ကိုယ့်မှာအကျင့်တစ်ခုရှိတယ်။
အသံအကျယ်ကြီးတွေကို မုန်းတတ်တာ။
အသံအကျယ်ကြီး စကားပြောသူတွေကို ကိုယ်မနှစ်မြို့တတ်ဘူး။
ကိုယ်တိုင်လည်း အသံအကျယ်ကြီး စကားပြောဖို့ တတ်နိုင်သမျှရှောင်တယ်။
ကိုယ့်ကို အသံအကျယ်ကြီးစကားလာပြောရင်လည်း မကြိုက်ဘူး။
အသံအကျယ်ကြီးတွေဟာ ပတ်ဝန်းကျင်ကို အနှောက်အယှက်ပေးတယ်လို့ ယူဆတယ်။
ဘာရယ်ကြောင့်မှန်းမသိ အသံအကျယ်ကြီးတွေကို
ဖြစ်သင့်တာထက် ပိုမုန်းတတ်တယ်။
အခုနောက်ပိုင်းတွေးမိလာတာက
ကိုယ်ဟာ အပြင်မှာသာ အသံတိုးတိုးနဲ့ အေးအေးဆေးဆေးနေတတ်တာ
မထင်ပေါ်ချင်ဘဲ ကိုယ့်ကိုယ်ကိုယ် ကျုံ့ဝင်ရှင်သန်ခဲ့တာ
Onlineပေါ်က ကိုယ်ဖန်တီးခဲ့တဲ့ ပန်ဆယ်လိုဆိုတဲ့ ဇာတ်ရုပ်ဟာ လိုအပ်တာထက် ပိုပြီး အသံကျယ်လောင်နေတတ်ပြီ။
ကိုယ်က သာမန်ပဲ ပြောလိုက်တာ
ဒါပေမယ့် လော်စပီကာနဲ့ချိတ်ထားတဲ့ မိုက်ကရိုဖုန်းရှေ့ အော်လိုက်မိတဲ့သူလိုပဲ။
ကိုယ်ပြောလိုက်တာကို လူအတော်များများက မြင်သွားတယ်။
Like နည်းတာ များတာကို ဆိုလိုတာထက်
ကိုယ်ရေးတာကို မြင်ရသူများတာကို ဆိုလိုတာ။
ကိုယ်ဟာ အလိုမတူဘဲ အသံအကျယ်ကြီး ပြောတတ်သူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေခဲ့ပြီ။
အသံအကျယ်ကြီးတွေကို ကိုယ့်လို နေရင်းထိုင်ရင်း မုန်းမိနေသူတွေလည်း ရှိနိုင်တာပဲ။
အပြင်မှာ အသံကျယ်ရင် တိုးပြောလို့ အဆင်ပြေနိုင်ပေမယ့် onlineမှာ အသံကျယ်တာကျ တိုးပြောဖို့ မဖြစ်နိုင်ဘူး။
ပြင်ဆင်ခွင့်နည်းပါးတဲ့ အခြေအနေ။
ဖြစ်နိုင်တာတစ်ခုက လျှော့ပြောဖို့ပဲ။
နောက်ပိုင်း ကိုယ်စာရေးကျဲသွားတဲ့အခါ
ကိုယ်အသံတိုးအောင် နေနေတယ်လို့
သဘောထားပေးပါ။
အသံတိုးရင်းတိုးရင်း တိတ်တဆိတ်ပျောက်ကွယ်သွားဖြစ်ရင်တောင် ကိုယ်ဟာ လိုအပ်ချိန်မှာ လုပ်သင့်လုပ်ခဲ့ပြီး မလိုအပ်တော့ချိန်မှာလည်း ကိုယ့်ခံယူချက်ကို နေရာမရွှေ့ခဲ့သူတစ်ယောက်အဖြစ် ရှိခဲ့ကြောင်းပါ။
ဒါလေးပါပဲ။