နေရာ

in hive-145837 •  5 years ago 

IMG_4862-01.jpeg

ဒီနေ့အဖို့ ဘာရေး ရမည်ကို မသိ ဖြစ်နေ၏။ ရေးစရာ အစ ဆွဲထုတ်ဖို့ အတွေးတွေက တည်မရနေပေ။ ရေးစရာ ရယ်လို့ မယ်မယ် ရရ မရှိနေပေ။ အရင်ကလည်း ရေးစရာ မယ်မယ် ရရ မရှိတာတွေကိုပဲ မရမက အကျယ်ချဲ့ ရေးနေခဲ့သည်ကိုး။ ခုတလောက ရှည်ရှည်ဝေးဝေးတွေ သိပ်မရေးလိုပေ။ တိုတို တုတ်တုတ်လောက်သာ ရေးလို၏။ သို့ပေမယ့် promotion post အတွက် တိုတိုလေး ဆိုလျှင်တော့လည်း မကောင်းလှပေ။ အခြားသူများကို အားနာရသည် မဟုတ်လား။

ကလေးတွေ စာမေးပွဲကလည်း နီးလာပြီ ဖြစ်၏။ အလုပ်တွေက များသည်ဟု မဆိုနိုင်ပေမယ့် အားချိန်တော့ အတော်လေး နည်းနေ၏။ စာရေးဖို့ အချိန် တခုပေးထားလို့သာ တော်သေး၏။ ကလေးတွေ စာမေးပွဲ ပြီးသွားလျှင်တောင် နားရဦးမည် မထင်ပေ။ အိမ်ပြောင်းရဦးမည်ကိုး။ အမက လွိုင်ကော် ရာထူးတိုး ပြောင်းရမည် ဖြစ်သဖြင့် ကျနော်တို့လည်း လက်ရှိ နေနေသည့် ဝန်ထမ်း အိမ်ယာကနေ ပြောင်းပေးရမည် ဖြစ်၏။

IMG_20200226_173014.jpg

ထို ကိစ္စကလည်း ခေါင်းခဲ စရာပင်။ လောလောဆယ်တော့ အမ တယောက်ပဲ လွိွုင်ကော် သွားမှာ ဖြစ်ပြီး ကျောင်းဖွင့်မှ တူလေးကို ခေါ်မည် ဖြစ်၏။ တနွေတွင်းလုံးတော့ ကျနော်တို့ နှင့်အတူ ရှိနေဦးမည် ဖြစ်၏။ ကျနော်၏ နွေရာသီ အားလပ်ရက်ကလေးများကတော့ မအားလပ် ရက်ကလေးများ ဖြစ်သွားဖို့ များပြီ ဖြစ်၏။ သူတို့ကို ထိန်းရင်း၊ သင်တန်းတွေ ပို့ပေးရင်း အချိန်ကုန်ရဦးမည် ဖြစ်၏။ နွေပြီးသွားလျှင်တော့ တူမလေး တယောက်ထဲ ကျန်ခဲ့မည် ဖြစ်၏။ တူတော်မောင်က သူ့အမေ (ကျနော့် အမ) ထံ လိုက်သွားမည် ဖြစ်၏။ ဟိုမှာပဲ ကျောင်းတက်မည် ဖြစ်၏။

မိသားစုတွေ တနေရာစီ ဖြစ်နေတာမျိုးက သိပ်တော့ အဆင်မပြေပေ။ တူမလေးက ဒီမှာ ကျနော် အမေတို့်နှင့် ကျန်ခဲ့မည် ဖြစ်ပြီး တူလေးက ဟိုမှာ သူ့အမေနှင့် (၂) ယောက်ထဲ ဖြစ်နေမည် ဖြစ်၏။ ကလေးအတွက်တော့ စိတ်မကောင်းပေ။ ဒါပေမယ့် ဆရာသမားက နေတတ်တော့ အဆင်ပြေမည်ဟုတော့ ထင်မိ၏။ ကာတွန်း သို့မဟုတ် ပုံဆွဲစရာ တခုခုရှိလျှင် ကစားဖော် မရှိတောင် အဆင်ပြေပြေ နေနိုင်မည်ဟုတော့ ထင်မိ၏။ သို့ပေမယ့် အဖော်အပေါင်းလေး ရှိလျှင်တော့ ပိုပြီး ကောင်းသည် မဟုတ်လား။

ကလေးတွေ စာမေးပွဲအတွက် ပူရ၊ အိမ်ပြောင်းဖို့ စဉ်းစားရ၊ တူလေးနှင့် တူမလေး အတွက် စဉ်းစားပေးရနှင့် ကျနော့်မှာလည်း တွေးစရာတွေ အတော်ပင် များနေတော့၏။ တွေးရလွန်းလို့လည်း ညည တော်တော်နှင့် အိပ်မပျော်နိုင် ဖြစ်နေရတော့၏။ တချိန်ချိန်တော့ အားလုံး အဆင်ပြေသွားမှာပါဟု မျှော်လင့်ရင်း …

Don Jaun

MSC 31

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဘဝဆိုတာကလည်း ထင်မထားတာတွေဖြစ်လာတာများတယ်ဗျာ😀