ကျွန်တော်နာမည်က ကျော်ကြီးပါ အသက် ၁၈ ဥပဒေကျောင်းသားတယောက်ပေါ့။ ကျနော့်ရဲ့အားသာချက်ကတော့ အသက်အရွယ်နဲ့မလိုက်အောင် စဉ်းစားတွေးခေါ်တတ်တဲ့ ဦးဏှောက်တခုရှိတယ် သွက်လက်ပြီး ကြိုးစားတယ် တည်ငြိမ်ရင့်ကျတ်ပြီး ကျောထောက်နောက်ခံကောင်းတဲ့မိဘတွေရှိသလို အတန်းထဲက စာအတော်ဆုံးဆိုတဲ့ ကျောင်းသားတွေထဲမှာ ပါပါတယ်။ အလားအလာကောင်းတဲ့ တောက်ပတဲ့အနာဂါတ်တွေနဲ့ပေါ့ ။ ကျနော့်အခန်းဖေါ် ဖြိုးဝေဆိုတဲ့ကောင်နဲ့တော့ တခြားစီ ပဲ ဒီကောင်က နွားတကောင်လိုထူအတယ် အပျင်းထူတယ် ပြီးတော့ ဒီကောင့်ခေါင်းထဲမှာ ဘယ်လိုဝတ်ဘယ်လိုစားရမယ် ဘယ်လိုကြွားရမယ်ဆိုတဲ့ သောက်ပိန်းတွေရဲ့စဉ်းစားတွေးခေါ်မှုပဲရှိတတ်တယ်။ အခုပဲကြည့်လေ ကျနော်တို့ မိဘတွေခေတ်က ခေတ်စားတဲ့ သားရေဂျာကင်အကျီင်္ကြီးမရလို့ အခန်းထဲမှာ ခိုတကောင်လိုငြီးငြူနေလေရဲ့။
" ဟေ့ကောင် ဖြိုးဝေ မင်းဘာဖြစ်နေတာလဲ " ကျနော်မေးတာကိုတောင်ကောင်းကောင်းပြန်မဖြေဘဲ ပါးစပ်က ဂါထာရွတ်သလိုရွတ်နေတယ်
"သားရေ ဂျာကင် သားရေ ဂျာကင် သားရေဂျာကင် "
"ဟေ့ကောင် မင်း ဘာလို့ အဲ့သားရေဂျာကင်ကြီးလိုချင်ရတာလဲ မြန်မာနိုင်ငံရာသီဥတုနဲ့ ဒီလောက်ပူအိုက်နေတာ ဒီကြားထဲ ချွေးထွက်လာရင် သားရေ နံ့က အင်မတန်ဆိုးဆိုးရွားရွားကြီးကွာ မင်းမို့လို့ အခုခေတ်မှာ ဒါမျိုးတွေဝတ်သေးလို့လား...." ကျနော့်စကားမဆုံးသေးခင်မှာတင်သူကဖြတ်ပြောတယ်
"မင်းနားမလည်ပါဘူးကွာ... သားရေဂျာကင်ကြီး အဲ့ဒါသာရရင် ငါဘာမဆိုပေးနိုင်ပါရဲ့ လိုချင်လိုက်တာ " ဒါကိုပဲတတွတ်တွတ်ရွတ်နေတယ်.."
ဘာမဆိုပေးနိုင်တယ်.. ကျနော့်ခေါင်းထဲမှာ အတွေးတခု ဖြတ်ကနဲ လက်သွားတယ်။ ဒီကောင့်သူငယ်ချင်းမလေး ခိုင် ကျနော့်မှာ အသက် ၁၈ ပြည့်ပြီးတာတောင် ရည်းစားမရှိသေးဘူး ပြီးတော့ ဒီကောင်မလေးက တော်တော်လေး ချောတယ် ထက်ထက်မြတ်မြတ်ထဲကမဟုတ်ပေမယ့် ကျနော်သေချာလေ့ကျင့်ပေးရင်တော့ ပွဲထုတ်လို့ရတဲ့ ဇနီးကောင်းတယောက်ဖြစ်မယ်လို့ ထင်တယ် ငတုံးမယောက်ကိုလည်လည်ဝယ်ဝယ်ဖြစ် အောင်သင်ပေးဖို့ထက် ရုပ်ဆိုးတဲ့မိန်းကို ချောအောင်လုပ်ဖို့က ကျနော့်အတွက်ပိုခက်တယ်လေ ဒီကောင်ကြိတ်ပိုးနေသလားတော့မသိဘူး ပြောကြည့်ရမယ်။
" ဟေ့ကောင် မင်း လိုချင်တယ် သားရေ ဂျာကင်ငါပေးမယ် ဒါပေမယ့် ငါမေးတာအရင်ဖြေ "
"ဟာ သားရီးတကယ်လား တကယ်ပြောတာလား သားရေဂျာကင်ကြီး ဟိဟိ"
" အေး မင်းသူငယ်ချင်းမလေး ခိုင်နဲ့ မင်းနဲ့က ဘာလဲ မင်းသူ့ကိုကြိတ်ခိုက်နေတာလား ချစ်နေတာလား "
"သဘောကျသလိုလိုတော့ရှိပေမယ့် ချစ်လားဆိုတော့ အချစ်ဆိုတာ ဘာလည်း ငါလည်းမသိပါဘူးကွာ ငါ့မှာ တခြားဖွန်နေတဲ့စော်လေးတွေလဲရှိတာပဲကွ"
"မင်းတို့ ၂ ယောက်တွဲနေတာမဟုတ်ဘူးလား"
"တွဲနေတယ်လဲပြောလို့မရပါဘူး ဒီလိုပါပဲ "
အေး ငါလိုချင်တဲ့အဖြေက အဲ့ဒါပဲ ငါအခု အိမ်ခဏပြန်ဦးမယ်။
"မင်းအဖေဆီက ပိုက်ဆံတောင်းပြီးငါ့ကိုဝယ်ပေးမလို့လား ကျေးဇူးပါပဲကွာ မင်းကျေးဇူးမမေ့ပါဘူး "
တကယ်တော့ အဲ့ အကျီင်္လိုဟာကြီးကို ကျနော့်ဦးလေး တယောက်ငယ်ငယ်က ၀တ်ပြီးချောင်ထိုးထားခဲ့တာအဲ့ဒါကြီး သွားယူပေးရမယ်။
"ဟေ့ကောင်ဒီမှာ ရော့ မင်းလိုချင်တဲ့ဟာ"
"ဟာ Saint Laurent ကြီး ငါလိုချင်တဲ့ဟာပဲ ကွ ဒီဟာဒီဟာ တကယ့် authentic ကြီးပါလား "
"ခဏလေး သားရီး မင်းပြောတယ်နော် မင်းဒီဟာရရင် ဘာမဆိုပေးနိုင်မယ်ဆိုတာ "
"အေးလေ မင်းကဘာလိုချင်လို့လဲ"
" မင်းကောင်မလေး "
"ငါ့ကောင်မလေး ဘယ်သူလဲ"
"ခိုင်" ကျနော့်စကားကြားတော့ ဒီကောင်လက်တွန့်သွားတယ်ပြီးတော့
" ခိုင်ဟုတ်လား ငါစဉ်းစားဦးမယ်ကွာ ငါသူ့ကိုချစ်နေတာထင်တယ်"
ကျနော့်ရဲ့ ဦးဏှောက်ကိုအသုံးချဖို့အချိန်တန်ပြီဆိုတာ သိလိုက်တယ် ဒီလို နွားတကောင်စည်းရုံးဖို့ မခဲရင်းပါဘူးလေ
" အေး မင်းက ချစ်နေတာတော့ဟုတ်ပါပြီ ဟိုကရောမင်းကို ဘယ်လိုထင်လို့တုန်း "
"သူက ငါ့ကို သောက်ဖက်တောင်မလုပ်ပါဘူးကွာ မေးထူးခေါ်ပြော တွဲသွားတွဲလာပဲ ဒါပေမယ့် ငါလည်းကြိုးစားနေပါတယ်"
"အဲ့ဒါပြောတာသားရီးရ မင်းစဉ်းစားကြည့် သူကမင်းကိုပြန်ကြိုက်မကြိုက်တောင်မသေချာဘူး မင်းက ဖြစ်ပျက်နေတာ သေချာတဲ့ ဒီဂျာကင်ကိုယူမလား မသေချာသေးတဲ့ ခိုင့်ကို မင်းရွေးမလား မင်းသဘောပဲ မလိုချင်လဲ ငါပြန်သိမ်းလိုက်တော့မယ်"ဆိုတော့ သကောင့်သားခမြာ ပြာပြာသလဲ
" ယူမယ်ယူမယ် ပေးတယ် ဒါပေမယ့် မင်းကို ပေးတယ်ပြောရအောင်လဲ ငါ့အပိုင်ပစ္စည်းမှမဟုတ်တာ ကိစ္စမရှိပါဘူး " ဆိုပြီး ကျနော့်လက်ထဲက အကျီင်္ကိုဖြတ်ကနဲယူလိုက်တယ်။
" ကတိတည်စေနော် သားကြီး "
" အေးပါကွာ " လို့ဖြေပြီး သူ့ငါးဖောင်ရိုးကိုယ်လုံးပေါ်က ကို့ရို့ကားယားဖြစ်နေတဲ့ ဂျာကင်အကျီင်္ကြီးနဲ့ ရန်ကုန်ရဲ့ နွေရာသီသင်္ကြန်နဲ့ တွေးမိပြီး ရယ်လိုက်မိတယ်။ အဲ့နေ့ညနေမှာပဲ သူ့သူငယ်ချင်း ခိုင် နဲ့ ကျနော် ပထမဆုံး date လုပ်ခဲ့မိတယ်။
စားသောက်ဆိုင်တဆိုင်ခေါ်ပြီး ညစာအတူစားဖြစ်ခဲ့တယ် တကယ်တော့ date လုပ်တယ်ဆိုတာ လူတယောက်ရဲ့ စရိုက် အရည်အချင်း ကို အကဲဖြတ်ဖို့သက်သက်လောက်ပါပဲ ကျနော့်အတွက်တော့ ဒီငတုံးမကို ဘယ်လောက်များများ သင်ပေးစရာရှိလဲဆိုတာ လေ့လာချင်လို့။
ပထမဆုံးအနေနဲ့ သူ့ကို ဘယ်လိုစဉ်းစားတွေးခေါ်ရမလဲဆိုတာသင်ပေးရမယ်။ ညစာစားအပြီးမှာ နဲနဲစောနေသေးတော့ ဒီနေ့ပဲ သင်္ခန်းစာစရင်ကောင်းမယ်လို့တွေးမိပြီး။
" ခိုင် "
" ရှင် ပြောလေ ကိုကျော် "
" အိမ်ပြန်ဖို့အချိန် နဲနဲစောနေတာ ကိုတို့ တနေရာရာမှာ ထိုင်ပြီး ဆွေးနွေးချင်လို့ ရမလား "
" အင်းရပါတယ် ဘာကိစ္စဆွေးနွေးချင်တာလဲ ရှင့်"
" ယုတ္တိဗေဒ"
" wow ယုတ္တိဗေဒ ဟုတ်လား "
" ဟုတ်တယ် ခိုင် ယုတ္တိဗေဒ ဆိုတာ သိပ္ပံနည်းကျကျ အချက်အလက်ကျကျ အမှားအမှန်ကို ဝေဖန်ခွဲခြားတဲ့ပညာပေါ့ အမှန်တွေကို မသိခင်မှာ ကိုယ်တို့ ယေဘူယျအားဖြင့် မှားတတ်တဲ့အချက်တွေကိုဆွေးနွေးချင်တာ စိတ်ဝင်စားရဲ့လား "
" ၀ိုး အမိုက်စားပါလား အင်း ပြောကြည့်တာပေါ့ "
"ပထမဆုံးအနေနဲ့ ကိုယ်တို့ပြောမယ့်အရာက dicto simpliciter လို့ခေါ်တယ် "
"ဟင် အဲ့ဒါဘာကြီးလဲ "
" မြန်မာလို အဓိပ္ပာယ်ပြန်ရရင်တော့ ၀ါးလုံးရှည်နဲ့ ချီးသုတ်ရိုက်တယ် ဆိုတဲ့စကားပေါ့
ခိုင် အားကစားလုပ်တာကကောင်းတယ် ဒီတော့လူတိုင်းအားကစားလုပ်သင့်တယ် ဆိုတာ မှန်တယ်ထင်သလား?"
"အင်း မှန်တယ်လေ အားကစားလုပ်ရင်ကျန်းမာတယ် ကိုယ်လုံးလဲလှတယ် ဘာမှားလို့လဲ"
" မဟုတ်ဘူး ခိုင် အားကစားလုပ်တာကောင်းတယ် ဒါပေမယ့် လူတိုင်းဆိုတဲ့အချက်ကတော့ မှားတယ် ဥပမာ ဆရာဝန်က ညွှန်ကြားချက်အရ တချို့နှလုံးရောဂါသည်တွေဆို ပြင်းထန်တဲ့အားကစားမလုပ်ခိုင်ဘူး များသောအားဖြင့် အားကစားဆိုတာ အမျိုးမျိုးရှိတယ် လူတွေကလည်းအမျိုးမျိုးရှိတယ် ဒီတော့ လူတိုင်းလို့ပြောကတည်းက မှားနေပြီ လက်ခံလား"
" ဟင့်အင်း လက်မခံဘူး ဒါပေမယ့် စိတ်ဝင်စားဖို့ကောင်းတယ် ထပ်ပြောပြပါလား " ဆိုပြီး ကလေးတယောက်လို ကျနော့် လက်မောင်းကို ဆွဲပြီး ပူဆာနေတော့ စိတ်ထဲတွေးမိတယ် " တုံးသလောက် ချစ်ဖို့ကောင်းသားပဲ " လို့
"အင်းနောက်ထခုထပ်ပြောပြမယ် အဲ့ဒါကတော့ hasty generalization တဲ့"
" ဟုတ်လား အဲ့ဒါကရောဘာလဲ"
"အလျင်စလို ဆုံးဖြတ်ချက်ချတဲ့သဘောပေါ့ ဥပမာ ကိုယ်ပြင်သစ်လိုမတတ်ဘူး ကွာ ခိုင်လည်းပြင်သစ်လိုမတတ်ဘူး ဟိုကောင်ဖြိုးဝေဆိုလည်း ပြင်သစ်လိုမတတ်ဘူး ဒါကြောင့် ကိုယ်တို့ ကျောင်းမှာ တယောက်မှပြင်သစ်လိုတတ်မှာမဟုတ်ဘူး လို့ ထင်လိုက်ရင် မှားတာပဲ"
" ဟယ် တကယ်ကျောင်းမှာ ပြင်သစ်လိုတယောက်မှမတတ်ဘူးလား"
ကျနော်အတော်စိတ်ပျက်သွားတယ် ဒါပေမယ့် စိတ်ကိုထိန်းပြီး လေသံပျော့ပျော့လေးနဲ့
" ဥပမာ လေ ခိုင် ဥပမာ ပေးတာ ဒါမျိုးဆုံးဖြတ်ရင် မှားတယ် ကိုယ်သိတဲ့လူတွေမလုပ်တတ်တာနဲ့ အကုန်လုံးမလုပ်တတ်ဘူးလို့ ပြောမရဘူးလေ "
" အိုး ... ဟုတ်သားပဲ စိတ်ဝင်စားဖို့ကောင်းလိုက်တာ club မှာ ကတာထက် ပို ပျော်ဖို့ကောင်းတယ် ရှိသေးလားနောက်ထပ် ပြောပြပါဦး "
စိတ်ကိုလျော့ပြီး ... " အင်း နောက်တခုက post hoc လို့ခေါ်တယ် ဥပမာ ငါတို့ ပျော်ပွဲစားထွက်ရင် မြတ်သူကိုမခေါ်နဲ့ အဲ့ကောင်ပါလာတိုင်း အမြဲမိုးရွာတယ် ဆိုပြီး မြတ်သူကို ပလစ်ထားတာပဲ "
" ဟုတ်လား ခိုင်တို့မှာလဲ သူငယ်ချင်းတယောက်ရှိတယ် သူရတဲ့ အဲ့ကောင်ပါလာတိုင်း မိုးရွာလို့ နောက်မခေါ်ရဲတော့ဘူး"
" အာ.... မှားတယ် ခိုင် ဒါ အမှားတွေလို့ ပြောနေတာ မိုးရွာတာနဲ့ သူရပါတာ ဘာဆိုင်လို့လဲ မိုးရွာတယ်ဆိုတဲ့ water cycle ငယ်ငယ်ထဲကသင်ရတာ လေကွာ အဲ့မှာသူရပါလို့လား "အဲ့ခါမှ
" ခိုင့်ကို စိတ်ဆိုးသွားလား ဟင် ခိုင်နောက်မလုပ်တော့ပါဘူး " လို့ တောင်းပန်ရှာတယ် ။ မသိလို့လုပ်မိတာ အပြစ်တင်စရာလားခိုင်ရယ် ငတုံးမလေး လို့စိတ်ထဲက ပြောလိုက်မိပေမယ့်
" မဆိုးပါဘူးခိုင်ရယ် ထားပါတော့ ကိုတို့ နောက်တခုဆက်သွားရအောင်"
"အင်း စိတ်ဝင်စားတယ် "
"နောက်တခုက Contradictory Premises တဲ့ ကိုယ်စကားနဲ့ကိုယ်ရှုးပတ်တာပေါ့ ဥပမာ ဘုရားသခင်က အရာရာလုပ်နိုင်တယ်ဆိုတာ မှန်လား?"
"အင်းပေါ့ လုပ်နိုင်တာပေါ့ သူက ဘုရားသခင်ပဲ"
" ဒါဆို ဘုရားသခင်က သူမ လို့မရတဲ့ ကျောက်တုံးတတုံးကိုဖန်ဆင်းနိုင်လား ?"
" အံမယ် ကျောက်တုံးများ ဖန်ဆင်းနိုင်တာပေါ့ ကမ္ဘာကြီးတောင်ဖန်ဆင်းထားတာ"
"ဒါဆို ဘုရားသခင်က သူမလို့မရတဲ့ကျောက်တုံးကိုဖန်ဆင်းလိုက်ရင် အဲ့ကျောက်တုံးကို သူမ လို့မရတော့ဘူးလေ အဲ့အခါ အရာရာကို လုပ်နိုင်တယ်ဆိုတဲ့ အဆိုက မှားသွားပြီပေါ့ ။
" ဟင်.. ဟုတ်သားပဲနော် ရှုပ်ကုန်ပါပြီ" ဆိုပြီး ခေါင်းလေးကုပ်နေတယ်
" ကဲ ခိုင်လဲခေါင်းရှုပ်နေပြီဆိုကိုယ်အိမ်ပြန်ပို့ပေးမယ် ဒီနေ့အတွက်ကျေးဇူးနော် "
"ဟင့်အင်း ခိုင်က ကျေးဇူးတင်ရမှာပါ အခုလို သင်ပေးတဲ့အတွက်ကျေးဇူးပဲနော်"
ကျနော့် နှလုံးသားရေးရာအတွက် ခြေတလှမ်းလှမ်းနိုင်ခဲ့လို့
အိမ်ပြန်လမ်းမှာ ခြေလှမ်းတွေသွက်နေတယ် ။
နောက်တနေ့ညနေခင်းမှာ သူမကိုထပ်ချိန်းလိုက်တယ် သူမကလဲလိုလိုလားလားပါပဲ သူမကိုတွေ့တော့..
" ဟိုနေ့ကလိုဟာတွေထပ်ပြောပါဦးလား " ဆိုပြီး သူမကပဲ အရင်ဆုံးတောင်းဆိုလာတယ် ပြောရမှာစိတ်ချ
" ဒီနေ့ ပြောမယ့် ယုတ္တိမတန်ထဲက တခုက Ad
Misericordiam လို့ခေါ်တယ် မျက်ရည်ထိုးခံတာပေါ့နော် ဥပမာဆို အလုပ်တခုလျှောက်တယ် အင်တာဗျူးမှာ ကျနော့်မှာ ကလေး ၃ ယောက်နဲ့ မိခင်အိုကြီးရှိပါတယ် အမေက နေမကောင်းလို့ခုဆေးရုံမှာ ဒါကြောင့်ဒီအလုပ်လေးရမှကိုဖြစ်မှာပါ ဆိုတာမျိုး သူ့ဘယ်လို လုပ်တတ်ကိုင်တတ်ကြောင်းပြောရမယ့် အစား အလုပ်နဲ့မသက်ဆိုင်တဲ့အချက်တွေနဲ့ သနားပြီးခန့်အောင်ပြောတာပေါ့ "
ကျနော့်စကားဆုံးလို့ ခိုင့်မျက်နှာကိုလှမ်းကြည့်လိုက်တဲ့အခါ သူ့မျက်ဝန်းထဲမှာ မျက်ရည်စတချို့ကို တွေ့လိုက်ရတယ်
" ဟင် ခိုင် ငိုနေတာလားဟင် ဘာဖြစ်လို့လဲ"
" အဲ့လူကြီးကိုသနားလို့"
လခွမ်း အေးပါကွာ ဆိုပြီး စိတ်ထဲက တိတ်တိတ်လေးသက်ပြင်းချရင်း.
" အော် ဥပမာပေးတာပါခိုင်ရယ် မငိုနဲ့တော့ တိတ်တိတ်" ဆိုပြီး ပြန်ချော့လိုက်ရတယ်
" ကဲကဲ နောက်တခုထက်ပြောပြမယ်နော် False Analogy တဲ့ မှားယွင်းတဲ့နှိုင်းယှဉ်မှုပေါ့ ဥပမာ ရှေ့နေတွေဟာ ဥပဒေစာအုပ်ကိုတရားခွင်မှာ ပြန်လှန်ကြည့်ပြီး အမှုရင်ဆိုင်လို့ရသလို ဥပဒေကျောင်းသားတွေဟာလည်း စာမေးပွဲမှာ ဥပဒေစာအုပ်ကြည့်ဖြေလို့ရတယ်လို့ ပြောရင်မှားတယ် ကျောင်းသားတွေက ဘယ်လောက်တတ်လဲလို့ သိရအောင်ဖြေနေတာ ရှေ့နေတွေကို တရားသူကြီးက ဘယ်လောက်တတ်လဲမေးနေတာမဟုတ်ဘူး ဒီလိုသွားယှဉ်လို့မရဘူးလေ"
" ခိုင်ကတော့ အဲ့အကြံလေးက မဆိုးဘူးလို့ထင်တာပဲ ခစ်ခစ်"
" သေရော ဟုတ်ပါပြီပြီကွာ ဒါဆိုနောက်တခု ထပ်ပြောပြမယ် Hypothesis Contrary to Fact.တဲ့ ဥပမာ မာရီကျူရီသာ ရေဒီယမ် ဓတ်စင်ကိုမတွေ့ခဲ့ရင် ဒီနေ့ ဘယ်သူမှ ရေဒီယမ်ကိုသိမှာမဟုတ်ဘူး အဲ့ဒါမှားတယ် မာရီကျူရီမတွေ့လည်း တခြားတယောက်ယောက်က တနေ့နေ့မှာတွေ့မှာပဲ ဒါကြောင့် ဒီအဆိုကမှားတယ်"
"ဟုတ်လား ခိုင်ကြည့်ဖူးတဲ့ Daredevil ကားထဲမှာ ပါတယ် ရေဒီယိုသတ္တိကြွနေတဲ့ ဟာတွေထိပြီး မျက်လုံးကန်းသွားတာ ဒါမယ့် သူက အမှောင်ထဲမှာလဲမြင်ရတယ်တဲ့ အဲ့မင်းသားအရမ်းချောတာပဲ ခစ်ခစ်" ဆိုပြီးသူမ မှတ်ချက်ချတယ် ကျနော်ပြောတာတွေနားလည်မလည်တော့မသိ ကျနော်တော့ အတော်လေး စိတ်ပျက်နေပြီ ဒါပေမယ့်လည်းကောင်မလေးက လှတော့ ကြိုးစားသင်ပေးရဦးမှာပဲ
" ကဲနောက်ဆုံးတခု ခိုင် poisoning the well တဲ့ "
"ဟဟ ရေတွင်းထဲအဆိပ်ခပ်တာဟုတ်လား"
" အင်းဟုတ်တယ် ဥပမာ လူ၂ ယောက်အကြောင်းအရာတခုကို အချက်အလက်ကျကျ ငြင်းခုန်ကြမယ်ဆိုပါစို့ ပထမလူက ဒုတိယလူဘာမှမပြောခင်မှာတင် ဒီကောင်က ကလိမ်ကကျစ် လူလိမ် ပါလို့ ပထမဆုံးစပြောတယ် တဖက်လူဘာမှမပြောရသေးခင်မှာတင် သူကလူလိမ်ဆိုပြီး ပြောလိုက်တော့ တခြားလူတွေက အဲ့လူဘာပြောပြော သံသယ၀င်တော့မယ်လေ ဒါရေတွင်းတတွင်းလုံးကို အဆိပ်ခပ်လိုက်တာပဲ "
"ဟုတ်တယ်နော် ဒါတော့မတရားဘူး ဘာပဲဖြစ်ဖြစ် ဒုတိယလူရဲ့စကားကိုနားထောင်ပြီးမှ လူလိမ်ဟုတ်မဟုတ် ပြောလို့ရမှာ " အဲ့လိုပြောလိုက်တော့ ကျနော့် မျှော်လင့်ချက်အိပ်မက်လေးတွေရောင်နီသန်းလာခဲ့တယ်
" သိပ်တော်တယ် ခိုင် အမှန်ပဲ ဂုဏ်ယူပါတယ် ခိုင်လေး တဖြေးဖြေးစဉ်းစားတတ်လာပြီ" ဒီလိုနဲ့ ကျနော်တို့ နှစ်ယောက် ၁ လနီးပါး ယုတ္တိဗေဒတွေအကြောင်းပြော သူ့ကို စဉ်းစားတွေးခေါ်တတ်အောင် သင်လာပေးခဲ့တာ သူလည်း အတော်လေး ချင့်ချိန်ဆုံးဖြတ်တတ်လာပြီးတနေ့မှာတော့
" ခိုင် ဒီနေ့တော့ ကိုယ်မင်းကို ယုတ္တိဗေဒ အကြောင်းမပြောတော့ဘူး "
" ဒါဆိုဘာပြောမလဲ ကိုကျော်"
"ကိုယ်တို့ ၁ လ နီးပါး ညနေတိုင်းစကားပြောပြီး ဆွေးနွေးလာပြီးတဲ့နောက်မှာ မင်းဟာကိုယ့် ဘ၀လက်တွဲဖေါ်လို့ ထင်လာမိတယ်"
" Hasty Generalization "
"ဟင် ဘာလဲခိုင်"
"ဟုတ်တယ်လေ ကိုကျော်ရဲ့ တလလောက်လေး တွေ့စကားပြောရုံနဲ့ ဘ၀လက်တွဲဖေါ်ဖြစ်နိုင်တယ်ဆိုတာ ရှင်က အလျင်စလိုဆုံးဖြတ်ချက်ချတာပေါ့ ဒါမှားတယ် မပြောသင့်ပါ မီယန်မာမှန်ရင်ပေါ့ ခစ်ခစ်"
ဝိုး ကျနော်အတော်လေးအံ့သြသွားတယ် တိုးတက်မှုကအံ့မခန်း ဒီတော့
" တလဆိုတဲ့အချိန်က ကိုယ့်အတွက်လုံလောက်ပါတယ် ခိုင် ကိတ်မုန့်တလုံးကောင်းမကောင်းသိချင်ရင် ကိတ်မုန့်တခုလုံးစားကြည့်စရာမလိုပါဘူး တစိတ်လောက်မြည်းကြည့်ရင်ကိုသိပါတယ်" ဒါမျိုးဘယ်ရမလဲ ခိုင်ရယ် ဆိုပြီးစိတ်ထဲကြိတ်ကြွေးကြော်လိုက်တယ်။
" False Analogy"
"ဟင်..... "
" ဒါမှားယွင်းတဲ့နှိုင်းယှဉ်မှုပဲ ခိုင်က ကိတ်မုန့်မဟုတ်ဘူး လူသား ခိုင်နဲ့ကိတ်မုန့်နဲ့ နှိုင်းပြီး ကောက်ချက်ချရင် ရှင်မှားတယ် ဒါ False analogy ပဲ"
ကျနော်ရုတ်တရက်ကြောင်သွားတယ် ကောင်မလေးတော်တော်အိမ်စာတွေကြေတာပဲ.. ဒီအချိန်မှာ အသင့်တော်ဆုံးစကားကိုအမြန်ဆုံးရှာရရင် တော့
"ဟုတ်ပါတယ် ကိုယ် အမှားတွေပြောမိပါတယ် ဒါပေမယ့် မင်းကို တကယ်ချစ်တာပါ မင်းအချစ်ကိုမှမရရင် ကိုယ်သေရပါလိမ့်မယ် ကိုယ့်ဘ၀မှာ ဘယ်မိန်းကလေးနဲ့မှမပါတ်သတ်ဖူးသေးပဲ အခုမှ အချစ်နဲ့စကြုံဖူးလို့ ပထမဆုံးအသဲကွဲရင် ကိုယ်စိတ်ကူးပေါက်ရာတွေလျှောက်လုပ်ပြီး တကယ်ကိုယ့်ကိုယ်ကိုယ်သတ်သေမိမှာပဲ"
"Ad
Misericordiam ရှင့်ဟာရှင်အဖြစ်မရှိတာနဲ့ ကျွန်မကို အသနားခံတာမလုပ်သင့်ဘူး ဒါဟာ အမှားတခုပဲ ကိုကျော် "
လခွမ်း ကိုယ်မွေးတဲ့မျောက်ကိုယ့်ပြန်ခြောက်နေပြီလေ...
"ကောင်ပြီလေ ခိုင် မင်း က အရမ်းယုတ္တိကျကျတွေးတတ်နေပြီပေါ့လေ ဒီလို စဉ်းစားဆင်ခြင်တတ်အောင် ကိုယ်သင်ပေးခဲ့တာပါ မင်းသာကိုယ်နဲ့ အခုလိုမတွေ့ရင် ဒါတွေဘယ်သိပါ့မလဲ မဟုတ်ဘူးလား ခိုင် "
"“Hypothesis Contrary to Fact"
"ဘာ......"
" ဟုတ်တယ်လေ ရှင်မသင်ပေးရင်လဲ တချိန်ချိန်မှာ တယောက်ယောက်က ကျမကို သင်ပေးချင်သင်ပေးမှာပဲ ဟဟ "
"ခိုင်ရယ် ကိုယ်က ချစ်ရေးဆိုနေတာပါ ခိုင်ယုတ္တိကျကျတွေးခေါ်တတ်နေတာကိုယ်သိရလို့ဝမ်းသာပါတယ် ဒါပေမယ့် ကျောင်း သင်ခန်းစာတောင် လက်တွေ့ဘ၀မှာ အသုံးဝင်လို့လားခိုင်ရယ် "
“Dicto Simpliciter"
"..................."
"လူတိုင်းအတွက်အသုံးဝင်ချင်မှဝင်မယ် ရှင်အတွက်အသုံးမ၀င်ပေမယ့် ကျမအတွက်အခု အသုံးဝင်နေပြီလေ ၀ါးလုံးချီးသုတ်ရမ်းမပြောပါနဲ့"
"ကောင်းပါပြီခိုင် ကိုယ်တခုပဲမေးမယ် ကိုယ့်ကို ပြန်ချစ်နိုင်မလား မချစ်နိုင်ဘူးလား"
"မချစ်ဘူး "
"ဘာလို့လဲ ခိုင် ကိုယ့်ကို ယုတ္တိဆန်ဆန်ဖြေရှင်းချက်ပဲပေးပါ ခိုင်ကယုတ္တိဗေဒအရမ်းပိုင်နေပြီဆိုတော့"
"ဒီနေ့နေ့လည်ကပဲ ဖြိုးဝေကို ချစ်တယ်လို့ အဖြေပေးလိုက်ပြီ"
"ဘာ.....ဘာပြောတယ်"
"သတောင်းစား မိုက်ရိုင်းလိုက်တာ သူ့ကိုမယုံနဲ့ခိုင် ဒီကောင်လို ငပျင်းငဖျင်းတယောက်နဲ့ ဘာလို့လက်တွဲမှာလဲ ဒီကောင်က ဘာမှအရည်အချင်းမရှိတဲ့ကောင် ပေါ့ပေါ့နေပေါ့ပေါ့စား ဘာအနာဂါတ်မှရှိတာမဟုတ်ဘူး မင်းဘာကိုကြည့်ပြီး ဆုံးဖြတ်လိုက်တာလဲ ခိုင် ကိုယ့်မှာသူနဲ့ယှဉ်လို့မရတာဘာများရှိလို့ သူ့ကိုရွေးခြယ်လိုက်တာလဲ"
" ခစ်ခစ် ရှင်ဟာလေ တော်တော်ရယ်ရတဲ့လူပဲ ၂ ခွန်းပြောမယ်
၁။ poisoning the well သူဟာသူဘယ်လိုပဲနေခဲ့နေခဲ့ သူကျမနဲ့ချစ်သူဖြစ်ရင် ဘာလုပ်ရမလဲဆိုတာ စောင့်ကြည့်ရမယ် အဲ့လိုအခွင့်အရေးမပေးပဲ ရှင်ပြောတာဘာကိစ္စယုံရမှာလဲ အဲ့လိုပြောတာ ဖြိုးဝေအတွက်ရှင်တရားတယ်လို့ထင်သလား ကိုကျော် ရှင့်ကိုသိပ်စိတ်ပျက်တာပဲ
၂။ သူ့ကိုဘာလို့ေ၇ွးခြယ်ရလဲသိလား သူ့မှာ Saint Laurent ဂျာကင် အစစ်ကြီးရှိတယ်ရှင့်။
Max Shulman ရဲ့
Love is a Fallacy ဆိုတဲ့စာအုပ်ကို ဖတ်ပြီးတတ်သလောက်လေး ပြန်ရေးထားတာပါ
မူရင်းစာအုပ်ဖတ်ချင်ရင်တော့ ဒီလင့်မှာ ၀င်ဖတ်လို့ရပါတယ်
https://www.filozofia.bme.hu/sites/default/files/love_is_a_fallacy.pdf
အချစ်ဆိုတာ ယုတ္တိမဆန် တဲ့ အရာတွေပေါ်မှီခိုပြီးဖြစ်လာတာကိုရေးထားတာ သိပ်မှန်တာပဲ ။ ရယ်လဲရယ်ရတယ် သိပ်မရေးတတ်လို့ မရယ်ရတာ မူရင်းဝထ္ထုဖတ်ကြည့်ဖို့တိုက်တွန်းပါတယ်
Credit; Hary Vasana