ကိုပွ

in funny •  7 years ago 

"ဘစ်ရှော"

သီချင်းဆို ဝါသနာပါလို့ သာ လာပြိုင်ရသည်။ မောင်ပွဆီမှာက အနုပညာမျိုးရိုးလည်း မရှိ။ အနုပညာနှင့် အနီးစပ်ဆုံးဟူ၍ ဟိုးအရင် အမျိုးသား အားကစားပွဲတုန်းက ပေါ်လစီသီချင်းကို သုဝဏ္ဏကွင်းထဲတွင် တောင်ပြေးမြောက်ပြေး သရုပ်ဖော်ဖူးသော အစ်ကိုဝမ်းကွဲတစ်ယောက်သာရှိ၏။ ပြောမယ့်သာပြောရတာ မောင်ပွမှာ သီချင်းဆိုခြင်းကို လွန်စွာဝါသနာပါလှသည်။ မိုက်မြင်လျှင် တက်ကိုဟဲချင်နေခြင်းကြောင့် တရားပွဲသွားလျှင် တရားဟောစင်မြင့်ကို ကျောပေး၍ နာရ၏။ ဘုန်းကြီးတရားဟောနေသော မိုက်ကို မြင်မိပါက တက်လုမိမည် စိုး၍ဖြစ်သည်။
ယခုလည်း နိုင်ငံတကာ အသိအမှတ်ပြု အဆိုပြိုင်ပွဲကြီးတစ်ခုမှာ မြန်မာနိုင်ငံတွင် လာကျင်းပမည် ဖြစ်လေရာ မောင်ပွအဖို့  ဖိုးကြိုင်းတုတ်ပင်။ ဒိုင်တွေမှာလည်း ယနေ့ ခေတ်နာမည်ကြီး အနုပညာရှင်များသာ ဖြစ်လေရာ ဤပြိုင်ပွဲ၏ products များမှာ အရည်အချင်း ပြည့်မှီကြမည်ဆိုသည်ကို အထူးထွေပြောစရာမလိုတော့။ ပေးမည့်ဆုကို တစ်ချက်ကြည့်ပါအုံး။ နာမည်ကြီး ဖုန်းလိုင်းတစ်လိုင်းမှ ၂၁ လက်မပတ်လည် ဆင်းကဒ်ကြီးတစ်ကဒ်နှင့် ဂျင်းတက်ပုံစံ trophy။ ဒါတင်ပဲလားဆိုတော့ မဟုတ် မကြာခဏ notification message မပို့ ပါဘူးဟူသော ကတိလက်မှတ်ရေးထိုးထားသည့် စာချုပ်တစ်စောင်နှင့်ပြောချင်သလောက်ပြော မသိမသာခိုးဖြတ်မည်ဟူသော package တို့ ပါ ပါလေရာ လူတွေကြိတ်ကြိတ်တိုးဝင်ပြိုင်ကြသည်မှာ မဆန်း။
ဖောင်ဖြည့်သော နေ့ များတွင် နာမည်နေရာ၌ မောင်ပွဟူသော နာမည်အရင်းကို ဖြည့်နေခိုက် ဘေးတွင်ဖောင်လာဖြည့်သော လူတစ်ဦးမှ မောင်ပွဖောင်အား စွေကြည့်ကာ
" ဟာ ဟေ့လူ ခင်ဗျာ့နာမည်ကြီးက တုံးထှာ မောင်ပွတဲ့ ခပ်လန်းလန်းလေး လုပ်ပါဗျ"
" ဟွင် ဘယ်လိုမျိုးလဲ"
" ဒီမှာကြည့် ကျော့်နာမည်"
" ဟာ မိုက်လိုက်ထှာ ဂျက်ကီ တဲ့  ဒါနဲ့ ခင်ဗျားနာမည်အရင်းက"
" မြင့်သိန်း"
"ငှယ် "
ဆိုတော့ကာ မောင်ပွလည်း မိမိနာမည်အား ဘိုနာမည်လေး ပေးရန် အကြံဖြစ်မိ၏။ ခက်သည်က မောင်ပွခမျာ ဘိုလိုမကျွမ်း။ သို့ နှင့်ခေါင်းခြောက်အောင် စဉ်းစားရင်းနှင့် နောက်ဆုံးတွင် နာမည်တစ်ခု ရခဲ့လေတော့သည်။ ထိုနာမည်ကား " ဘစ်ရှော" ။ We love ဂရုထောင်ပါက We love ဘစ်ရှော။ ဘယ်လောက်လှလိုက်သနည်း။
စစချင်း အသံစစ်ရသော နေ့ မှာ ဘဝတွင် အပင်ပန်းဆုံးနေ့ ပင်။ ဘေးပတ်ဝန်းကျင် ကိုကြည့်လိုက်လျှင်လည်း ကိုယ်ကလွဲ၍ အားလုံးမှာ Winner မျက်နှာပေးများချည်း။ တစ်နေကုန်နီးပါး စောင့်ပြီးသော် မောင်ပွအလှည့်သို့ ရောက်လာလေတော့သည်။ မောင်ပွ မှာ ယခုမှဒူးတုန်မေးရိုက်တော့၏ ။ ဒိုင်တွေရှေ့ ရောက်လျှင်ဖြင့် ဦးသုံးကြိမ်ပြေးချချင်သလို စားပွဲကိုပတ်ပြေးချင်သလိုလို စိတ်များ ပေါ်ကုန်သည်အထိ ဗန္ဓုလသွေးပြတော့သည်။
" နာမည်က ဘစ်ရှောနော် နာမည်လေးက ဆန်းထှာ ဒါနာမည်အရင်းလား"
" မဟုတ်ပါဘူးခင်ဗျ"
" အော် ဘာကြောင့်ဒီနာမည်လေးပေးဖြစ်သွားတာလဲ "
" သားရေကြိုး မကောင်းလို့ ပါ"
" ငှယ် ဟုတ်ပါပြီ သားက ဘယ်ကလာပြိုင်တာလဲ"
" အီးဟီးဟီး "
" ငွင် ဘာမှမပြောရသေးပုလေ ဘာလို့ ငိုတာလား"
" ငှယ် ဟုတ်သားပဲ ဒီနေရာမှာ မငိုရသေးပုပဲ ငိုရမယ့် နေရာမှားပြီးမှတ်လာလို့ "
" ဟွင် ကဲ သားက ဒီနေ့ ဘာသီချင်းနဲ့ပြိုင်မှာလဲ"
" အီးဟီးဟီး"
" ငှယ် မောင်လေး နေရာမှားမှတ်ပြန်ပြီထင်တယ်"
" ဟမ့် "
" ကဲ ရပါပြီ ဆိုပါတော့"
ရယ်ဒီဝမ်းတူးသရီး။ မောင်ပွ ပေါင်ကို လက်ဝါးဖြင့် စည်းချက်ကျကျ ရိုက်လိုက်သည်။ မျက်စိကို စုံမှိတ်၍ mood ကို အပြည့်သွင်းလိုက်၏။ စပြီ။
" တို့ ကမေ့တတ်တယ်နော် အချစ် တို့ ကမေ့တတ်တယ်နော်အချစ် တို့ ကမေ့တတ်တယ်နော် အချစ် တို့ ကမေ့တတ်တယ်နော် အချစ် တို့ ကမေ့တတ်တယ်နော် အချစ် တို့ ကမေ့တတ်တယ်နော် အချစ်"
" ဟိုးးးရပြီ"
" ဟာ တော်ပြီလား ကျော်က ကီးချိန်းတော့မလို့ ကို"
" ဟင် ဟုတ်လား အာ့ဆွင် လုပ်ပါအုံး ကီးချိန်းလေး"
" တို့ ကမေ့တတ်တယ်နော်အချစ် တို့ ကမေ့တတ်တယ်နော်အချစ် တို့ ကမေ့တတ်တယ်နော် အချစ် တို့ ကမေ့တတ်တယ်နော်အချစ်"
" တော်ပါတော့ဟဲ့ ရပါပြီဟဲ့ "
" ဟုတ်ကဲ့ ကျိုင်းဇူးပါ"
" အခုလို မကဗျာဘွဲ့မှူးရဲ့ သီချင်းကို သူနဲ့မတူအောင်ဆိုနိုင်ဖို့ ဆိုတာ မလွယ်ဘူးကွ မတူတာမှဘယ်သူနဲ့မှကိုမတူတာ အဆုံးသတ်မှာ vibration လေးတွေထည့်သွားတာလည်း သဘောကျတယ် "
" vibration မဟုတ်ပါဘူးခင်ဗျာ တကယ်က မေးတုန်နေလို့ ပါ"
" ကောင်းတယ် အရမ်းကောင်းတယ် ကိမုချိ"
" ဟာ"
ယောင်ပေ ယောင်ပေနှင့် နောက်တစ်ဆင့်တက်သွားလေသော ဘစ်ရှောတစ်ယောက် နောက်လယ်ဗယ်တွင်တော့ ကီးဘုတ်နှင့် ပြိုင်ပွဲဝင်ရလေ၏။ ထုံးစံအတိုင်း မပြိုင်ခင် ဒိုင်များ၏ အင်တာဗျူးကိုခံရသေးသည်။
" သား ဘစ်ရှောက ဘာဂီတအမျိုးအစားတွေကို ကြိုက်လဲ"
" ဟုတ် ကျော်ကြိုက်တာက ဘီနဲ့အာ အမျိုးအစားပါ"
" ဟဲ့ သောက်ပလုတ်တုတ် ဘာလား"
" အဲ ဟွာလေ ဘီအမ်အာလား "
" R&B ပြောတာလား"
" ဟာ ဟုတ်တယ် ဟုတ်တယ် ကျော်ပြောတာ ဘီက အရှေ့ ရောက်သွားတာ "
" နောက်ရော ဘာအမျိုးအစားကြိုက်သေးလဲ"
" ဟုတ်ကဲ့ တိုင်းပြည်သီချင်းအမျိုးအစားကို ကြိုက်ပါတယ်"
" ရှိစေတော့ ရှိစေတော့ နင်ပြောတာ country အမျိုးအစားမှန်း အန်ကယ်သိလိုက်ပြီ ကဲ လုပ်ပါအုံး တိုင်းပြည်သီချင်းလေး တစ်ပုဒ်လောက်"
" ကချင်မြေကိုလာပါ တကယ်ပျော်တယ်နော့ ကချင်မြေကိုလာပါ တကယ်ပျော်တယ်နော့ ကချင်မြေကိုလာပါ တကယ်ပျော်တယ်နော့"
" ကဲ တော်ပါတော့ဟဲ့ သားက တစ်ကြောင်းဆွဲတစ်လိုင်းနော် နည်းတဲ့ country သီချင်းမှမဟုတ်တာပဲ"
" ကျိုင်းဇူးပါ"
သို့ နှင့် တစ်ဆင့်ပြီးတစ်ဆင့်တက်လာလေရာ finalist မကြေငြာခင်တစ်ဆင့်အလိုအထိသို့ ရောက်လာလေတော့သည်။ ထိုအဆင့်တွင် ဒိုင်များမှ တစ်ဦးချင်း ခေါ်ရွှိုက်လေရာ လွန်စွာစိတ်ဆင်းရဲကြီးလှ၏။
" ဟဲ့ လုပ်ပါအုံး ဟိုမှာတစ်ယောက် တရုတ်သရဲလိုခုန်ဆွ ခုန်ဆွနဲ့ လက်ရှေ့ တန်း ထွက်လာတယ်"
" ဟဲ့ မဟုတ်ဘူး တက်နေတာဟဲ့ ခြေမချိုး ခြေမချိုး"
" အမလေး လုပ်ကြပါအုံး ဟိုကောင်မလေး ထွက်လာတာ ဘောင်းဘီမှာ ရှုးကွက်တွေနဲ့"
သံဝေဂတရားရစရာမြင်ကွင်းတည်း။ ပျော်သည့်သူကပျော် ငိုသည့်သူကငို။
" နောက်တစ်ယောက် ဘစ်ရှော "
မောင်ပွ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ တံတွေးကိုတစ်ချက်မျိုချ၍ ချောင်နေသော ဒူးများဖြင့် လျှောက်လမ်းမအတိုင်း လျှောက်လာခဲ့တော့သည်။
" ကဲ ထိုင်ပါ မောင်ဘစ်ရှော ဘယ်လိုလဲ ကိုယ်သီဆိုခဲ့တာကို အားရရဲ့ လား"
" မရပါဘူး ခင်ဗျာ"
" အေးလေ စောင်သုံးမှမကျတာ"
" ဟာ"
" အသံကလည်းဆိုးထှာ"
"ဟင့်"
" နှာခေါင်းကလည်း ပွချက်"
" အဟင့်"
ဘယ်ကတည်းက လှော်ချင်နေသည်မသိ။
" မင်းကို မရွေးဘူးလို့ ပြောချင်ဘေမဲ့"
" ဟာ တော်ကြပါတော့ဟဲ့ စိတ်တွေလည်း ဆင်းရဲလှပါဘီ မရွေးဘူး မဟုတ်လား ပြန်မယ် "
" မပြန်စေချင်ဘေမဲ့"
" ဟာ ဖီ လုပ်ပြန်ပြီ"
" ရွေးလိုက်ပါဘီလို့ ပြောချင်ဘေမဲ့"
" ဝှေ့ လည်ကြောင်ပတ် မလုပ်ပါနဲ့တော့လို့ ပြောချင်ဘေမဲ့"
နောက်ဆုံးတွင်တော့ မောင်ပွတစ်ယောက် top ten finalists ထဲပါဝင်ခဲ့ချေပြီ။ ပြိုင်ပွဲမစခင် ထုံးစံအတိုင်း မိတ်ကပ်ဖို့ ၍ ဓါတ်ပုံအရိုက်ခံရသေး၏။ တစ်ယောက်ချင်းစီကို အင်တာဗျူးလေရာ ဘစ်ရှော အလှည့်တွင်
" ဟုတ်ကဲ့ တကယ်လို့ ဒီပြိုင်ပွဲကထွက်သွားရရင်လည်း နောက်ပြိုင်ပွဲတွေ လာလုပ်ရဲ လုပ်ကြည့် ကျော်ကတော့ ဝင်ပြိုင်မှာပါ "
သို့ နှင့် ပထမဆုံးအပတ်ဖြစ်သော မိမိစိတ်ကြိုက်သီချင်း သီဆိုရမည့် အပတ်သို့ ရောက်လာလေသည်။ ဒီအပတ်အတွက် မောင်ပွ ရွေးထားသည်က နီနီခင်ဇော်၏ မလိုချင်ဘူး စစ်။ မည်သူမှမထင်မှတ်ထားသော performance မျိုးလုပ်ပြမည်ဖြစ်လေရာ voting များများရမည်မှာ ဧကန်မလွဲပင်။ ပြိုင်ပွဲဝင်ရမည့် စင်မြင့်ကြီးမှာလည်း ခမ်းနားလှ၏။ ပရိတ်သတ်များမှာလည်း ပွဲကြည့်စင်တွင် အုံးအုံးကြွက်ကြွက် ဖြစ်နေလေပြီ။
" ယခုအခါ ဆက်လက်ပြိုင်ပွဲဝင်မယ့်သူကတော့ voting no( -) ဘစ်ရှော ဖြစ်ပါတယ် ခင်ဗျား လက်ခုပ်သံလေးနဲ့ ကြိုဆိုပေးပါအုံး"
မောင်ပွ မိမိထွက်ရမည့် စင်အလယ်တည့်တည့်တွင် နေရာယူလိုက်၏။ စစချင်းတွင် မီးအမှောင်ချထားလေရာ မောင်ပွရပ်နေမှန်းကို မမြင်ကြ။ ဟော တီးလုံးသံစပါပြီ။
" စာမလာခဲ့တာ အကြာကြီးလေ ပြောင်းလဲရက်လနှစ်တို့  အမှောင်ပြည့်"
" ဟေး ရွှီးဖြောင်းဖြောင်း"
" ရှုးးးးးး"
" ဟွင် မီးခိုးတွေ"
မျက်စိမှုန်သော ဘစ်ရှောတစ်ယောက် မလှမှာစိုး၍ မျက်မှန်ချွတ်ကာ စင်ပေါ်တက်ခဲ့ပါသည်ဆိုမှ မီးခိုးများကို အလုံးအရင်းနှင့် မှုတ်ထုတ်လေရာ ဘာမှမမြင်ရတော့ဘဲ စမ်းတဝါးဝါးဖြစ်ကာ စင်နောက်ရှိ စထွက်ခဲ့သော နေရာသို့ ပြန်ဝင်သွားမိလေတော့သည်။ မျက်လုံးထဲမီးခိုးငွေ့  ဝင်မှာစိုး၍ မျက်စိကို မှိတ်ထားလေရာ ပို၍ ဆိုးတော့၏။ စင်နောက်တွင် ထိုင်နေသော သူများမှာ မျက်လုံးစုံမှိတ် ကာ မိုက်ကြီးကိုင်လျက် ပြန်ဝင်လာသော ဘစ်ရှောကိုတွေ့လျှင် ကြက်သေသေကုန်ကြလေတော့သည်။ ဘစ်ရှောကား အခြေနေမှန်ကိုမသိဘဲ မျက်စိမှိတ်ကာ ဆက်ဆိုလေ၏။
" မလိုချင်ဘူးစစ် နင်ထားလို့ သွားတဲ့ နေ့ ဆိုးတွေ ဟေးအနားမှာ မရှိနိုင်ခဲ့တဲ့ ညဆိုးတွေ"
ဆိုနေရင်း နှင့် ဘစ်ရှောတစ်ယောက် ပရိတ်သတ်ဘက်ကို လက်ကို ဝှေ့ယမ်းပြလိုက်သေး၏။ မျက်လုံးကတော့ ခုထိမဖွင့်သေး။ သူ့ စိတ်ထဲတွင်တော့ ရှေ့ တွင် ပရိတ်သတ်ရှိသည်ပေါ့လေ။ တကယ်တမ်း သူလက်ပြနေသည်က စင်နောက်မှ လူများ။ ဤတွင် မနေနိုင်တော့သော လူတစ်ယောက်မှ ဘစ်ရှောကို စင်ပေါ်သို့ ပြန်တင်ပေးလိုက်ရလေသည်။ ယခုမှ ပရိတ်သတ်အစစ်များကို ဘစ်ရှောမြင်ရတော့၏။ သည်တွင် ငှားထားသော performance အဖွဲ့ မှာလည်း ဘစ်ရှောကို မမြင်၍ စင်ပေါ်မတက်ရဖြစ်နေလေရာ ယခုမှသက်ပြင်းချနိုင်လေတော့သည်။
" မမြင်ချင်ဘူးစစ် မီးတွေသင့်တဲ့မြို့ ကလေးတွေ ဟေးသက်တမ်းကုန်သွားတဲ့ အသိုက်လေးတွေ"
" ဒုန်းဒုန်းဒုန်း ဝရုန်း "
" ဟဲ့ ဗုဒ္ဓေါကြီးနဲ့ ဘုရားငုတ်တုတ် ဘာတွေစင်ပေါ်ပြေးတက်လာတာတုန်း"
ဘယ်သူတွေရှိရမလဲ။ ဘစ်ရှောငှားထားသည့် လူအုပ်ကြီးပြေးတက်လာခြင်း ဖြစ်၏။ ရပ်ကွက်ဈေးထဲမှ အသီးအရွက်သည် ငါးစိမ်းသည် အလုပ်မရှိအကိုင်မရှိ သူများအား ဘာမှလုပ်စရာ မလိုပါ စင်ပေါ်မှာ ဟိုဘက်ဒီဘက် ပတ်ပြေးပြရင်ရပါပြီဟု ခေါ်ခဲ့လေရာ စုစုပေါင်း အယောက်သုံးဆယ်ကျော်လေသည်။
" မလိုချင်ဘူးစစ် နင်ထားလို့ သွားတဲ့ နေ့ ဆိုးတွေ ဟေး အနားမှာ မရှိနိုင်ခဲ့တဲ့ ညဆိုးတွေ"
" ဒုန်းဒုန်းဝရုန်းဒုန်း"
" ဟဲ့ဟဲ့ ငါ့ကိုစောင့်ကြပါအုံးဟဲ့"
" ခစ်ခစ် ထမီကျွတ်ကျပြီတော့"
" ဟေ့ကောင်တွေ ငါပြောသလို အစဉ်အတိုင်းပြေးပါဆို"
" အီး ဟီး မေကြီးရေ သမီးကို စောင့်အုံး"
စစ်ပြေးဒုက္ခသည်များမှာ စင်ပေါ်ရောက်တုန်းရောက်ခိုက် ပရိတ်သက်ဘက်လှည့်ကာ fly kiss လုပ်ပြလိုက် ပရိတ်သတ်နောက်ခံထားကာ selfie ဆွဲလိုက် နှင့် ဒုက္ခသည်နှင့်မတူတော့ဘဲ အပျော်ခရီး ထွက်လာကြသကဲ့သို့ ဖြစ်ကုန်ကြလေတော့သည်။ တစ်ယောက်မှ ဖုန်းကိုမိုးပေါ်ထောင်ကာ selfie မဆွဲလိုက်နှင့် ရှေ့ သို့ ရောက်နှင့်ပြီးသော သူအပေါင်းမှာ ချက်ချင်းဘရိတ်အုပ်၍ နောက်ပြန်လှည့်ကာ ကင်မရာအောက် လက်၂ချောင်းထောင်ကုန်ကြလေတော့၏။
" မလိုချင်ဘူး စစ် နင်ထားလို့ သွားတဲ့နေ့ ဆိုးတွေ ဟေး အနားမှာမရှိနိုင်ခဲ့တဲ့ ညဆိုးတွေ"
သီချင်း၏ tempo အမြင့်ဆုံးအပိုင်းသို့ ရောက်လာချေပြီ။ မြင်ရသူ ပရိတ်သတ်အပေါင်း မျက်ရည်တောက်တောက်ကျကာ ဝမ်းနည်းစေမည့် အကွက်။ သေနတ်ကိုင်ထားသော စစ်သားများတက်လာကာ ဟိုဘက်ဒီဘက် ပစ်ရမည့် အကွက်။ ကြားထဲမှပြေးနေသော သူများ တဘုန်းဘုန်းလဲကျ ရမည့် အချိန်။
" ငှယ်
တကယ်တမ်း သေနတ်ကိုင်တက်လာတာက ခပ်ဝဝ အမျိုးသမီးကြီး။ဒါဆို စစ်သားတွေ ဘယ်ရောက်သွားသတုန်း။ ကြည့်လိုက်တော့ စစ်သားများခမျာ လူအုပ်ကြားထဲ ဝင်ပြေးနေလေ၏။
" ဟဲ့ ဘယ့်နှာဒေတုန်း ဇာတ်တိုက်ထားတာ လွဲကုန်ပြီ"
အဆိုပါ မိန်းမကြီးမှာ စင်အောက်မှာကတည်းက သူသေနတ်ကိုင်ချင်ကြောင်း တပူပူတောင်းဆိုနေသည်ကို အမှတ်ရမိ၏။ သို့ သော် စစ်ဖြစ်နေပါသည်ဆိုမှ မိန်းမနှင့် သေနတ် မည်သို့ မှ မသင့်တော်သောအခါ ဘစ်ရှောတစ်ယောက် မာမာထန်ထန်ပင် ငြင်းဆန်ခဲ့လေသည်။ ယခုမူ မည်သို့ မည်ပုံ အပေးအယူလုပ်လိုက်သည် မသိ။ အနှီမိန်းမမှာ သေနတ်ကိုင်၍ စင်ပေါ်တက်လာချေပြီ။ ကြည့်ရသည်မှာ နေရာလဲလိုက်ပုံရ၏။ ထို့ အတွက်ကြောင့် စစ်သားခမျာ လူအုပ်ကြားထဲ ပတ်ပြေးနေရတော့သည်။ ပုံစံကို သရုပ်ပေါ်အောင်ပြောပြရလျှင်ဖြင့် မသေးမျှင်တွတ်ပီသေနတ်ကိုင်ထားသကဲ့သို့ ဖြစ်၏။ ထိုသေနတ်ကိုင် အမျိုးသမီးမှာ တုန်တုန်တုန်တုန်ဖြင့် စင်ပေါ်ရှိလူများကို လိုက်ပစ်လေတော့သည်။ ပစ်တာမှ ရိုးရိုးမပစ်။ ပရိတ်သတ်ဘက်ပါ လှည့်ပစ်လေ၏။ သေနတ်မှာ တကယ့်သေနတ်ပုံစံဖြစ်လေရာ ပရိတ်သတ်များမှာ ခုံအောက်ပြေးဝင်သူကဝင် ဇက်ပုသူကပု ဖြစ်ကုန်ကြတော့သည်။
" ကဲ တော်ကြပါတော့ဟဲ့ တစ်ရာဖိုးသုံးယောက်တွေ ဆင်းကြပါတော့ဟဲ့"
သည်းမခံနိုင်တော့သော ဘစ်ရှောတစ်ယောက် ဟန်ပင်မဆောင်နိုင်တော့ဘဲ စင်ပေါ်မှ ဆင်းခိုင်းရသည်အထိပင်။ သီချင်းကို အေးဆေးမဆိုရဖြစ်လေရာ vocal colour တွေပင် စစ်ပြေးဒုက္ခသည် colour တွေဖြစ်ကုန်ပြီလားမသိတော့။
" သားလေး ဘစ်ရှော ဒီအုပ်စုကို ဘယ်ကများ ခေါ်တင်လာသတုန်းကွယ်"
" ဟေးဟေးဟေး ငါကျန်ခဲ့ပြီဟ"
ဒိုင်ပြော၍ပင်မပြီးသေး။ စင်ပေါ်ကျန်ခဲ့သူတစ်ယောက်မှာ အော်ကြီးဟစ်ကျယ်ပြေးဆင်းသွားလေသည်။ ဒိုင်များမှာလည်း အံ့သြဘနန်း။
" သရုပ်ဖော်တာ ပီပြင်လွန်းသကွယ် အစ်မဖြင့် ဟိုအမျိုးသမီးကြီး သေနတ်နဲ့ပစ်နေတုန်းကဆို စီးထားတဲ့ဒေါက်ဖိနပ်နဲ့ကို ကောက်ပေါက်ချင်တာ သူများစပွန်ဆာပေးထားတဲ့ ဖိနပ်မို့ ပေါ့ စမင်ကပ်ထှာအေ"
" ဟုတ် ကျိုင်းဇူးပါ"
သီဆိုပြီးသည့်နောက် ပရိတ်သတ်ထံမှ voting ရစေရန် မိမိ facebook အကောင့်တွင် live လွှင့်၍တစ်မျိုး status တွေတက်အောင်တစ်ဖုံကြိုးစားရလေ၏။မိမိ၏ We love ဂရုထဲတွင်လည်းဘာတွေများရေးထားသလဲဟု မသိမသာ သွားစပ်စုရတာလည်း အမော။
" ကိုဘစ်ရှောကို အားပေးတယ်ဆို hiခဲ့"
" ဟာ ဖီ ဘာမှလည်း မဆိုင်ပု"
သို့ နှင့် result show သို့ ရောက်လာချေပြီ။ ကံအကောင်းအကြောင်းမလှစွာဘဲ မောင်ဘစ်ရှောတစ်ယောက် bottom ထိုင်ရလေ၏။
" ဟုတ်ကဲ့ပါ ခင်ဗျာ ဒီနေ့ မှာတော့ စိတ်မကောင်းစွာနဲ့ပဲ ဒီနှစ်ယောက်ထဲက တစ်ယောက်ကို အိမ်ပြန်လွှတ်ရပါမယ် ဒီတော့ မီးခဏလေး မှိတ်ပေးပါလား ခင်ဗျာ"
" ဖျတ်"
" ဟုတ်ကဲ့ ရပါပြီ ခဏနေ ကျွန်တော်ပြန်လာခဲ့ပါ့မယ် ခင်ဗျာ"
" ဟာ နေအုံးလေ မတာရီး အဖြေပြောသွားအုံးလေ "
" ဟုတ်ကဲ့ ကျနော်ပြန်လာပါဘီခင်ဗျာ"
" ဟူးး"
" ဒီ voting results ဟာဆိုရင်ဖြင့် တစ်နိုင်ငံလုံးမှာရှိတဲ့"
" ဖျတ်"
"ဟွင် မီးမပိတ်ခိုင်းသေးဘူးလေ မီးပြန်ဖွင့်ပေးပါအုံးခင်ဗျာ"
" မီးပိတ်တာမဟုတ်ဘူး မတာရီးရဲ့ မီးပြတ်ဝါးတာဟ"
" ဖျတ်"
" ဟော မီးပြန်လာပါဘီခင်ဗျာ မီးလေးခဏလောက်မှိတ်ပေးပါလား ခင်ဗျာ"
" ငှယ် ငလူးးး ခလုတ်ပျက်တော့မယ်ဟ"
" ဟုတ်ကဲ့ ကျနော် ကြေငြာပေးပါတော့မယ်"
" ဟင့် ကြေငြာရင်လည်း ကြေငြာပါတော့ ဘာလို့ လူကိုစိုက်ကြည့်နာတုန်း"
အချိန်ဆွဲနေခိုက် စိတ်လှုပ်ရှားလွန်း၍ထင့်။ ဘစ်ရှောတစ်ယောက် သေးထွက်ကျလေသည်။ နောက် bottom တစ်ယောက်မှာ ဒူးခွေကျ၍ ပဆစ်တုပ်ထိုင်ကာ နားထောင်ရလေ၏။
" ဟုတ်ကဲ့ ဒီနေ့ အတွက်အိမ်ပြန်ရမယ့်သူကတော့ မီးလေးမပိတ်တပိတ်လေးလုပ်ပေးပါလားခင်ဗျာ"
" ဟွာလေ အစ်ကိုရီး မကြေငြာပါနဲ့တော့လား ကျော်တို့ နှစ်ယောက်လုံးပဲပြန်လက်တော့မယ် "
" ဟုတ်ကဲ့ ပြန်ရမယ့် သူကတော့ ဘစ်ရှော"
ဟာ။ ဘစ်ရှော တစ်ယောက် မျက်ရည်ပေါက်ပေါက်ကျကာ အီးပါထွက်ကျလေသည်။ လာဖေးမကြကုန်သော အခြားပြိုင်ပွဲဝင်တို့ မှာ ချီးစော်သေးစော်နံနေသော ဘစ်ရှောအနားသို့မကပ်၍လည်းမဖြစ်၍ အသက်အောင့်အံကိုကြိတ်ကာ ကပ်ကြရလေကုန်၏။
" ဟုတ်ကဲ့ ညီလေး ဘစ်ရှော စိတ်ဓါတ်မကျပါနဲ့ ညီလေးအနေနဲ့ ရှေ့ ဆက်ပြီး ဘာတွေဆက်လုပ်မယ်ဆိုတာ ပြောပြပေးပါလား"
" ဟုတ် ကျော် ကားလက်မှတ်အရင်ဖြတ်ရပါမယ်"
" ဟွင် မဟုတ်ဘူးလေ အနုပညာအလုပ်ပြောတာ"
" ဟုတ်ကဲ့ ကျနော် ပန်းချီဆွဲပါမယ် စာရေးပါမယ် ပန်းပုထုပါမယ် ပန်းထိမ်လုပ်ပါမယ် တယောထိုးပါမယ် ဘာဂျာမှုတ်ပါမယ်"
" အမငိ ဆိုဘေမဲ့ နှုတ်ဆက်သီချင်းလေး သီဆိုပေးပါအူး"
" ဟုတ်ကဲ့ ကျနော် သီဆိုမှာကတော့ ပြိုင်ပွဲဝင်ခဲ့တဲ့သီချင်းလေးဖြစ်တဲ့ မလိုချင်ဘူး စစ် ခမ်းမား"
" ဝရုန်း ဒုန်းဒုန်းဒုန်း"
" အမလေး ဗုဒ္ဓေါကြီးနဲ့ ဘုရားငုတ်တုတ် ဟိုတစ်ရာဖိုး သုံးယောက်တွေ ပြန်တက်လာပြန်ပြီ"
ဤတွင် မောင်ဘစ်ရှော၏ ပြိုင်ပွဲဝင် ခရီးပြီးဆုံးလေသည်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Vote ​ပေးသွားသည်

Congratulations @aungtz! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!