တရားစစ်တရားမှန်တွေပျက်စီး
ဆုတ်ယုတ်သွားတယ်ဆိုတာ
....................................
သူတော်ကောင်းတရားဆိုတဲ့ မြတ်စွာဘုရား ဟောကြားထားတဲ့ တရားစစ်တရားမှန်တွေ ပျက်စီးဆုတ်ယုတ်သွားတယ်ဆိုတာ တရားဓမ္မကို ကျင့်သုံးကြတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပိုပြီးတော့ သက်ဆိုင်တယ်။ အပြင်က လာဖျက်တာ မဟုတ်ဘူး။
ဘုရားက ဥပမာနဲ့ဟောတာ ရှိတယ်။ ရတနာတွေ တင်ထားတဲ့ လှေတစ်စင်း မြုပ်သွားလို့ရှိရင် ရတနာပစ္စည်းတွေပါ တစ်ခါတည်းယူဆောင်ပြီးတော့ မြုပ်သွားတယ်။ တည်ရာဖြစ်တဲ့ လှေမြုပ်မှတော့ ရတနာတွေလည်း မြုပ်မှာပဲ။ ဆိုလိုတာက မြတ်သောအကျင့်ကို ကျင့်ကြတဲ့ပုဂ္ဂိုလ်တွေ အကျင့်ပျက်ပြီဆိုလို့ရှိရင် မြတ်စွာဘုရားဟောကြားတဲ့ တရားတော်တွေကို ယူဆောင်ပြီး သူတို့ပျက်သလို ဒီတရားမြတ်တွေဟာလည်းပဲ ပျက်စီးဆုံးရှုံးကုန်ရတယ်။ အဲဒီ ရတနာတွေတင်ထားတဲ့ လှေကြီးမြုပ်သွားသလို သူတော်ကောင်းတရားဟာ ပုဂ္ဂိုလ်တွေနဲ့အတူ တိမ်မြုပ်ပျောက်ကွယ်သွားတယ်။
.
.
“ရုပ်ဝတ္ထုပစ္စည်းဘက်က ဘယ်လောက်ပဲတိုးတက်တိုးတက်၊ ကိုယ်ကျင့်တရားဆိုင်ရာ စိတ်နေစိတ်ထားတွေက အင်မတန်မှ ကျဆင်းသွားတယ်”
တစ်နေ့မှာ ရှင်မဟာကဿပမထေရ်မြတ်က မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး မေးခွန်းတစ်ခု မေးလျှောက်တယ်။ သူမေးတဲ့မေးခွန်းက ခေတ်အခြေအနေကို လေ့လာသုံးသပ်တဲ့ မေးခွန်းပဲ။ သူက တောရကျောင်းမှာ သီတင်းသုံးတဲ့ တောရဘုန်းကြီးဖြစ်ပေမယ့်လို့ သာသနာရဲ့အခြေအနေကို အမြဲတမ်း အကဲခတ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ။
မြတ်စွာဘုရားက နှစ်ပေါင်း ၄၅-နှစ် သာသနာပြုခဲ့တာဆိုတော့ ၀ါ ၂၀-ကို ရှေ့ပိုင်းခေတ်လို့ သုံးလေ့ရှိကြတယ်။ နောက်ပိုင်း ၂၅-နှစ်ကို နောက်ပိုင်းခေတ်လို့ သုံးကြတယ်။
သူမေးတဲ့မေးခွန်းက “အရှင်ဘုရား” တဲ့၊ ဒါ သူ သာသနာဘောင်ဝင်စကို ရည်ညွှန်းပြီးတော့ ပြောတာပေါ့။ “ရှေ့ပိုင်းခေတ်မှာ” တဲ့၊ “ဘုရားပွင့်ပြီးတဲ့နောက် အနှစ် ၂၀-ကာလအတွင်းမှာဆိုရင် ဘုရားပညတ်တဲ့ သိက္ခာပုဒ်က အလွန်နည်းပြီး တရားထူးတရားမြတ်ရတဲ့ ပုဂ္ဂိုလ်တွေက အလွန်များတယ်” ၊ ဆိုလိုတာက စည်းကမ်းတွေ သိပ်ပြီးတော့ မချမှတ်ရဘဲနဲ့ တရားထူးတရားမြတ်ရတဲ့ ပုဂ္ဂိုလ်တွေ အလွန်များတယ်တဲ့။ “အခု နောက်ပိုင်းခေတ် ရောက်လာတဲ့အခါကျတော့ စည်းမျဉ်းစည်းကမ်းတွေကလည်း များပြားလာတယ်။ စည်းမျဉ်းစည်းကမ်းတွေက တိုးတိုးလာသော်လည်း တရားထူးတရားမြတ်ရတဲ့ပုဂ္ဂိုလ်ရဲ့ အရေအတွက်က လျော့ကျသွားတယ်။”
ဒီ ၂-ခုကို နှိုင်းယှဉ်ကြည့်တာ။ “အရင်တုန်းက စည်းမျဉ်းစည်းကမ်း နည်းနည်းလေးပဲ။ သို့သော် တရားထူးတရားမြတ်ရတဲ့ပုဂ္ဂိုလ်ရဲ့ အရေအတွက်က အားရစရာကောင်းတယ်။ အခု နောက်ပိုင်းခေတ်ကို ရောက်လာတဲ့အခါကျတော့ စည်းမျဉ်းစည်းကမ်းတွေက များသည်ထက်များလာပေမယ့် တရားထူးတရားမြတ်ရတဲ့ပုဂ္ဂိုလ်ရဲ့ အရေအတွက်ကျတော့ လျော့ကျသွားတယ်”တဲ့။ “အဲဒါ ဘာဖြစ်လို့လဲဘုရား” လို့ သူမေးတဲ့မေးခွန်းက အဲဒီလိုမျိုးပဲ။
အဲဒီလိုမေးတော့ မြတ်စွာဘုရားက “လောကကြီး ဆုတ်ယုတ်လာရင် ဒီလိုပဲ ဖြစ်တတ်တာပဲ” တဲ့။ “သတ္တ၀ါတွေက ဆုတ်ယုတ်လာလို့ သူတော်ကောင်းတရားတွေ လျော့ကျပျောက်ကွယ်လာသည့်အတွက်ကြောင့် အခုလို စည်းမျဉ်းစည်းကမ်းတွေက တိုးလာပြီးတော့ တရားထူးတရားမြတ်ရတဲ့ပုဂ္ဂိုလ်တွေက နည်းနည်း နည်းနည်းသွားတယ်။ ဒါဟာ ဆုတ်ယုတ်မှုကို ပြတယ်” လို့ ဒီလိုပြောတာပေါ့။
ဘုန်းကြီးတို့တစ်တွေရဲ့ ခေတ်မှာလည်းပဲ တစ်ဘက်ကနေကြည့်မယ်ဆိုရင် ရုပ်ဝတ္ထုပစ္စည်းတွေ အလွန်တိုးတက်တယ်။ တိုးတက်တယ်လို့ ပြောလို့ရကောင်းရနိုင်သော်လည်းပဲ ကိုယ်ကျင့်တရားဘက် ကြည့်လိုက်မယ်ဆိုရင် အများကြီး ဆုတ်ယုတ်သွားတာကို တွေ့ရတယ်။ အတော်ကို ဆုတ်ယုတ်သွားတာကို တွေ့ရတယ်။
ရုပ်ဝတ္ထုပစ္စည်းဘက်က ဘယ်လောက်ပဲတိုးတက်တိုးတက်၊ ကိုယ်ကျင့်တရားဆိုင်ရာ စိတ်နေစိတ်ထားတွေက အင်မတန်မှ ကျဆင်းသွားတယ်။ ကျဆင်းသွားတာ အရေအတွက်နဲ့ တိုင်းတာလိုက်မယ်ဆိုရင် ကောင်းတဲ့ဘက်က ရာခိုင်နှုန်းနည်းပြီးတော့ ဆိုးတဲ့ဘက်က ရာခိုင်နှုန်းတွေ များများလာတယ်။ ဒါဟာ ဆုတ်ယုတ်တာပဲ။
ဒါကြောင့်မို့ မြတ်စွာဘုရားက ဖြေတယ်။ “အဲဒီလိုဖြစ်ရတာ တခြားအကြောင်းကြောင့် မဟုတ်ဘူး” တဲ့။ “သတ္တ၀ါတွေရဲ့ ကိုယ်ကျင့်တရားတွေ၊ သူတော်ကောင်းတရားတွေ ဆုတ်ယုတ်လာတဲ့ အနေအထားကြောင့် ဒီလိုဖြစ်ရတာ” လို့ မြတ်စွာဘုရားက ဟောတယ်။
.
.
“ မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ ကျင့်သုံးတဲ့ပုဂ္ဂိုလ်၊ သင်ယူတဲ့ပုဂ္ဂိုလ် မရှိရင် ပုဂ္ဂိုလ်နဲ့အတူ ပျောက်ကွယ်သွားမှာပါပဲ ”
မြတ်စွာဘုရားရဲ့တရားတော်တွေ ပုဂ္ဂိုလ်တွေအပေါ်မှာတည်ဖို့ အင်မတန်မှ လိုအပ်တယ်။ ဒါကြောင့်မို့လို့ ခုလို ပရိယတ္တိကျောင်းတိုက်ကြီးတွေ တည်ထောင်ပြီးတော့ စာတတ်ပုဂ္ဂိုလ်တွေ မွေးထုတ်နေကြရတယ်။ အကယ်၍ စာတတ်ပုဂ္ဂိုလ်တွေ လျော့ကျသွားပြီ ဆိုလို့ရှိရင်၊ ဆိုပါစို့၊ စာတတ်ဘုန်းကြီး တစ်ပါးမျှ မရှိတော့ဘူးဆိုရင် သူနဲ့အတူ လှေမြုပ်သွားသလိုပဲ ရတနာထုပ်တွေ ပါသွားသလို တရားဓမ္မတွေ ပါသွားမှာပဲ။ စာအုပ်တွေ ရှိတယ်၊ ကျောက်စာတွေ ရှိတယ်လို့ တချို့က ပြောကောင်းပြောလိမ့်မယ်။ အဲဒီစာအုပ်တွေတို့၊ ကျောက်စာတွေတို့ဟာ အဓိပ္ပာယ်မဖော်နိုင်လို့ရှိရင် ဘာမှအသုံးမ၀င်တော့ဘူးပေါ့။ မဖော်နိုင်တဲ့ခေတ်ဟာ နီးနီးကပ်ကပ်မှာပဲ ရှိတယ်။
ဒီကနေ့ခေတ်မှာတောင်မှပဲ အဓိပ္ပာယ်မဖော်နိုင်သေးတဲ့ စာပေတွေ ရှိတယ်။ ဆဋ္ဌသင်္ဂါယနာတင်ခဲ့တာ နှစ်ပေါင်း ၆၀ ရှိသွားပြီ။ အဲဒီ ဆဋ္ဌသင်္ဂါယနာတင်တုန်းက မဇ္ဈိမနိကာယ်ကို အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုတဲ့ ဋီကာတစ်စောင်မှာ စာတစ်မျက်နှာလောက် ရေးထားတာရှိတယ်။ အဓိပ္ပာယ် ရှင်းလို့မရသည့် အတွက်ကြောင့် အဲဒီအရှုပ်အတိုင်းပဲ ပုံနှိပ်ပြီးတော့ ထည့်ထားတာ။ ဒီကနေ့အထိ ရှင်းနိုင်တဲ့ပုဂ္ဂိုလ် မပေါ်သေးဘူး။
အဲဒီလို ဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေ၊ စာပေကျမ်းဂန်တွေကို တတ်သိနားလည်တဲ့ ပုဂ္ဂိုလ်တွေ မရှိဘူးဆိုရင် စာအုပ်တွေ ဘယ်လောက်ရှိရှိ၊ ကျောက်စာတွေနဲ့ ဘယ်လောက်ထားထား၊ မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ ကျင့်သုံးတဲ့ပုဂ္ဂိုလ်၊ သင်ယူတဲ့ပုဂ္ဂိုလ် မရှိရင် ပုဂ္ဂိုလ်နဲ့အတူ ပျောက်ကွယ်သွားမှာပါပဲ။
(ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တ္တဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားတော်မူသော "သဒ္ဓမ္မပတိရူပကသုတ် အနှစ်ချုပ်" တရားတော်မှ ကောက်နုတ်ဖော်ပြသည်။
This user is on the @buildawhale blacklist for one or more of the following reasons:
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
https://steemit.com/super8ballclub/@steembaby54/super8ballclub-verification
Votevote
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit