အနော်ရထာမင်း(အေဒီ ၁၀၄၄- ၁၀၇၇)
🤴🤴🤴🤴🤴🤴🤴🤴🤴🤴🤴🤴🤴
အနော်ရထာမင်းစော သည် ပထမမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သူ ဖြစ်သည်။ ပုဂံဘုရင် ကွမ်းဆော်ကြောင်ဖြူမင်း ၏ သားတော်ဖြစ်သည်။
အနော်ရထာမင်း-မြန်မာဘုရင်
နန်းသက် - ၁၀၄၄ - ၁၀၇၇
နန်းတက်ချိန် - ၁၆ ဒီဇင်ဘာ ၁၀၄၄
ရှေ့မင်းဆက် - စုက္ကတေးမင်း
နောက်မင်းဆက် -စောလူးမင်း
မွေးဖွား - ၁၁ -၃- ၁၀၁၄ ပုဂံ
ကွယ်လွန် -၂၃ မတ် ၁၀၇၇ (၆၃ နှစ်)ပုဂံ
သားသမီးများ - စောလူးမင်း
ခမည်းတော် -ကွမ်းဆော်ကြောင်ဖြူမင်း
မယ်တော် - မြောက်ပြင်သည်
ထီးနန်းရရှိပုံ
အနော်ရထာမင်းသည် ပထမ မြန်မာနိုင်ငံတော်ကြီးကို စတင်တည်ထောင်ခဲ့သူဖြစ်သည်။ ပုဂံမင်း ၅၅ ဆက်အနက် ၄၂ ဆက်မြောက် မင်းဖြစ်သည်။ အနော်ရထာကား ပုဂံပြည့်ရှင် ကွမ်းဆော်မင်းဟုလည်းတွင်သော ကြောင်ဖြူမင်းနှင့် မိဖုရားမြောက်ပြင်သည်တို့မှ သက္ကရာဇ် ၃၇၆ ခုနှစ်တွင် ဖွားမြင်သောသားတော် ဖြစ်သည်။
ခမည်းတော်အား နန်းချ၍ ထီးနန်းစိုးစံနေသော နောင်တော် စုက္ကတေး နှင့် အနော်ရထာသည် မြင်းစီးချင်းတိုက်၍ အနိုင်ရသောအခါ ခမည်းတော်ရှိရာ ကျောင်းတော်သို့သွား၍ ခမည်းတော်အား မင်းပြုရန် တောင်းပန်လေသည်။ ခမည်းတော်သည် ငါအသက်အရွယ်ကြီးပြီ၊ အမောင်သာ မင်းပြုတော့ဟု မိန့်တော်မူမှ သက္ကရာဇ် ၄၀၆ ခုနှစ်တွင် ရာဇာဘိသေက ခံ၍ နန်းတက်သည်။ ခမည်းတော်အားလည်း မင်းမြှောက်တန်ဆာငါးပါးနှင့်တကွ မင်းဆောင်မင်းယောင် မင်းခမ်းမင်းနားအကုန် ကျင်းပစေ၍ ရဟန်းမင်းပြုစေသည်။ အနော်ရထာမင်း နန်းတက်သက္ကရာဇ်ကို မှန်နန်းရာဇဝင်၌ ၃၇၉ ခုနှစ်ဟုဆို၍ ဦးကုလားမဟာရာဇဝင်၌ ၃၄၆ ခုနှစ်ဟုဆိုသည်။ သို့ရာတွင် ဇာတာတော်ပုံ ရာဇဝင် အရလည်းကောင်း၊ ကျောက်စာ များနှင့် လည်းကောင်း ညှိနှိုင်းကြည့်သောအခါ ၄၀၆ ခုနှစ်ဟု တွေ့ရသည်။
ကွမ်းဆော်ကြောင်ဖြူမင်း ထီးနန်းကျပြီးနောက် သားတော် စုက္ကတေး ထီးနန်းပြုနေခဲ့သည်။ စုက္ကတေး သည် အဖေတူ အမေကွဲ ဖြစ်သော အနော်ရထာ၏ မယ်တော်ကို မိဖုရားအဖြစ်သိမ်းပိုက်ခဲ့သည်။ အနော်ရထာသည် စုက္ကတေးအား မကျေမနပ်ဖြစ်ကာ နန်းတော်မှထွက်ပြီး စစ်တိုက်ရန် လူသူစုဆောင်းခဲ့သည်။ ပုဂံကို ပြန်လည်သိမ်းပိုက်ရန် ချီတက်လာပြီးနောက် စစ်ဖြစ်လျှင် လူအများအပြား သေကြေပျက်စီးမည် ကို မလိုလားသဖြင့် နောင်တော် စုက္ကတေး နှင့် မြင်းကပါ အရပ်တွင် တစ်ဦးချင်း စီးချင်းထိုးခဲ့သည်။ နောက်ဆုံးတွင် အနော်ရထာ အနိုင်ရရှိပြီး ပုဂံတွင်မင်းဖြစ်လာခဲ့သည်။
တိုင်းပြည်အတွက် ကြိုးပမ်းပုံ
အနော်ရထာမင်း နန်းတက်သောအခါ ပုဂံပြည် ဩဇာ ပြန့်နှံ့ရာအရပ်မှာ ယခု မန္တလေး၊ မိတ္ထီလာ၊ မြင်းခြံ၊ ကျောက်ဆည်၊ ရမည်းသင်း၊ မကွေး၊ စစ်ကိုင်း၊ ကသာ၊ ပခုက္ကူ၊ မင်းဘူးတဝိုက်မျှသာ ကျယ်ဝန်းဟန် တူသည်။
အနော်ရထာမင်းကြီးသည် နန်းတက်သည်နှင့် တပြိုင်နက် နိုင်ငံစီးပွားရေးနှင့် စစ်အင်အားကို စည်းရုံးခဲ့သည်။ စီးပွားရေးအင်အား တောင့်တင်းရန်အတွက် ကျောက်ဆည်နယ်၌ တူးမြောင်းများကို စနစ်တကျ ဆည်ဖို့စေလျက် မြစ်ငယ်မြစ်၊ ပန်းလောင်မြစ်နှင့် စမုန်မြစ်တို့မှ စီးဆင်းလာသော ရေအားဖြင့် စပါးကောက်ပဲသီးနှံ အများအပြား ထွက်အောင် စီမံခန့်ခွဲခဲ့သည်။ ဤသို့ လယ်ယာစိုက်ပျိုးမှုကို ကောင်းစွာ အားပေးပြုစုသဖြင့် ကျောက်ဆည်နယ်သည် ပုဂံပြည်၏ စားရေရိက္ခာ သိုမှီးရာ စပါးကျီသဖွယ် ဖြစ်လာလေသည်။
စားရေရိက္ခာ လုံလောက်ပေါများ လာသောအခါ အနော်ရထာမင်းသည် စစ်သည်ရဲမက်တို့ကို အရေးပေါ်လျှင် ပေါ်သည့်အားလျော်စွာ စုရုံး ဖွဲ့စည်းနိုင်ခဲ့သည်။ စွမ်းရည်သတ္တိနှင့် ပြည့်စုံသော သူရဲကောင်းများကိုလည်း မြတ်နိုးစွာ မြှောက်စားချီးမြှင့်ခဲ့၏။ ထို့ကြောင့်လည်း အမတ်သူရဲကောင်းများ ပေါများလေသည်။ အမတ်သူရဲကောင်းများအနက် သားတော်ကျန်စစ်သားသည် အမြော်အမြင်နှင့်ပြည့်စုံ၍ လက်ရုံးတဆူ အားကိုးရသော မင်းသားဖြစ်သည်။ ကျန်အမတ် သူရဲကောင်းများမှာ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး၊ ဗျတ္တနှင့် ရွှေဖျဉ်းညီနောင် စသည်တို့ဖြစ်ကြသည်။ မြန်မာနိုင်ငံကြီးကို စည်းရုံး ဖွဲ့နှောင်လျက် ပြုစုပျိုးထောင်ရာ၌ ဤသူရဲကောင်းများသည် ကြီးစွာသော အကူအညီပေးခဲ့သည်။
မင်းတရားကြီးသည် စစ်တပ်ကို ဖွဲ့စည်းရာ၌ လက်အောက်ခံ ရွာ၊ မြို့၊ ခရိုင်တို့၏ အင်အားကိုလိုက်၍ အချိုးကျ ပါဝင်စေခဲ့သည်။ စစ်သည်များကို အချိုးကျ နည်းစနစ်နှင့် အရဖြည့်တင်းပြီး အနော်ရထာမင်းကြီးသည် တကွဲတပြားစီ ဖြစ်နေသော ပြည်နယ်များကို တိုက်ခိုက်သိမ်းသွင်းခဲ့သည်။ အထက်တခို၌ နန်ချောင်မင်းတို့၏ ရန်ကို တားဆီးနိုင်၍ ဗန်းမော်၊ မြစ်ကြီးနားဒေသတဝိုက်အထိ မိမိ၏ အာဏာကို သက်ရောက်ပြန့်နှံ့စေလေသည်။ နန်ချောင်မှ အပြန် မောမည်သော ရှမ်းပြည်ကို အုပ်စိုးသည့် မင်းက သမီးတော်စောမွန်လှအား ဆက်သလိုက်သည်ကို ထောက်၍လည်း မြန်မာတို့ မည်မျှ အင်အားကြီးမား၍ နေကြောင်း သိသာသည်။
သာသနာပြုခြင်း
အနော်ရထာမင်း နန်းတက်စတွင် ပုဂံပြည်၌ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို လည်းကောင်း၊ လောကနာထကို လည်းကောင်း၊ ဗြဟ္မာ၊ ဗိဿနိုး၊ ပရေမေသွာတို့ကိုလည်းကောင်း၊ နတ်နဂါး နှင့် အရည်းကြီးတို့ကိုလည်းကောင်း အားလုံးစုံကို ရောနှော ယောင်မှား၍ လည်းကောင်း ကိုးကွယ်နေကြလေသည်။
ထိုအခါ ယဉ်ကျေးမှုသည် မသန့်မရှင်း ဖြစ်နေလေသည်။ အနော်ရထာမင်းသည် ထိုအယူဝါဒများကို မနှစ်သက်သဖြင့် မှန်သောတရားကိုသာ တောင့်တနေခိုက် သထုံပြည်မှ ဓမ္မဒဿီမည်သော ရဟန်းတော် ရှင်အရဟံသည် ပုဂံသို့ ရောက်လာ၍ ဟောပြောသဖြင့် မင်းနှင့် တကွ တပြည်လုံး ဗုဒ္ဓအယူဝါဒ တည်ကြသည်။ မြန်မာနိုင်ငံ နိုင်ငံတော်ဘာသာ အစ- အနော်ရထာမင်း က ဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်ပါသည်။ ဗုဒ္ဓဘာသာ သာသနာကို နိုင်ငံတော်ဘာသာ၊ သာသနာအဖြစ် အနော်ရထာမင်း က စတင် သတ်မှတ် ခဲ့သည်။ နိုင်ငံတော် ဗုဒ္ဓဘာသာ(နိုင်ငံတော်ဘာသာ ) သည် ပထမမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သူ ဗမာဘုရင် အနော်ရထာမင်း နန်းတက်ခဲ့သည့် ခရစ်နှစ် ၁၀၄၄ က စပြီး ရေတွက်သောကြောင့် လွန်ခဲ့သောနှစ်ပေါင်း ၉၇၆ ( ခရစ်နှစ်၂၀၂၀ - ၁၀၄၄= ၉၇၆) က ပထမ စတင် သတ်မှတ် ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်ပါသည်။
ဗုဒ္ဓအယူဝါဒ တည်တံ့ပြန့်ပွား ထွန်းကားရေးအတွက် အနော်ရထာမင်းသည် အားထုတ်တော်မူပြန်သည်။ အနော်ရထာမင်းသည် ၄၉၁ ခုနှစ်တွင် စစ်သည်ဗိုလ်ပါ အလုံးအရင်းနှင့်ချီ၍ ပိဋကတ်တော်အစုံ ၃ဝ ကို ပင့်ဆောင်လေသည်။ အနုပညာသည်၊ လက်မှုပညာသည် များကိုလည်း ယူသည်။ သထုံပြည်ကိုလည်း တနင်္သာရီအထိ သိမ်းသွင်းလေသည်။
ထိုအခါမှစ၍ အနော်ရထာမင်းသည် ပုဂံပြည်ရှိ ရဟန်းများအား ဘုရားရှင်၏ ပိဋကတ်တော်အစစ်ကို သင်ကြားစေလေသည်။ သင်ကြားစေနိုင်စိမ့်သောငှာ ပိဋကတ်တော်တို့ကို မွန်အက္ခရာမှ မြန်မာအက္ခရာသို့ ပြန်စေပြီးလျှင် ပုဂံမြို့တွင် ထိုပိဋကတ်တိုက်တာကို ဆောက်၍ လှူဒါန်းလေသည်။ ထိုပိဋကတ်တိုက်သည် ယခုတိုင် ပုဂံမြို့ဟောင်း၌ ရှိလေသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံဟု လည်းကောင်း၊ မြန်မာနိုင်ငံ ယဉ်ကျေးမှုဟုလည်းကောင်း ခေါ်နိုင်သော ပုဂံပြည်နှင့် ပုဂံယဉ်ကျေးမှုတို့သည် အနော်ရထာမင်းနှင့် ရှင်အရဟံ တို့၏ ဉာဏ်ပညာ လုံ့လတို့ကြောင့် ပြည်ထောင်စုသမိုင်းတွင် ပထမဆုံး အကြိမ် ကျယ်ပြန့်၍ စည်းလုံးသော ဘဝကို ရလာလေသည်။
ထိုအခါက ရခိုင်ပြည်၏မြို့တော်မှာ စစ်တွေနယ်ရှိ ပဉ္စာမြို့ ဖြစ်လေသည်။ ထိုစစ်ပွဲတွင် ဗမာတို့က အနိုင်ရသဖြင့် ရခိုင်ပြည် မြောက်ပိုင်းသည် ပုဂံခေတ်တလျှောက်လုံး ဗမာ့လက်အောက်ခံနိုင်ငံတခု ဖြစ်လာခဲ့သည်။ ရခိုင်ပြည် ရာဇဝင်၌ ရခိုင်ပြည် မြောက်ပိုင်းကို အနော်ရထာစော တိုက်ခိုက်သိမ်းယူကြောင်းနှင့် ဆိုရာတွင် “ ပျူကိုးသောင်းနှင့် ပျူမင်းလာသည် ” ဟု ဖြစ်သည်။
မင်းတရားကြီး ပြုတော်မူခဲ့သော ကောင်းမှုတော်တို့ကား များပြားလှစွာ၏။ ရွှေစည်းခုံဘုရား၊ ရွှေရင်မြော်ဘုရား၊ ရှမ်းပြည် ညောင်ရွှေမြို့ရှိ ပေါရိသတ်ဘုရား၊ တန့်ကြည်တောင်ဘုရား၊ မန္တလေးတောင်၊ ရွှေကြက်ယက် ရွှေကြက်ကျ တောင်များပေါ်ရှိ ဘုရားများ၊ တောင်ပြုံးမှ ဆုတောင်းပြည့်ဘုရား၊ မြင်ကပါဘုရား စသည်တို့ဖြစ်သည်။
အနော်ရထာဘုရင်လက်ထက်တွင် တောလည်သော မုဆိုးတစ်ယောက်သည် တောထဲ၌ ထူးဆန်းသော အဝတ်အစားနှင့် ပုံသဏ္ဌန်ရှိသည့် လူတစ်ဦးကို တွေ့မြင်သဖြင့်စူးစမ်းရာ ရဟန်းဖြစ်ကြောင်း သိရသဖြင့် ဘုရင်ကို အကြောင်းကြားသည်။ ထိုရဟန်းမှာ ရှင်အရဟံဖြစ်သည်။ အနော်ရထာမင်းသည် ရဟန်း၏ အဆုံးအမကို ခံယူပြီးလျှင် ထေရဝါဒ ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့သည်။ ထို့နောက် အနော်ရထာမင်းသည် တစ်နိုင်ငံလုံးတွင် ရှိသည့် တျံတြစ်အယူဝါဒ နှင့် အရည်းကြီး တို့ကို နှိမ်နင်းခဲ့သည်
ပုဂံ အနော်ရထာနှင့် သထုံ စစ်ပွဲ
ရှင်အရဟံ၏ ပြောကြားချက်အရ အနော်ရထာမင်းသည် သထုံပြည်၌ ဗုဒ္ဓ၏ အဆုံးအမများကို မှတ်တမ်းတင်ထား သော ပိဋကတ် ၃ ပုံ ရှိကြောင်းသိလေ၏။ ထို့ကြောင့် လိမ္မာသော အမတ်တစ်ယောက်ကို လက်ဆောင်ပဏ္စာ များ ဖြစ်ဖြင့် သယာချေငံစာပြောဆို တောင်းယူစေ၏။ သို့သော် သထုံ မင်းသည် မ ချေငံသောစကားဖြင့် ဆိုလိုက်၏။ အနော်ရထာမင်းစောလည်း ထိုစကားကိုကြားရလတ်သော် အမျက်ရှ၍ စစ်သည်ဗိုလ်ပါများ သူရဲ သူခတ် များဖြင့် ကြည့်ကြောင်း ရေကြောင်းဖြင့် ချီလေ၏။ သူရဲကောင်း လေးဦး ဖြစ်သော ကျန်စစ်သား,ငထွေးရူး,ငလုံးလက်ဖက်,ညောင်ဦးဖီး တို့ ကို ရှေ့ဖျားချီစေ၍ အနော်ရထားကား နောက်တပ်မ ဖြု၍လိုက်လေ၏။ မနူဟာမင်းလည်း အနော်ရထာမင်းစော သူရဲကောင်းလေးဦးနှင့် စစ်ချီလာသည်ကို သိလေသော် ကြောက်ရွံပြင်းစွာဖြစ်လေ၏။ မြို့တံခါးကို လုံစွာပိတ်၍ ခူခံလေ၏။ စစ်သည်ကြီးလေးဦး သည် မြို့ကို ဖောက်လေ၏။သို့သော် မြို့တွင်းသို့ပင် ဝင်မရချေ။ ပယောဂ စီရင်သဖြင့်ဟုဆို၏။ ဇော်ဂျီဖိုဝင်သားစားသော ကုလားညီနှောင် နှစ်ဦးမ ညီဖြစ်သူက အကိုဖြစ်သူကိုသတ်၍ မြို့လေးဖတ် လေးလံတွင် မြုပ်၍စီမံထားသည်ဟုပြော၏။ ထို့ကြောင့် မြုပ်ထားသည်ကို ဆောင်ယူစေ၍ သထုံပြည်သိမ်းလေ၏ဟူ၍ ပြောစမတ်ဆိုရိုးရှိကြသည်။
အနော်ရထာမင်း သထုံကို တိုက်ခိုက်ချိန်သည် ခရစ်နှစ် ၁၀၅၇-၅၈ ခုနှစ်တွင်ဖြစ်ကြောင်း ကလျာဏီကျောက်စာက အတိအလင်းဆို၏။ ။ ရာမာဓိပတိ၏ ကလျာဏီကျောက်စာကို အေဒီ (၁၄၈၀)တွင်ရေးထိုး၍ သထုံကို အနော်ရထာ တိုက်ခိုက်ခြင်းအကြောင်း အစောဆုံးမှတ်တမ်းဖြစ်သည်။ သို့ရာတွင် အခြားခေတ်ပြိုင်မှတ်တမ်းများမတွေ့ရှိရသောကြောင့် ခိုင်မာစွာကိုးကားရန် ခဲယဉ်းသည်။ တိုက်ခိုက်ခဲ့လျှင်လည်း ရာဇဝင်တို့၌ ဖော်ပြထားသော သာသနာရေးအကြောင်းပြချက် တစ်ခုတည်းအတွက် တိုက်ခိုက်စစ်ဖြစ်ခြင်းသည် အမှန်ယူဆရန်ခက်ခဲပေသည်။ အခြားသောအခြေအနေများဖြစ်သည့် ဥပမာအားဖြင့် ကြွမ်(ဂျွမ်း) တို့ရန်ရှာမှုဖြင့် အောက်အရပ်၌ ဒုက္ခရောက်စဉ် အခွင့်ယူ၍ တိုက်ခြင်းမျိုးလည်းဖြစ်နိုင်သည်။ [၁] မြစ်ဝကျွန်းပေါ်ဒေသရှိ စည်ကားသော ကုန်သွယ်မြို့တို့ကို သိမ်ယူရန်ဆိုသည့် ရည်ရည်ချက်လည်းဖြစ်နိုင်သည်။ အခြားဖြစ်နိုင်သည့် ယူဆချက်တစ်ခုမှာ ရှမ်းယွန်းများနှင် မွန်တို့မသင့်မြတ်သောကြောင့် မွန်တို့က ဝင်ရောက်ဖျန်ဖြေညှိနှိုင်းရန် အကူညီတောင်းခံရာ အခွင့်ကောင်းယူ၍ အောက်မြန်မာနိုင်ငံကို သိမ်းယူခြင်းမျိုးလည်း ဖြစ်နိုင်ဖွယ်ရှိသည်။
ကိုးကား ပြင်ဆင်
#Credit ဝီကီပီးဒီးယား✍👸
↑ ဒေါက်တာသန်းထွန်း - ခေတ်ဟောင်းမြန်မာရာဇဝင်(တအကြိမ်)၊ p.137
↑ ဒေါက်တာသန်းထွန်း - အသစ်မြင် မြန်မာသမိုင်း(ဒုအကြိမ်)၊ p.48-49၊ စိတ်ကူးချိုချိုစာပေ
ဦးကုလား မဟာရာဇဝင်ကြီး
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)