နယ်မြေ အခြေအနေကြောင့် တစီးထဲ မသွားကြဘဲ (၄) စီး သို့မဟုတ် (၅) စီး တဖွဲ့ ဖွဲ့ပြီး သွားကြ၏။ ထိုသို့ အတူ သွား အဖွဲ့ထဲမှ ကား တစီးစီးများ ပျက်လျှင် အဖေသည် မိမိကားကို ရပ်ထားပြီး ထိုသူ၏ ကားကို ကောင်းမွန်သည်အထိ ပြင်ကူလေ့ ရှိ၏။ သူကသာ သူများကို ကူတာပါ။ အဖေ့ကား ပျက်တော့ အဖေ့လိုမျိုး ဘယ်သူမှ လာ မကူညီကြပေ။ ဘာပဲ ပြောပြော အဖေကတော့ ဆက်လက် ကူညီမြဲပင်။ ထို အကျင့်ကောင်းလေးကတော့ အဖေ့ထံမှ ရှိ၏။ ထို အလေ့အကျင့်လေးကလည်း ကျနော်တို့ မောင်နှမတွေထံ အမွေ အဖြစ် ပါဝင်လာခဲ့၏။
အပို ကုသိုလ် ရရန် အမေက အဖေ့ကို ဆွမ်းလောင်းခိုင်းခြင်း ဖြစ်၏။ အဖေ မဆုံးခင် သွားနိုင်၊ လာနိုင်တုန်းကတော့ မကြာမကြာ ဆွမ်းလောင်းလေ့ ရှိ၏။ အဖေ မရှိသည့် နောက်ပိုင်းတော့ အမေသာ ပင်တိုင် ဆွမ်းလောင်း၏။ လပြည့်၊ လကွယ်၊ ဥပုသ်နေ့လိုမျိုး အခါကြီး ရက်ကြီးများတွင်တော့ အမေ၏ ဆွမ်းလောင်းလှူခြင်း အမှုမှာ ကျနော် ပါဝင်ပြီး ကူညီ၏။ ကျန်ရက်များမှာ ပုံမှန် ဆွမ်း၊ ဆွမ်းဟင်းသာ လောင်းလှူလေ့ ရှိပေမယ့် နေ့ကြီး ရက်ကြီးများတွင် ဆွမ်း၊ ဆွမ်းဟင်း အပြင် ဆွမ်းခံကြွ ကိုယ်တော်များအတွက် တပါးချင်းစီ အတွက် ကော်ဖီမစ်ထုပ်၊ ခေါက်ဆွဲထုပ်၊ ပေါင်မုန့် အစ ရှိသဖြင့် လောင်းလှူလေ့ ရှိ၏။
ထို့ကြောင့် အမေ တယောက်ထဲ လောင်းလှူဖို့က အဆင်မပြေလှပေ။ ထို့ကြောင့် ထိုကဲ့သို့သော ရက်မျိုးများတွင်တော့ အမေ့ကို ကျနော် လိုက်ကူ၊ လုပ်ကူလေ့ ရှိ၏။ ဆွမ်းလိုက်လောင်းကူ ရမည့် ရက်မျိုး ဆိုလျှင် ညဖက် စောစော အိပ်ရန် အမေက သတိပေးလေ့ ရှိ၏။ မနက်ခင်း နှိုးရခက် မည် စိုးသောကြောင့် ဖြစ်၏။ ဘယ်လောက်ပဲ နောက်ကျမှ အိပ်အိပ် ထိုရက်မျိုးဆိုလျှင်တော့ အမေ တချက်နှိုးရုံနှင့် ကျနော် နိုး၏၊ ထ၏။ မျက်နှာ သစ်ပြီးသည်နှင့် အမေနှင့် တပါတည်း ဆွမ်းလိုက်လောင်းလှူကူ၏။ ဆွမ်းလောင်းပြီးလျှင်တော့ ပြန်အိပ်ပေါ့။
ဟုတ်သည်လည်း မနက်ခင်း (၅) နာရီခွဲဆိုတော့ ဘာမှ လုပ်စရာ မရှိ၊ ဘာ လုပ်ရမှန်း မသိတော့ ပြန်အိပ်ရုံပေါ့။ ကျူရှင် သွားခါနီး အချိန်မှာ ပြန်ပြီး ထလေ့ ရှိ၏။ တခါတလေမှ မနက်ခင်း ခပ်စောစော ထရလို့လားတော့ မသိ။ ထိုကဲ့သို့သော နေ့ရက်မျိုးလေးတွေကို ကျနော် သဘောကျ၏။ မနက်ခင်း ဝေလီဝေလင်း အလှလေးကို ခံစားနိုင်၏။ ဆွမ်းခံ ကြွသော ကိုယ်တော်များကို ကြည်ညိုနိုင်၏။ မိမိ ကောင်းမှူအတွက် ပီတိ ပွားနိုင်၏။ မေတ္တာ လွှမ်းခြုံပြီး ဝေနေယ သတ္တ၀ါတွေ အားလုံး အတွက် မေတ္တာပို့ ဆုတောင်း ဖြစ်၏။
ထိုအချိန် အခိုက်အတန့်လေးသည် တကယ့်ကို ပီတိ အတိပြီးနေသည့် အချိန်လေး ဖြစ်၏။ မည်သည့် မကောင်းမှု တစုံတရာကိုမှ မတွေးတောမိသည့် အချိန် အခိုက်အတန့်လည်း ဖြစ်၏။
ဆက်ပါဦးမည်
Don Jaun
MSC 31