(၁)
တစ်စုံတစ်ခုဆီသို့ စူးစူးနစ်နစ် စိုက်ကြည့်နေမိသော်လည်း သူ့စိတ်က တခြားနေရာသို့ ရောက်ရှိတွေးတောနေသည် ။ တစ်ခုခုကိုလည်း စိုးရိမ်ထိတ်လန့်နေ၏် ။ သူ့မျက်နှာက မရွှင်ပျ ။ စိတ်ဖိစီးမှုဒဏ်ကို ခံစားနေရ၏် ။ တကယ်တော့ ဤအဖြစ်အပျက်တွင် သူမမှားပေ ။ လုပ်သင့်လုပ်ထိုက်သည်ကို သူအကောင်းဆုံးလုပ်ဆောင်ပေးခဲ့၏ ။ ဖြစ်စက ခံစားချက် ပေါ့ပါးသလောက် နောက်နေ့တွင်မှ သူ့အတွက် လောင်မီးက ထမြိုက်လေသည် ။ သူမမှားခဲ့သော်လည်း သူနှင့်တိုက်ရိုက်သက်ဆိုင်နေသည် ဖြစ်၍ သူစိတ်မချမ်းမသာဖြစ်နေသည် ။ သူ့ဘဝကို တစ်စုံတစ်ခုသောဘဝများနှင့် နှိုင်းယှဉ်ကြည့်နေမိ၏ ။ ထောက်ချင့်ကြည့်နေ၏် ။ အဓိပ္ပါယ်ကောက်ကြည့်နေ၏် ။ ပြင်လို့မရနိုင်တော့သည့် ဘဝတွင် အကောင်းဘက်ကသာ တွေး၍ အကောင်းဆုံးဖြစ်အောင် ကြိုးစားမည်ဟု သူ့စိတ်ကိုသူပြန် ဖျောင်းဖျလိုက်သည် ။ သူ့ဘဝကို သူ မကျေနပ်ချေ ။ အထူးသဖြင့် ဝန်ထမ်း ဆိုသော စကားလုံးအောက်တွင် အဓိပ္ပါယ်အမျိုးမျိုးကွဲထွက်နေသော သူ့လက်ရှိဘဝ ကို သူလုံးဝမကျေနပ်ပေ ။ လွတ်လပ်မှုကို မြတ်နိုးတတ်သည့်သူက လက်ရှိလောကထဲသို့ ရောက်လာရခြင်းမှာလည်း မိဘများ၏ ဆန္ဒကြောင့်သာ ။ ထို့အတွက် နောင်တရနေ၍လည်း ဘာမှမထူး ။ အကောင်းဆုံးဖြစ်အောင်သာ သူကြိုးစားရတော့မည် ။ သို့သော် ယခု လောလောဆယ်တွင် စိုးရိမ်ထိတ်လန့်မှုများနှင့် တစ်စုံတစ်ခုကို သူတွေးကြောက်နေတော့သည် ။
(၂)
ဝါသနာအရမဟုတ်သော်ငြား သံယောဇဉ်ကြောင့် ဝါသနာထက်ပိုခဲ့ရ၏ ။ ဤစာသင်ကျောင်းလေးသို့ ဆရာမလေး ဒေါ်လှသစ် ရောက်ခဲ့သည်မှာ ယခုဆိုလျှင် လေးနှစ်နီးပါးပင်ရှိလေပြီ ။ သူသည် စိတ်တိုတတ်သူတစ်ဦးဖြစ်သည့်တိုင် တပည့်များအပေါ်တွင်မူ သနားဂရုဏာနှင့် ဒေါသဘက်သို့ မတိမ်းအောင် သိမ်မွေ့တတ်လေသည် ။ ကလေးများကလည်း ဆရာမလေး ဒေါ်လှသစ် ဆိုလျှင် ချစ် ကြောက် ရိုသေကြသည် ။
သူငယ်ချင်းလိုပေါင်းတန်အခါပေါင်း ၊ မိဘသဖွယ် ဆုံးမတန်ခါဆုံးမ ၊ ဆရာတစ်ယောက်လို စာသင်ကြားတန်သင်ကြား လမ်ပြပေးတန်လမ်းပြ အစစအရာရာ လိုက်လျောညီထွေစွာ ဆက်ဆံတတ်၍လည်း ပိုချစ်ကြလေသည် ။ ရွာငယ်လေးရှိပြည်သူများသည် လက်လုပ်လက်စား ဘဝသမားများဖြစ်ကြ၍ အားလပ်ချိန်ဟူ၍ မရှိသလောက်ရှား၏ ။ ကလေးများပညာရေးကိုလည်း အားမပေးနိုင်ကြ ။ မဖြည့်ဆည်းပေးနိုင်ကြချေ ။ စာအုပ်ကုန် ခဲတံကုန်နေသော်ငြား ဝယ်ပေးတန်ကောင်းမှန်းမသိ ကုန်လို့ကုန်မှန်းပင် မသိသည်လည်း ရှိ၏ ။ ကျောင်းရှိဆရာ ဆရာမ များကသာ ဝေမျှဝယ်ခြမ်းပေးခဲ့ရသည်ကများ၏ ။ မိဘ ဆရာ စည်းလုံးမှုအင်အားကား အင်မတန်နည်းသော ကျေးရွာကလေးဖြစ်သည် ။ နည်းဆို သူ့အလုပ်နှင့်သူပင် မနားကြရ၍ ကျောင်းကို စိတ်မဝင်စားအားကြပေ ။
လက်လုပ်လက်စား ကျေးရွာငယ်လေး ဆိုသည့်တိုင် ပွဲကြည့်အလွန်ဝါသနာပါသူများဖြစ်ကြ၍ အိမ်တိုင်းလိုလို၌ အဟောင်းဈေးနှင့်နီးစပ်ရာမှပြန်ဝယ်ထားသော TV ကလေးများရှိကြ၏ ။ အလုပ်သွားချိန်တိုင်း၌လည်း ရေဒီက အိတ်ထဲ၌အမြဲပါတတ်သည် ။ တစ်နေ့ကဆိုလျှင် ဘယ်ကကြားသည်မသိ
ဟဲ့..ဟဲ့ အေးမြ ဆရာတွေကို အနန္တော အနန္တ ငါးပါးထဲကထုတ်ပစ်လိုက်တယ်ဆို ´´
အေးငါလည်းရွာထဲမှာအဲ့လိုပြောနေတာကြားတယ် ပြီးတော့ ကလေးတွေကိုမရိုက်ရတော့ဘူးတဲ့ ရိုက်တဲ့ဆရာကို အရေးယူလို့ရတယ်တဲ့ ´´
``အေး အဲ့တာကောင်းတယ်ဟဲ့ တို့တုန်းကဆိုနေ့ရှိသရွေ့အရိုက်ခံရတာ
ပြောလို့သာပြောတာပါအေ အဲ့လိုရိုက်ခဲ့လို့လည်း ငါလေးတန်းထိအောင်ခဲ့တာ ခုလိုမရိုက်ရကြေးဆိုလို့ကတော့ ဟွန့် အေးမြတို့ကဘယ်ပြောကောင်းမလဲ စာကိုမကျက်တော့ဘူး ´´
ကောက်စိုက်သမလေးများ အချင်းချင်းပြောစကားက လေလှိုင်းကလေးတွေ သယ်ဆောင်ရာမှတစ်ဆင့် စာသင်ကျောင်းဘက်သို့လည်း ရောက်ရောက်လာတတ်၏ ။
(၃)
နေ့လယ် ထမင်းစားကျောင်းဆင်းချိန်ဖြစ်၍ သူ့ကိုယ်ပိုင်နားနေခန်းဖြစ်သည့် စာသင်ခန်းအတွင်း၌ပင် ထမင်းစားပြီး အနားယူနေလိုက်သည် ။ ထမင်းပြန်စားကြသည့် ကလေးများလည်း တဖွဲဖွဲ ပြန်လာနေကြပေပြီ ။ ကစားကြသူကစား ၊ စာဖတ်ကြသူဖတ် ကိုယ်စီလုပ်ငန်းများနှင့် အနားမနေကြချေ ။ မိုးတွင်းကာလဖြစ်သောကြောင့် အပြင်ထွက် ကစား၍ မရဘဲ အထဲတွင်သာ ဆူညံ ခုန်ပေါက် ပြေးလွှားနေကြသည် ။ ထို့်ကြောင့် သူအပါအဝင် အတန်းပိုင်ဆရာတိုင်းက အမြဲသတိပေးထားရသည် ။ အထူးသဖြင့် Kg နှင့် G 1 ကလေးများကို ပို၍သတိထားပြောနေရသည် ။ သူတို့က အကြီးတန်းများနှင့် ရောနှော ကစားချင်ကြသည် ။ စာရေးခုံများကြားတွင် တစ်ယောက်ကိုတစ်ယောက် မမိနိုင်အောင် အလျင်စလိုပြေးကြ လွှားကြသည် ။ အန္တရာယ်ကိုမမြင်ကြ ၊ မမှုနိုင်ကြ ။
သန်သန်မြန်မြန်မပြေးနိုင်သေးသည့် ကလေးငယ်လေးများဖြစ်ကြ၍ ခြေမခိုင်သေးဘဲ ခဏခဏ ခြေချော်လဲတတ်ကြသည် ။ သို့ဖြစ်၍ အမြဲတမ်းတတွတ်တွတ်နှင့် ဆုံးမသတိပေးနေကြရ၏ ။ သို့သော် ကလေးသဘာဝ ကစားကြဆဲ ကစားကြမြဲပင် ။ နောက်ကလိုက်လျင် မမိနိုင်အောင်သာ အာရုံစိုက်၍ လှည့်မကြည့်တမ်းပြေးတော့သည် ။
`` ဆရာမ ... ဖိုးကဲရယ် ခုံပေါ်ကပြုတ်ကျတာ နှာခေါင်းကသွေးတွေထွက်လာပြီ ´´
ကျောင်းထဲတွင် သူမှလွှဲ၍ ဆရာတစ်ယောက်မှမရှိကြ ။ ထမင်းစားကျောင်းဆင်းချိန်ဖြစ်၍ ထမင်းပြန်စားနေကြသည် ။ သူတို့ဘဝတွင် သူ့ကလေး ကိုယ့်ကလေးခွဲခြားကြခြင်းမရှိ ။ သူ့အတန်းမှ ကလေးသည်လည်းကိုယ့်တပည့်ပင် ကိုယ့်အတန်းမှ ကလေးသည်လည်း သူ့တပည့်ပင် ။ တပည့်များအားလုံးတန်းတူပင်ဖြစ်သည် ။ ခွဲခြားခြင်းမရှိကြ ။ ထို့ကြောင့် ကလေးရှိရာနေရာသို့ အပြေးအလွှားလိုက်သွားမိသည် ။
သူအနားရောက်သွားသောအခါ ကလေးများက သူတို့အချင်းချင်း သွေးတွေကို ရေဆေးပေးထားသည် ။ နှာခေါင်းမှ သွေးက သိပ်မရှိတော့ ။ ခုံနဲ့ဆောင့်မိထားသည့် အရှိန်ကြောင့် နှာခေါင်းမှ သွေးစနည်းနည်း ထွက်သွားခြင်းဖြစ်သည် ။ နှုတ်ခမ်းတွင်တော့ နည်းနည်းဖူးယောင်သွား၏ ။ ခုံနှင့်ဆောင့်မိသည့်အရှိန်ကြောင့်ပင် ဖြစ်သည် ။ ကလေးကလည်း နည်းနည်းမှမငိုပေ ။ သိပ်မနာသောကြောင့်ထင်၏ ။
သူလည်း ကျောင်း၌အသင့်ရှိသော
ကြက်ခြေနီဆေးပုံးလေးကိုယူကာ ဂွမ်းစလေးနှင့် သွေးတိတ်အောင် လုပ်ပေးပြီး ဆေးထည့်ပေးလိုက်၏ ။ ထို့နောက် ကလေးကို ငြိမ်ငြိမ်လေးနေရန် ပြောရင်း ဖိုးကဲလေးအနားတွင် သူထိုင်နေလိုက်သည် ။ ဒဏ်ရာက မကြီးကျယ်လှပေ ။ ကလေးကလည်း မျက်နှာမပျက်ပင် ။ အငြိမ်မနေ၍ ငြိမ်ငြိမ်နေရန်ပင် မကြာခဏ ပြောပေးနေရသေးသည် ။
ထပ်ချော်လဲမည် စိုး၍ မျက်ခြေမပြတ်စောင့်ကြည့်နေရ၏ ။
(၄)
`` သား ဖိုးကဲ ဘယ်လိုနေသေးလဲ ´´
အတန်းပိုင်ဆရာမ ဝင်လာလာချင်း မေးနေသည်ကို သူတွေ့လိုက်သည် ။
`` သား ဘယ်လိုမှမနေဘူးဆရာမ ကောင်းတယ် ´´
ဆရာမက ဂွမ်းစလေးယူပြီး နည်းနည်းစို့နေသေးသော သွေးစလေးများကို သုတ်ပေးလိုက်သည် ။
သူလည်း သူ့အတန်းမှနေရင်း ဖိုးကဲလေးကို အကဲခတ်ကြည့်နေ၏ ။ ကလေးက အငြိမ်မနေ ။ ဦးထုတ်ကို မိုးပေါ်မြှောက်လိုက် ပြန်ဖမ်းလိုက် တစ်ယောက်တည်းကစားနေသည် ။ အတန်းပိုင် ဆရာမလည်း တဟဲ့ဟဲ့နှင့် အမြဲတမ်းပြောနေရသည် ။ ပြောနေသည့် ကြားက လစ်ရင်လစ်သလို ခိုးကစားသည် ။
သွေးကတော့ မထွက်တော့ချေ ။ သို့သော် ဆောင့်မိထားသည့် အရှိန်နှင့် နှုတ်ခမ်းက ဖူးယောင်နေသောကြောင့် ပါးစပ်က ကျယ်ကျယ် ဟ ၍ မရ ။ အခြားကလေးများကဲ့သို့ စာလိုက်မဆိုနိုင်၍ ဖိုးကဲလေးကို ခဏထိုင်ခိုင်းထားရသည် ။ ထိုင်ခိုင်းထားသော်လည်း သူလေးကငြိမ်ငြိမ်မနေ ။ ဟိုသွား ဒီသွား လျှောက်သွားနေသေး၏ ။ ငြိမ်ငြိမ်နေရန် သတိပေးလိုက်ချိန်တွင်သာ ခဏငြိမ်သွား၍ ဆရာလစ်သည်နှင့် ဟိုလျှောက်သည်လျှောက် ထ ကစားတော့သည် ။ အတန်းပိုင်ဆရာမလည်း သူ့အနားသို့ ခဏခဏသွားကြည့်သည် ။ လှုပ်ရှားမှုအရာအားလုံးကို ဘာအတားအဆီးမှ ကန့်မထားသည့်တစ်ဖက်ခန်းမှသူအကုန်မြင်နေရ၏ ။
နှာခေါင်းကတော့ သွေးမထွက်တော့ချေ ။ နှုတ်ခမ်းကသာ ဖူးယောင်နေသေး၏ ။ ကလေးကလည်း အေးဆေးပင် ။ ကြီးကြီးမားမားဘာမှမဖြစ် ။
ထို နေ့လယ်မှ ညနေကျောင်းဆင်းသည် အထိ သူနှင့် အတန်းပိုင်ဆရာမတို့ စောင့်ကြည့်သည် ။ ဘာမှကြီးကြီးကျယ်ကျယ် မဖြစ်ပေ ။ ပြုံးရွှင်စွာပင် လွယ်အိတ်ကလေးယူ၍ အိမ်ပြန်သွား၏ ။
ထိုနေ့က ထိုအကြောင်းကို အရေးတယူ သတိတရ ထား၍ အိမ်အထိ မစဉ်းစားဖြစ်ခဲ့ ။ ကျောင်း၌ ဖြစ်နေကျ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုဖြစ်သောကြောင့် ထူးထူးခြားခြားမခံစားရ ။ ကလေးအချင်းချင်း ကစားကြရင်း ထိမိခိုက်မိသည်မှာ သူတို့လောက၌ မဆန်းကျယ်ချေ ။ ဖြစ်လျှင် ကျောင်း၌ ရှိသောဆေးနှင့် ထည့်ပေးလိုက်သည် ။ ကြီးကြီးကျယ်ကျယ် ဖြစ်သွားလျှင်တော့ ဆရာကြီးထံ သတင်းပို့ ဆရာကြီးမှ ကြီးကြပ် စီစဉ်ပေးသည် ။ ကြီးကြီးကျယ်ကျယ် လည်းဖြစ်ခဲလှပါသည် ။ ဒူးစုတ် ၊ နှုတ်ခမ်းပေါက် ၊ ဓားရှ ထိုမျှလောက်ပင် အဖြစ်များသည် ။ ထို့ကြောင့် ဤနေ့အဖြစ်အပျက် သည်လည်း သူတို့အတွက် မဆန်းကျယ်လှချေ ။ ဆန်းကျယ်လိမ့်မည်ဟုလည်း မည်သူမှ မထင်ထားခဲ့ချေ ။
(၅)
နောက်နေ့တွင် ပုံမှန်အတိုင်း ပေါ့ပါးသွက်လက်စွာ ကျောင်းသို့ထွက်လာခဲ့သည် ။ အသင်းလှည့် တာဝန်ကျ၍ အရင်နေ့များထက် နာရီဝက်ခန့်စော၍ ထွက်လာခဲ့၏ ။ ထိုနေ့မှ မိုးကလည်း အငြိုးမာန်မပြေစွာနှင့် သဲသဲမဲမဲ ရွာနေတော့သည် ။ တောရွာလမ်းကလေးဖြစ်၍ လမ်းများကအတော်ဆိုးသည့် ။ စီးရသည့်နေရာစီး ၊ တွန်းရသည့်နေရာဆင်းတွန်းရသည် ။ သို့သော် တာဝန်တစ်ခုထက် တပည့်များ၏မျက်နှာကိုသာ မြင်ယောင်ပြီး ကျောင်းသို့မပျက်မကွက် ရောက်အောင်သွားသည် ။ ကျောင်းရောက်သည်နှင့် ကလေးများကဆီးကြိုကြသည် ။ အမောအကုန်မပြေနိုင်သော်လည်း အမောပြေစေခဲ့ပါသည် ။ ထဘီအောက်ခြေနှင့် ခြေထောက်တွင်ပေနေသော ရွှံ့များကိုဆေးကြောရန် ရေကန်ဘက်သို့ထွက်လာလိုက်သည် ။
`` ဆရာမ ´´
အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်ရာ
မထင်မှတ်ထားသော အကြည့်တို့နှင့် မျက်ဝန်းတစ်စုံက သူ့အား စိုက်ကြည့်နေသည် ။
သူ အံ့ဩမှုများနှင့်အတူ ဘာပြန်ပြောရမည်ကိုပင် မသိတော့ ။ ထိုအချိန်တွင် တစ်ဖက်မှ ပြောလာသည့် စကားလုံးများက သူ့နားနှစ်ဖက်မှတဆင့် နှလုံးသားထဲသို့ပါ တစိမ့်စိမ့် စီးဝင်လာတော့သည် ။
`` ဆရာမ .... မနေ့က ကလေးနှုတ်ခမ်းပေါက် သွားတာဘာလို့ အိမ်ကို ချက်ချင်းပြန် မပို့ပေးတာလဲ ... ဆရာမတွေက ဂရုမစိုက်ကြဘူး .... တကယ်ဆိုရင် ဖြစ်ဖြစ်ချင်း ကလေးကိုအိမ်ပြန်ပို့ပေးရမှာ ...
ကလေးကအိမ်ပြန်ရောက်တဲ့အထိ နှာခေါင်းထဲကသွေးတွေ စီးကျနေတုန်း ချက်ချင်းဆေးခန်းခေါ်သွားပြီးပြရတယ်......ကျွန်မ ကလေး တစ်ခုခုဖြစ်လို့ကတော့ ဆရာမတို့ကို အရေးယူပစ်မယ်.... ´´
နောက်ထပ်ဆက်ပြောနေသောစကားများကို သူ့ နားထဲတွင် သဲသဲကွဲကွဲမကြားရတော့ ။ ရေပက်မဝင်နိုင်အောင် တစ်ဖက်လူပြောနေသမျှကို သူ့ရင်ထဲမှ ဖြေရှင်းချက်တွေ ပြန်ပေးနေမိသည် ။ သို့သော် စကားသံတို့သည်ကား အပြင်သို့ ထွက်မလာပေ ။ ထိုစကားသံ တို့အစား မျက်ရည်များသည်သာ ရစ်ဝဲလာတော့သည် ။ ရှက်လည်းရှက်မိသည် ။ တစ်ဖက်လူနှင့်အတူ ဖက်ပြိုင်အံတု၍ အော်ဟစ်နေမည်မဟုတ်သောကြောင့် ပြောသမျှကိုသာ နားထောင်နေလိုက်သည် ။ သူ့အတွက် သည်အချိန်၌ ဆိတ်ဆိတ်နေခြင်းသည်သာ အကောင်းဆုံးဖြစ်မည်ဟုလည်း တွေးလိုက်သည် ။
ကျောင်းအုပ်ကြီးရောက်လာပြီး ဝင်ပြောမှ စကားသံများဆိတ်ငြိမ်သွားတော့၏ ။ စကားသံများ ဆိတ်ငြိမ်သွားသော်လည်း ရင်ထဲမှအပူများကား လောင်မြိုက်နေဆဲပင် ။ လတ်ဆတ်နေဆဲပင် ။ သူကိုယ်သူလည်း မေးခွန်းများ အကြိမ်ကြိမ်ပြန်ထုတ်နေမိတော့၏ ။
(၆)
ကျောင်းတက်သွားသည့်တိုင် ဆရာမ ဒေါ်လှသစ်တစ်ယောက် အတွေးများနှင့် မရွှင်လန်း နိုင်ခဲ့ ။ မကြုံခဲ့ဖူးသောအဖြစ်အပျက် တစ်ခုက သူ့ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ခြင်းအပေါ် ကြောက်စိတ်တွေက စိုးမိုးလာသည် ။ သေးသေးမွှားမွှားပြဿနာမှ ခုလောက်ထိ ကြီးမားသွားလိမ့်မည်ဟုပင် မထင်ထားခဲ့မိသောကြောင့် ပိုကြောက်လာမိသည် ။
တစိမ့်စိမ့်တွေးပြီး တနုံ့နုံ့ခံစားနေရသည် ။
ညအိပ်ရာဝင်သည် အထိ မနက်မှကြားခဲ့ရသောအသံများက သူ့နားထဲတွင် ပဲ့တင်ထပ်နေခဲ့၏ ။
အိပ်မပျော်နိုင်သော မျက်လုံးများကို ကြိတ်မှိတ်အိပ်စေရင်း....
မျက်လုံးထဲတွင် ရိပ်ခနဲ အရိပ်တစ်ခုတွေ့လိုက်ရ၍ မော့ကြည့်လိုက်ရာ ....
`` ဆရာမ .... မနက်က ကျွန်မပြောခဲ့တာတွေ အတွက် တောင်းပန်ပါတယ်နော် ... သားသမီးဇောနဲ့ ပြောမိပြောရာ ပြောလိုက်မိတာပါ တောင်းပန်ပါတယ်နော် . ဆရာမ ´´
`` ရပါတယ်အန်တီ ကျွန်မတို့ ဆရာ ဆရာမတွေဆိုတာ တပည့်တွေရဲ့ ဒုတိယမိဘတွေပါပဲ အန်တီရယ် ...
ဘယ်မိဘမဆို ကိုယ့်သားသမီး ဒုက္ခရောက်မယ့်အလုပ်မျိုး ၊ ဒုက္ခရောက်စေတော့ဆိုပြီး တမင်ရည်ရွယ်လုပ်တာမျိုးမရှိပါဘူး အန်တီ ...
ချစ်ခြင်းမေတ္တာ အပြည့်နဲ့ချစ်ကြသူချည်းပါပဲ ´´
`` ဟုတ်ကဲ့ပါ ဆရာမရယ် ဆရာမတို့ရဲ့ စေတနာ မေတ္တာ တွေကို ကျွန်မအခု နားလည်ပါပြီ ....
ကျွန်မအမှားတွေကို အပြစ်မယူဘဲ ခွင့်လွှတ်ပေးတဲ့အတွက် ပိုပြီးလေးစားကြည်ညိုမိပါတယ် ဆရာမရယ် ...´´
သူ့မျက်ဝန်းမှတစ်ဆင့် ပါးပြင်တစ်လျှောက် စိုစိစိဖြစ်လာသည်ကို သတိထားမိပြီး
``အို...မျက်ရည်တွေပါလား´´
စေတနာ မေတ္တာ တွေအား နားလည်ပါပြီ ဆိုသော စကားသံများကို တကယ့်လက်တွေ့ဘဝ၌ အမှန်တကယ်ကြားရမည့်နေ့သို့ မဝံ့မရဲဖြင့် သူ မျှော်လင့်နေမိပါတော့သည် ။