ကျွန်ုပ်ဆန္ဒပြခဲ့စဉ်က

in myanmar •  7 years ago 

မနက်က အိပ်ယာမထခင် လမ်းပေါ်က ထီသည်ဖွင့်တဲ့ သီချင်းသံကြောင့် လန့်နိုးသွားရတယ်။ ဝေလရဲ့ သီချင်းတစ်ပုဒ်ပါ သီချင်းခေါင်းစဉ်တော့ မသိပေမဲ့ စာသားတွေ နည်းနည်းရပါတယ်။ " အားနေယားနေတိုင်း လမ်းပေါ်ထွက် လမ်းသလားနေတာ ဘာတွေလဲ ငါလက်လန်တယ် " အဲဒီသီချင်းပေါ့။ ဒီမိုကရေစီခေတ်ဆိုတော့ တစ်ခုခုဆို ဆန္ဒပြမယ်ဆိုတဲ့ လူတွေကို သီချင်းလုပ်ဆိုထားတာပါ။

ဒီမိုကရေစီခေတ်ကြီးထဲမှာ ဆန္ဒပြတာ လုပ်ဖူးမှ ခေတ်မှီမယ်ဆိုရင် ကျွန်တော်လည်း နည်းနည်းတော့ ခေတ်မှီတယ်လို့ပြောလို့ရမယ် ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်လည်း ဆန္ဒပြခဲ့ဖူးတယ်။ ဒါပေမဲ့ကျွန်တော် ဆန္ဒပြဖူးတာက နိုင်ငံရေးတွေ ဘာတွေတော့မဟုတ်ဘူး။ သီချင်းလေးတစ်ပုဒ်ကို မနက်သုံးနာရီခွဲလောက်မှာ နိုးစက်ချတဲ့ အသံအဖြစ်ထားပြီး အဲဒီသီချင်းသံလေးနဲ့ ဆန္ဒပြခဲ့တာ။
images (15).jpeg
စမတ်ဖုန်းလေးတွေ လူတိုင်းကိုင်လာနိုင်တဲ့အချိန်က ဖားကန့်က ကျောက်မြတ်ရုံးမှာနှစ်လလောက် လခစားသွားလုပ်ဖူးတယ်ခင်ဗျ။ ဝန်ထမ်းလေးရာလောက် ရှိပြီး အားလုံးက ယောက်ျားသားတွေချည်းပါပဲ။ ညညအလုပ်ပြီး အိပ်ကြရင် ဝန်းထမ်း လေးရာလောက်အကုန်လုံး ကြမ်းခင်းတစ်ခုထဲပဲ အိပ်ကြရတယ်။ ဝန်ထမ်းတွေကို ကြီးကြပ်တဲ့ သူတွေရော ဝန်ထမ်းတွေနဲ့ အတူတူရောပြီး အိပ်ကြရတာပါ။

ညဖက် အလုပ်နားချိန်မှာ ဟန်းဖုန်းကိုယ်စီနဲ့ အလုပ်ရှုပ်ကြပီပေါ့ဗျာ။ ဒါပေမဲ့ အဲ့ဒီအချိန်က ဖားကန့်မှာ အင်တာနက်လိုင်းက မကောင်းဘူးဆိုတော့ ဖုန်းကလိတာက ဂိမ်းကစားတာလောက် ဇာတ်ကားကြည့်တာလောက် သီချင်းနားထောင်တာလောက်ပဲ လုပ်လို့ရတာပါ။ ဟောခန်းကြီး တစ်ခုတည်းမှာ လူလေးရာလောက် စုနေကြပြီး ဖုန်းတစ်ယောက်တစ်လုံးစီနဲ့ ကိုယ်ကြိုက်တာ ကိုယ်ဖွင့်နားထောင်နေကြတာ ဆိုတော့ ဒီဖုန်းအလုံးလေးရာလောက်စီကနေ ထွက်လာတဲ့ အသံက မိုးတွင်း ဖားများအော်သလိုပဲ ဆူညံနေတာခင်ဗျ။ တစ်ယောက်တစ်ပေါက် ဖွင့်ထားကြမဲ့ အသံမျိုးကို ခင်ဗျားတို့နားထဲ ကြားယောင်ကြည့်လိုက် အတော်ကို ဆူညံနေတာပါ။

ကျွန်တော်တို့ ဝန်ထမ်းအဖွဲ့ကို ကြီးကြပ်တဲ့ ဦးလေးကြီးတစ်ယောက်က မနက်လေးနာရီထိုးပြီးရင် အိပ်ယာက နိုးနိုးနေတတ်ပြီး သူ့ဟာသူ အေးအေးဆေးဆေး အိပ်ယာကမထပဲ သီချင်းလေးထဖွင့်ပြီး နှပ်နေတတ်တယ်ဗျ။ သူကတော့ မနက်လေးနာရီထိုးရင် ပုံမှန်အဲဒီသီချင်းကိုထဖွင့်တော့ပါပဲ။ ဖွင့်လိုက်ရင် အဲဒီသီချင်းတစ်ပုဒ်ထဲဆိုတော့ နားရည်ကို တော်တော်ဝနေတာရယ်။ သူ့ဟာသူကြိုက်လို့ ဖွင့်နားထောင်တာဖြစ်ပေမဲ့ ကျန်တဲ့လူလေးရာလောက်က စိတ်အနှောင့်ယှက်ဖြစ်ရတယ်ဗျာ။ ဒါပေမဲ့ ကို့ထက် အသက်လည်းကြီးသလို ကြီးကြပ်ဆိုတော့ ပြောလည်း မပြောရဲကြဘူး။

မနက်လေးနာရီထိုးတိုင်း အဲဒီသီချင်းက နေ့တိုင်းကြားရပြီး ဒီအသံကြားရင်ကို အိပ်ရေးက ပျက်ရပြီဆိုတော့ ဒီသံချင်းဆိုရင် မကြားချင်တော့အောင် မုန်းနေတာရယ်။ အဲဒီသီချင်းကို အခုခေတ်လူငယ်တွေတော့ နားထောင်ဖူးမှာ မဟုတ်ဘူး။ သီချင်းလေးထည့်ပေးလိုက်မယ်။


Video from youtube

သီချင်းလေးရဲ့ အဓိပ္ပါယ်ကတော့ကောင်းတယ်ခင်ဗျ။ အဝေးကိုရောက်နေတဲ့ တပည့်တစ်ယောက်က သူငယ်စဉ်က ပညာသင်ပေးခဲ့တဲ့ဆရာကြီးကို ကျန်းမာပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးတဲ့ သီချင်းဆိုပါတော့။ သီချင်းထဲမှာ " တို့ဆရာကြီးကျန်းမာပါစကွယ် " ဆိုပြီးပါတယ်။ ကျွန်တော်တို့ကတော့ တို့ဆရာကြီးလို့ အသံကြားရရင် မုန်းနေပြီရယ်။ ဟုတ်တယ်လေ တစ်ရက်လည်း မဟုတ် တို့ဆရာကြီးအသံကြားရရင် အိပ်ရေးပျက်တော့တာပဲ။

အဲဒါနဲ့ သီချင်းဖွင့်တဲ့ သူကိုလည်း မပြောရဲတော့ ကျွန်တော် စိတ်ကူးတစ်ခုရလိုက်တယ်။ သူ့ဖုန်းထဲက သီချင်းကို ကူးထားလိုက်တယ်။ ကျန်တဲ့လူလေးရာကိုလဲ အဲဒီသီချင်း ကူးပေးထားပြီးတော့ တိုးတိုးတိတ်တိတ် ပြောပြထားတယ်။ မနက်လေးနာရီထိုး သူအဲဒီသီချင်းထမဖွင့်ခင် သုံးနာရီခွဲလောက်မှာ အဲဒီသီချင်းသံနဲ့ နိုးစက်ချထားကြရအောင်လို့ ညှိလိုက်တယ်။ ကျန်တဲ့လူတွေကလည်း မပြောရဲလိုသာ နေနေရတာ အမြင်ကပ်နေကြပြီ အဲဒီ တို့ဆရာကြီး သီချင်းကိုလေ။ ဒါနဲ့ အားလုံး သဘောတူပြီး အသံကို အကျယ်ဆုံး ထားပြီး သုံးနာရီခွဲမှာ နိုးစက်ချထားလိုက်ကြတော့တယ်။
500_F_39264417_mpiFCmHq1ixXd4GCcysc2IeKxvJBpPoR.jpg
မနက်သုံးနာရီခွဲတော့ ဖုန်းအလုံးလေးရာလောက်က စုပြီးလာတဲ့ အဲဒီသီချင်းသံကြီးက ဟီးထွက်နေတာ။ ကုမ္ပဏီ လူကြီးတွေတောင် လန့်နိုးကုန်တယ်။ ဒါပေမဲ့ ကျွန်တော်အကြံ အောင်တယ်ခင်ဗျ ဦးလေးကြီးက သူ့အရွှဲ့ တိုက်ပြီးဖွင့်မှန် သိသွားပြီး မနက်ဆို မဖွင့်တော့ဘူးရယ်။ အဲဒီလိုလုပ်ပြလိုက်မှ မနက်ခင်းလေးတွေကို ကောင်းကောင်းမွန်မွန် အိပ်ကြရတော့တယ်။ ဒီမိုကရေစီခေတ်မှာ ဆန္ဒပြဖူးမှ ခေတ်မှီတယ်ဆိုရင်တော့ အဲဒီလိုနည်းနဲ့တော့ ဆန္ဒပြခဲ့ဖူးလို့ ခေတ်မှီတယ် ဆိုရမှာပေါ့နော်။
DQmWqM1faGeq5JaJJDK7gGwrcsY7HdrmUCrskL4S2tiDLKX.jpeg

Photos Credit >>>Google

Author>>>@aungzawhtwe

MSC : 014

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

တို့အထွေးလေးလည်း ကျန်းမာပါစေကွယ်...
Steemit မှာ လှော်နိုင်အောင်ကွယ်...
အော်နိုင်အောင်ရယ်...စာတွေလည်း ရေးနိုင်ပါစေကွယ်...

ပို့သသောမေတ္တာအတွက် ကျေးဇူးပါကိုဟိန်းရေ။

ဆန္ဒပြနည်းလေးတယ်မိုက်သကိုးဗျ ခောတ်မှီလှပါပေတယ်😂😂

ကြံဖန်ပြီး ဆန္ဒပြရတာပေါ့ဗျာ ခေတ်မှီချင်တယ်လေ☺☺☺

😄

ခေတ်​မှီ ဆန္ဒပြ နည်း...😊😊။

ဟုတ်တယ် ခေတ်မှီတယ်ခေါ်ရမှာပဲ😁😁😁😁😁