Summer is GonesteemCreated with Sketch.

in myanmar •  6 years ago 

FB_IMG_1527335451652.jpg

လာမည့် အပတ်ထဲမှာ ကျောင်းများ ပြန်ဖွင့်တော့မည် ဖြစ်၏။ အိမ်က မျောက်လောင်း (၂) ကောင်လည်း ကျောင်း ပြန်တတ်ရတော့မည် ဖြစ်၏။ ကျနော်လည်း အလုပ်ခွင် (စာသင်ခြင်း) ပြန်ဝင်၊ ပြန်စ ရတော့မည် ဖြစ်၏။ တနွေလုံး နားလိုက်ရတော့ လူက အတော်လေးကို ပျင်းသွား၏။ အလုပ် ပြန်စဖို့တောင် တော်တော်လေး အရှိန်ယူရဦးမည် ဖြစ်၏။ တခုခု အဆက်ပြတ်သွားလျှင် ပြန်လိုက်ရခက်၊ လုပ်ရခက်၏။ ကျနော်က သူများထက်တောင် ပိုပြီး ခက်သေး၏။

နွေရာသီ အစပိုင်းမှာတော့ အတော်လေးကို ပျော်ခဲ့၏။ ပင်ပန်းထားသမျှ အပြည့်အ၀ နားရတော့မည် ဆိုပြီးတော့ပေါ့။ တကယ့် တကယ် နားလိုက်ရတော့ ထင်သလို မဟုတ်ပေ။ အစပိုင်းမှာတော့ ပျော်ပေမယ့် နောက်ပိုင်းမှာတော့ ပျင်းလာတော့၏။ လုပ်စရာ အလုပ်က မရှိနေဘူးကိုး။ တနေ့ တနေ့ စာရေး ပိုစ့်တင် ဒါပဲ လုပ်နေရသလို ဖြစ်နေ၏။ စာရေး စရာလေး ရှိနေလို့ တော်သေး၏။ လုပ်စရာလေး တခုရှိနေသေးသဖြင့် ခံသာနေ၏။ အားနေတော့ ဘာလုပ်ဖြစ်သနည်း။ ယခု အနားရလိုက်သည့် နွေ (၃) လမှာ ကျနော် ဘာတွေများ လုပ်ဖြစ်လိုက်သနည်း။ ကိုယ့်ကို မေးကြည့်မိ၏။

တကယ်တမ်း ပြန်စဉ်းစားကြည့်၊ ပြန်တွေးကြည့်လိုက်တော့ ဘာမှ သိပ် မဖြစ်လိုက်ပေ။ ပုံမှန် စာရေး၏။ ပိုစ့်တင်၏။ ဒီထက် ဘာမှ မပိုခဲ့ပေ။ တနေ့တနေ့ online သုံးပြီး (အဓိကက facebook နှင့်သာ အချိန်ကုန်နေ၏) အချိန်ကုန်သွား၏။ အကျိုး ရှိသည့် အရာများကို မလုပ်ဖြစ်သလောက်ပင်။ စာလည်း မဖတ်ဖြစ်လိုက်ပေ။ လုပ်ဖို့ ရည်ရွယ်ထားသည့် အရာများ မလုပ်ဖြစ်လိုက်ပေ။ Trading နှင့် ပတ်သက်ပြီး လေ့လာမည် တွေးထားပေမယ့် မလုပ်ဖြစ်၊ မလေ့လာ ဖြစ်လိုက်ပေ။ မယ်မယ်ရရ ပြစရာ ဘာမှ မရှိဘဲ အချိန်တွေ ဒီအတိုင်း ကုန်သွားခဲ့၊ ဖြုန်းခဲ့မိ၏။

P90301-181106.jpg

ယခင်ထက် ဘောလုံး (futsal) ပိုကန်ဖြစ်၊ ပိုကန်တတ်လာခဲ့သည်ပဲ ပြစရာ ရှိ၏။ ကျန်းမာရေး အတွက် နှင့် ပျော်ရွှင်မှု အတွက် ရည်ရွယ်ပြီး စတင် ကစားဖြစ်ခဲ့သည့် Futsal သည် ယခုအခါမှာတော့ အသင်းနာမည်နှင့် ပုံမှန် ကစားသမားတွေနှင့် တော်တော်လေးကို ဟုတ်လာခဲ့ပြီ ဖြစ်၏။ အပျော်တမ်း အသင်းအနေနှင့် အစပြုခဲ့ပေမယ့် ခုနောက်ပိုင်းမှာတော့ ကျနော်တို့ အသင်း၏ ကစားပုံသည် တဖြည်းဖြည်း ပြောင်းလဲ တိုးတက်လာခဲ့၏။ ဆက်လက်ပြီးလည်း တိုးတက်လာဖို့သာ ရှိ၏။ ဤသည်ကတော့ တကယ့်ကို အားရစရာပင်။

နွေ (၃) လကို ပြန်ပြီး စမ်းစစ်ကြည့်လိုက်ဖြင့် တိုးတက်ပြောင်းလဲမှုများ သိပ်မတွေ့၊ သိပ်မရှိလိုက်ပေ။ ပျော်ရွှင်မှု အနေနှင့်လည်း မွေးဖခင်ကြီး ကွယ်လွန်သွားမှုက ဆုံးရှုံးမှုကြီး တခု ဖြစ်ခဲ့၏။ တကယ့်ကို အစားထိုး မရသည့် ဆုံးရှုံးမှုကြီး ဖြစ်၏။ Steem နှင့် ပတ်သက်လို့ကတော့ ပြောစရာ သိပ်မရှိလှပေ။ steem ဈေး အပြောင်းအလဲ မရှိခဲ့သလို၊ platform အနေနှင့် ပြောင်းလဲမှုများ ရှိခဲ့သည် ဆိုပေမယ့် သိသိသာသာကြီး ပြောင်းလဲ တိုးတက်သွားသည်များကိုတော့ မတွေ့ရသေးပေ။ ကျနော်လည်း ပုံမှန်လေး ပိုစ့်တင်ပြီး steem power စုထားနိုင်သဖြင့် steemit မှာတော့ ပုံမှန်လေး ဖြည်းဖြည်းမှန်မှန် ချီတက်ဖြစ်သည်ဟု ပြောလို့ ရ၏။ မည်သို့ပင် ဆိုစေ လုပ်စရာ ရှိသည်များကို ဖြည်းဖြည်းမှန်မှန် ဆက်လုပ်နေရပေဦးမည်။ အဓိကက ရပ်မနေဖို့ပဲ မလား။

Don Jaun

MSC 31

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

True :)

အော် ကျောင်းတွေတောင် ပြန်ဖွင့်တော့မှာပါလား

ကျောင်းပြန်ဖွင့်တော့ အမေတွေ ပျော်တာပေါ့အေ