When you visit my city

in myanmar •  7 years ago 

ကိုယ့်မြို့ကို မင်းအလည်လာတဲ့အခါ
———————————————

အပူငွေ့စားသုံးရင် စိမ်းလန်းတဲ့မြို့မှာ
ရောင်စုံကာလာနဲ့ လူတွေရှိတယ်
ဖော်ရွေတဲ့အပြုံးဟာ မြို့ရဲ့သင်္ကေတ

ရတနာတိုက်ကြီးတစ်ခုလိုမျိုး
စစ်တပ်တွေဝန်းရံထားတယ်
လယ်ကွင်းစိမ်းစိမ်းနဲ့ မြက်ခင်းစိမ်းစိမ်းတွေရှိတဲ့
မြို့အပြင်ဘက်မှာ
ကျေးလက်ဂီတသံ အခုထိညံတုန်း

တစ်ခဏဖြစ်ဖြစ် တစ်ဘဝဖြစ်ဖြစ်
ရောက်အောင်တော့လာခဲ့ပါ
တစ်ပြည်သူလာတဲ့အခါ
ကျနော်က ဟောဒီလိုကြိုနေမှာ

မြို့အဝင်မှာ ကြီးမားတဲ့ကုက္ကိုပင်တန်းကြီးတွေ
မြင့်မြတ်တဲ့စိတ်နှလုံးရှိသူတွေက စိုက်ပျိုးခဲ့ကြတယ်
အပူဒဏ်ကြောင့် ခင်ဗျားပါးလေးရဲတဲ့အခါ
ဆိုင်ကယ်နောက်ကနေကျနော့ပုခုံးကိုအပ်ထားပါ
ရင်ခုန်သံတော့ ခိုးနားမထောင်ကြေး

မိတ္ထီလာကန်
သျှီသျှား.မင်္ဂလာ.ကဋဝက.မေတ္တာ ကန်
အမည်အမျိုးနဲ့ ထင်ရှားခဲ့လို့
အပြောကျယ်တယ်ဆိုတာထက်
ကျယ်ပြောပြီး ကြီးမားတဲ့သမိုင်းကြောင်းတွေရှိတယ်
ဘုရားမပွင့်မှီ အာကာရဋ္ဌမင်းမှအစ
သမ္မတကြီး ဦးသိန်းစိန်အဆုံး
မင်းဆက်ပေါင်းမြောက်များစွာဆည်ယူခဲ့တဲ့
အထင်ကရ ကန်တော်ကြီးမှာ
အနောတတ်အိုင်မှ နတ်ရေစင်သွန်းထားဘူးကြောင်း...

မိုးများချိန်ရေကြီးပြီး ကျိုးပေါက်ခဲ့လို့
ခဏ ခဏ ဆည်ယူခဲ့ရတဲ့ ကန်အကြောင်းပြောရင်း
စွဲလန်းသလောက် အချစ်ကြီးပြီး ရင်ကျိုးခဲ့လို့
ခဏခဏ ကွဲတဲ့ ကျနော့နှလုံးသားအကြောင်း
(ထည့်ပြောရင် ကောင်းမလားပဲ 😁)

ကန်အရှေ့ထိပ်က ကရဝိတ်နဲ့
အနောက်ထိပ်က နဂါးရုံ
ရွှေမြင်တင် အောင်သိဒ္ဓိဘုရားနဲ့
ဓမ္မသုခ ရွှေစည်ခုံ
ဒါ ကိုယ့်မြို့လေးရဲ့ အထင်ကရတွေပဲ တစ်ပြည်သူ

ရတနာသင်္ကြစ်နဲ့ ရွှေစည်းခုံဘုရား
ဝန်ဇင်းရွာက သူကြီးသားမက်(ယခုဝန်ဇင်းရပ်ကွက်)
စာတိုငညိုရဲ့ စာပေလေ့လာ ကျွမ်းကျင်မှုကြောင့်
ဝန်ဇင်းမင်းရာဇာအဖြစ်နဲ့ ကျော်ကြားခဲ့စဉ်
တည်ထားခဲ့တဲ့အကြောင်း...

ရေလည်ဘုရားမှာ ငါးစာကျွေးရင်း
ကန်လေအပင့်မှာလွင့်နေတဲ့ မင်းဆံနွယ်လေးတွေခိုးငေးပီး
ရေရေလည်လည် ကြွေမိတဲ့အကြောင်း...
(စိတ်ကူးထဲတောင် ကြွေချင်နေပီ)

အစ္စလာမ်ဘာသာဝင် ဦးရာဇတ်ကြောင့်
အာဇာနည်ပေါ်ထွန်းခဲ့တဲ့ မြို့လေးဟာ
မသမာသူတစ်ချို့ရဲ့ ဘာသာရေးသွေးထိုးမှုကြောင့်
မီးလောင်ပြင်နဲ့ ကမ္ဘာကျော်ခဲ့တဲ့ မြို့လေးမှာ
ကိုလိုနီနယ်ချဲ့တွေကို တော်လှန်ခဲ့သလို
နျူးကလီးယားဒဏ်မိလာတဲ့ ဂျပန်ဒုက္ခသည်တွေကို
ပြန်လည်ကူညီစောင့်ရှောက်ခဲ့တဲ့
ထီလာသားတွေရဲ့ အငြိုးအတေးမရှိ
လက်ရုံးရည် နှလုံးရည်ပြည့်ဝမှုကို သက်သေပြနေတဲ့
စိမ်းညှို့ညှို့ ထန်းတောတွေရဲ့ အကြောင်းကို
ကြွက်ကြော်နဲ့ ထန်းရည်လေးရှေ့ချပီး စီကာပတ်ကုံး ပြောပြချင်တာ

သိမ်ကိုးသိမ် ဂူကိုးဂူ
အင်းကိုးအင်း ကုန်းကိုးကုန်းရှိတဲ့
သမိုင်းဝင် မြို့လေးမှာ
"မဲခေါင်မြစ်မှ အိုရွက်ဝါ" ကဗျာရှည်ကြီးနဲ့
နာမည်ကျော်ခဲ့တဲ့ စစ်သားကဗျာဆရာ
ထီလာစစ်သူရဲ့ ရွှေစစ်သည်ရွာလေးလည်းရှိတယ်။

မီးလောင်ပြင်မှာ ကျန်နေခဲ့တဲ့
မြို့လယ်က နာရီစဉ်ကြီး.....
လဲကျလိုက် ပြန်ထလိုက်နဲ့
ဒဏ်ရာတွေများတဲ့ မြို့ငယ်လေးကို
သူငုံ့ကြည့်နေပုံက
နောက်ထပ်သွေးချောင်းစီးမှုတွေ မမြင်ချင်တဲ့
အမယ်အိုရဲ့ဆန္ဒမျိုးနဲ့....
ကျနော့အချစ်ဟာ ဟောဒီနာရီစဉ်ကြီးလိုမျိုး
နာကျင်စရာတွေကို ကြံ့ကြံ့ခံရင်း
ခင်ဗျားနှလုံးသားကို နှိုးမယ့် သံပတ်လေးဖြစ်ချင်တယ် 😇

အစားအသောက်ကြိုက်တဲ့ ခင်ဗျားလေးအတွက်
မီးပွိုင့်နားက ဝက်သားဒုတ်ထိုးနဲ့ စာတိုက်နားက ဝက်သားဒုတ်ထိုး
banananက Cakeနဲ့ Championက Cake
ပြည်သာယာက ကတ်ကြေးကိုက်နဲ့ ပန်းနုရောင်က ကတ်ကြေးကိုက်
ဆာဝါဒီခ က မာလာဟင်းနဲ့ မိုင်ဆုန်ခ က မာလာဟင်း
ရွှေအုန်းပင်က ထမင်းနဲ့ ဒေါ်ပြုံးဆိုင်က ထမင်း
ဘယ်ဟာ လက်ရာပိုကောင်းလည်း ခင်ဗျားလေးသိရပါမယ်
ကန်တော်ကြီးက အကြော်နဲ့ ဒေါ်တူးဆိုင်က ရှောက်သီးသုပ်
နှင်းဆီက သင်္ဘောသီးထောင်းနဲ့ နေရာသစ်က အကင်စုံ
သိန်းဝင်း ဆီချက်နဲ့ ရွှေမြိုင်က ဖက်ထုပ်ပြုတ်
ဖူးစာက အအေးနဲ့ ရုပ်ရှင်ရုံနားက မုန့်ဟင်းခါး
ခင်ဗျားနှုတ်ခမ်းလေး မျက်နှာမငယ်စေရပါဘူး.....😛

ဗိုလ်ချုပ်အောင်ဆန်းကြိုက်တဲ့ ကောက်ညှင်းပေါင်းနဲ့
ဦးနေဝင်းကြိုက်တဲ့ ပေါက်ချောင်း ဗူးသီးကြော်
အချစ်နဲ့အမုန်းကို မျှတစွာ ခံစားတတ်ဖို့
ကျနော့်လက်ကလေးနဲ့ ဆုပ်ဆုပ်ပီးကျွေးချင်တာ
တစ်ပြည်သူရဲ့...(မရွံတတ်ရင်ပေါ့)

မြို့ရဲ့ အံ့သြစရာပဲထားပါတော့
ကန်ရေပြင်ရဲ့ မနက်ခင်းမှာလမ်းလျှောက်တဲ့
မြို့သားတွေ အသားဖွေးလွန်းတယ်
ကန်ရေပြင် ညနေခင်းမှာ
အပူဒဏ်ကြောင့် မြို့သားတွေ အသားမဲသွားတယ်
မြို့ရဲ့ အံ့သြစရာပဲထားပါတော့
စုံတွဲတွေဟာ
အလင်းရောင်ကိုကြောက်လို့
ကန်ဘောင်အမှောင်ထဲမှာငြိမ်သက်နေကြ
"ခင်ဗျားရော အလင်းရောင်ကြောက်ရဲ့ မဟုတ်လား "
ကျနော်မေးတဲ့အခါ
ခင်ဗျားလက်သီးဆုပ်လေးနဲ့ ထုရိုက်မလား
ကျနော့်ကျောပြင်လေးနာဦးမလား
ငှက်ကလေးတွေ ထပျံမလား
( စိတ်ကူးထဲတောင် ရူးချင်တယ်)

"အုတ်အစ်ကြော်အေး" မန္တလေးနဲ့အပြိုင်လှတဲ့
"ဥဩအော်အစ်" အုတ်ကျောင်းသက္ကရာဇ် စာဆိုနဲ့
မယ်နုအုတ်ကျောင်းငယ်ရှိရာ
အလှဆုံး အင်္ဂတေပန်းလက်ရာတွေနဲ့
မုန်တိုင်ရွာက ထီလာပုဂံဘုရားမှာ
တစ်ပြည်သူ ပြန်ကာမသွားခင်
ဘုရားဖူးရင်း ဆယ်ဖီဆွဲ
ကျနော်က လိပ်ဥတူးရင်း အပီကဲချင်သေးတယ်

အပူငွေ့စားသုံးရင်း စိမ်းလန်းတဲ့မြို့မှာ
ဖော်ရွေတဲ့အပြုံးဟာ မြို့ရဲ့သင်္ကေတပဲ တစ်ပြည်သူရဲ့
ခင်ဗျားလာမယ်ဆို Grandရုပ်ရှင်ရုံမှာ လက်မှတ်ဝယ်ထားမယ်။ image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဝိုး စွမ်းလန်း​နေပါလား

ဟဟဘအထင်​ကြီးပါနက်​ bro ရယ်​ ​ဒေမလား အ​လောက်​ ​ကေးမ​သေးပါဘူးဗျ