ အန်အာဘော်ဖရိန်ကုမ္ပဏီမှာ တစ်ခု(ဒီတံခါးလည်း ကုမ္ပဏီက ပိတ်သွားလို့ တံခါးပါ ပျောက်သွားတယ်)၊ အနုပညာဟောခန်းဖြစ်တဲ့ The Ark က တံခါးကိုတော့ သြဂုတ် ၂၅ ရက်နေ့မှာ တွေ့တယ်။
.
အားလုံးပေါင်း ဆယ်ခုရှိပြီး ယနေ့ထက်တိုင် တံခါး၇ ခုကို အန်အာဘော်မြို့မှာ တွေ့ရှိနိုင်သေးတယ်။ နတ်သူငယ်တံခါးတွေဟာ ၂၀၀၅ ခုနှစ်မှာ စပေါ်လာခဲ့တယ်လို့ ဆို ကြပေမယ့်
.
ဂျိုနသန်ဘီရိုက်က ဒီတံခါးတွေဟာ သူ့အိမ်နောက်ဘက်မှာ ၁၉၉၀ပြည့်နှစ်လောက်တည်းက ပေါ်လာခဲ့တာ ဖြစ်ကြောင်း ပြောတယ်။
ဂျိုနသန်က ]၁၉၉၃ ခုနှစ်လားမသိဘူး၊ ကျွန်တော်တို့အိမ်ထဲမှာ အရင်ဆုံး တွေ့ခဲ့ရတာပါ။ တံခါးအထဲမှာ လှေခါးတစ်ခုရှိပြီး လှေခါး
အဆုံးမှာ နောက်ထပ်တံခါးတစ်ခု ရှိနေတယ်။ ဒါပေမဲ့ အဲဒီတံခါးကျတော့ ပိတ်ထားတယ်။ ဘယ်အချိန်ပဲ ကြည့်ကြည့် ပိတ်ထားတယ်}။
.
ဂျိုနသန်ဟာ နတ်သူငယ်တွေအကြောင်း စာအုပ်ထုတ်ခဲ့သေးတယ်။
သူ့စာအုပ်ထဲမှာ နတ်သူငယ်တံခါးတွေ ရှိတဲ့လိပ်စာတွေကို မြေပုံထုတ်ထားသေးတယ်။
.
၂၀၁၄ခုနှစ်
၂၀၁၄ခုနှစ်မှာတော့ Manhattan မှာ နတ်သူငယ်တံခါးပေါင်း ရာနဲ့ချီ ပေါ်လာခဲ့တယ်။ တစ်ချို့တံခါးတွေမှာ ခြေသုတ်ခုံပါရှိပြီး တစ်ချို့ တံခါးတွေမှာတော့ ပွင့်တောင် ပွင့်လျက်သား တွေ့ရတယ်။ ဘယ်သူတွေ ဖန်တီးခဲ့တယ်ဆိုတာ မသိရပေမယ့် တစ်ချို့က အနုပညာ
ရှင် စင်သီယာဗွန် ဘတ်လာရဲ့ ပရိသတ်တွေ လက်ချက်လို့ ယူဆကြတယ်။ တကယ်လည်း စင်သီယာဟာ နယူးယောက်ခ်မြို့မှာ
တံခါးသေးပေါင်း ၁၅၀ကို တပ်ဆင် ခဲ့ပါတယ်။ တစ်ချို့တံခါးတွေမှာ ခြေသုတ်ခုံပါတယ်။ အဲဒီခြေသုတ်ခုံအောက်မှာ တံခါးဖွင့်နိုင်တဲ့ လျှို့ဝှက်သော့လေး ထားထားတယ်။

ဘယ်သူလုပ်ထားတာလဲ
ဒီတံခါးတွေဟာ အလိုအလျှောက်ပေါ်ပေါက်လာခဲ့တာဖြစ်တာမို့
လူတွေဟာ စိတ်ဝင်စားကြတယ်။
တစ်ချို့က နတ်သူငယ်တံခါးတွေဟာ ပထမဦးဆုံးတွေ့ရတဲ့
ဂျိုနသန်အိမ်မှာလည်း ဖြစ်တာရယ်၊ နတ်သူငယ်စာအုပ်အကြောင်း
ထုတ်တာရယ်ကြောင့် ဂျိုနသန်လုပ်တာဖြစ်မယ်လို့ ယူဆကြတယ်။
.
.
နတ်သူငယ်တံခါးတွေဟာ တခြားနာမ်လောကနဲ့ ဆက်စပ်နေတဲ့
တံခါးပေါက်တွေအဖြစ် ယူဆထားကြပြီး
.
တကယ်လို့များ နတ်သူငယ်တွေနေတဲ့ တိုင်းပြည်ကို ရောက်သွားခဲ့ရင်
.
သူတို့ကျွေးတဲ့ အစားအသောက်ကို မစားပါနဲ့လို့ သတိပေးလိုက်ပါရစေ။
.
စားခဲ့မိသည်ရှိသော် နတ်သူငယ်တိုင်းပြည်ထဲမှာ တစ်သက်လုံးနေထိုင်
.
သွားရမယ်လို့ အယူအဆရှိကြောင်း တင်ပြရင်း ....
.
နောက်ထပ် တံခါးတစ်ချပ်ကို ထပ်ခေါက်သွားပါအုန်းမယ်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!