witt lal taw pa soe poe myo ngl per per sa အပိုင်း ၁

in myanmar •  7 years ago  (edited)

image

ဝတ်လဲတော်ပုဆိုး ပိုးမျိုးငယ်ပါပါစ အပိုင်း-၁
ကျုပ်တို့အမေများ ပြောဖူးသာ ပြောပါတယ်။ ဇာတ်ထဲပွဲထဲ၊ ဒါမှမဟုတ် ရပ်ထဲရွာထဲ ဓာတ်စက်ထဲ ဗျိုင်းတောင်သီချင်းများ ကြားလိုက်လို့ သီချင်းထဲက ‘စားတော်ပီး ငါးလူးငယ် ပါပါစ’ သောက်တော်အိုး မွှေးမျိုးငယ် ပါပါစ’ ‘ဝတ်လဲတော်ပုဆိုး ပိုးမျိုးငယ် ပါပါစ’ တို့ ဘာတို့များ ကြားလိုက်လို့ကတော့ “ဖွဟဲ့…
နိမိတ်မရှိနမာမရှိ မကောင်းသူ ပယ်၊ ကောင်းသူ ကယ်” ဆိုပြီး တံတွေးတစ်ချက် ပျစ်ခနဲ ထွေးပစ်လိုက်သာတဲ့။ မင်္ဂလာမရှိတဲ့ သီချင်း နားနဲ့တောင်မကြားချင်ဘူး ဆိုတဲ့သဘော နေမှာပေါ့။
ကျုပ်တို့များတော့ သီချင်းတောင်မဟုတ်ပါဘူး၊ အကျိုးပေး မကောင်းပုံများ သင်္ချိုင်းထဲမှာကို နေရတာ။ သေတ္တာလာဝယ်ရင် ခေါင်းနဲ့ရွက်ပြီး လိုက်ပို့ရတာ။ သည်အလုပ်မျိုးကလည်း ဘုရားစူးရစေ့၊
တစ်သက်နဲ့တစ်ကိုယ် လုပ်ရလိမ့်မယ် တွက်ခဲ့တာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ဘယ့်နှယ်လုပ်မလဲ၊ ဘဝအကြောင်းဆိုတော့ လုပ်ရတော့တာပဲ။ ပိုက်ဆံ ငွေစကြေးစကလေး မြက်မြက်စက်စက်ရသာလည်း တစ်ကြောင်းပေါ့လေ။ တခြားအလုပ် မလုပ်တတ်တာလည်း တစ်ကြောင်းပေါ့။
“ဟဲ့ ဒါဆို ညည်း ခေါင်းရွက်ဗျပ်ထိုး ဈေးကလေးနာကလေး ရောင်းပါလား” လို့တော့ မပြောနဲ့၊ ရလှ တစ်နေကုန် နေပူစပ်ခါး လျှောက်နိုင်မှ အစိတ်ပေါ့၊ သုံးဆယ်ပေါ့။ အကြွေးကလည်း ကျပီးမယ်၊ ပြီးတော့ ဘယ်မလဲ ငွေရင်း။
သည်အလုပ်က အကြွေးကျစရာလည်း မရှိဘူး။ ငွေရင်းလည်း မလိုဘူး။ မလုပ်ခင်က ငွေရနှင့်တာ။ ရှစ်ဆယ်လည်း ဟုတ်တယ်၊ တစ်ရာလည်း ဟုတ်တယ်။ ဝေးလို့များတော့ ဝေးသလောက် တောင်း၊
ပါးစပ်ထဲကဈေးဟာ အတည်ပဲ။ လူကို လိုက်လို့၊ ခရီးအဝေးကိုလိုက်လို့ ကြည့်တောင်းရတာပဲ။
ရလည်း ရတယ်။ ရသမှ နေ့တိုင်းကို ရတာ။ လူက နေ့တိုင်း သေနေတာ မဟုတ်လား။ ရပ်ကွက်ထဲနေတဲ့လူကတော့ မသိသာလှဘူးပေါ့။ မယုံရင် သင်္ချိုင်းထဲ နေကြည့်ပါလား။ တစ်နေ့တစ်နေ့ သေတဲ့လူ နည်း မှတ်လို့။
သင်္ချိုင်းစပ် ကုက္ကိုပင်စောက်ကြီးအောက်က တဲကြီးထဲ နေလာရတဲ့ နှစ်ကိုပဲ ကြို့ထိုးနေပြီ။ ကျုပ်အထင် အနှစ်သုံးဆယ်ကျော်ရော့မယ်။
ကျုပ်အသက်လား၊ လေးဆယ်ကျော်လို့ ခြောက်နှစ်ထဲမှာ။ လင်လည်း သုံးဆက်ရှိပြီ။တကယ်ပြောသာပါ။ ပထမဆုံးလင်က ဆုံးသွားရှာတာ။ သူဆုံးတော့ ကျုပ်က ငယ်ငယ်ရယ်။ နောက်လင်ကတော့ ကွဲကို ကွဲတာ။ ကျုပ် တစ်သက်နဲ့တစ်ကိုယ် လုပ်ရလိမ့်မယ်လို့ မတွက်ခဲ့တဲ့ သည်အလုပ်လည်း ဒင်းက ဇာတ်သွင်းခဲ့တာ။
အခုတော့ တစ်ခါတစ်ခါ ကျေးဇူးလည်းတင်ပါရဲ့၊ စိတ်လည်း နာတယ်။ ဘုရားစူး။ သေချင်းဆိုးလည်း ဘယ်ဆီရောက်နေမှန်းတောင် မသိဘူး။ ကျုပ်တို့သားအမိ သင်္ချိုင်းစပ်က တဲကြီးထဲ ထားပစ်ခဲ့ပြီး ထွက်သွားလိုက်တာ ဘယ်မှာ မြွေပွေးကိုက်နေသလဲတောင် မသိဘူး၊ တစ်ခါမှတောင်
ပေါ်မလာဘူး။ ရှိလှပေါ့၊ လေးငါးနှစ်တော့။
ဒါပေမဲ့ ကိုစံမောင်က ကျုပ်တို့ကိုနှင်မထုတ်ရှာပါဘူး။ ‘မသောင်း လုပ်လက်စ ဆက်လုပ်ပေါ့’ တဲ့၊ ‘ဘယ်မှလည်း မသွားနဲ့’ တဲ့ ပြောရှာပါတယ်။ ကျုပ်ကလည်း မသွားပါဘူး။ တခြား ဘာသွားလုပ်တတ်မှာတုံး၊ ဟုတ်ဘူးလား။

ကိုစံမောင်တို့ကတော့ တတ်နိုင်သူတွေကိုး။ သူတို့လည်း သင်္ချိုင်းထဲနေတာပါပဲ။ ပိုက်ဆံရှိတော့ လေးပင်နှစ်ထပ်အိမ်ကြီးနဲ့ နေတယ်။ သေတ္တာမျိုးစုံကို လုပ်လည်းလုပ်၊ ရောင်းလည်းရောင်း ဆိုတော့ ချောင်လည်ပါတယ်။ အနီးအပါးက ကုက္ကိုပင်တွေ၊ မှို့ပင်တွေ ချုပ်ဝယ်ပြီး ပျင်ချပ်တွေဖြစ်အောင် ခွဲ၊ စပ်ဟပ်ပြီး သေတ္တာရိုက်၊ အတွင်းနဲ့အပြင်ကို ဝါတာဖလူးစ ခပ်တင်းတင်းဆွဲကပ်ပြီး ငွေရောင်ဖောက်ပန်းတွေကပ်၊ ပြီးရင် သေတ္တာတွေကို စီထပ်ထားလိုက်တာပဲ။
ဈေးကတော့ အမျိုးမျိုးပဲ။ လူမှသေပြီ ဆိုမှတော့ သည်သေတ္တာတွေက မသုံးမဖြစ်တွေ မဟုတ်လား။ ဝယ်ရတာပဲ။ ကြိုက်ဈေးလည်း ပေးရတာပဲ။ အသုဘကြီး ဖျာလိပ်နဲ့ပတ်ချလို့ကလည်း ရတာမဟုတ်၊ ခြေမကြိုးဆွဲချလို့ကလည်း မဖြစ်၊ ဟုတ်ဘူးလား… လူကိုး… လူက သေတာတောင် အလှအပ
ကြိုက်တာကလား။ ဝယ်သူလာပြီဆိုရင် ကိုစံမောင်က မလှမ်းမကမ်းက ကျုပ်တဲဘက် လှမ်းခေါ်တော့တာပဲ။
ကျုပ်လည်း သိတယ်၊ သေတ္တာဝယ်သူလာပြီ၊ ကိစ္စတော့ ပေါ်နေပြီ၊ ကျုပ် ရွက်ပို့ရတော့မယ် ဆိုသာ…
သည်တော့ မနက် မိုးလင်းသာနဲ့ တဲရှေ့က တံခါးလုပ်ထားတဲ့ ဂုန်နီဖျင်စ အသာ မ တင်ပြီး ဆေးလိပ်တစ်တို မီးညှိရင်း ကိုစံမောင့်အိမ်ဘက် လှမ်းမျှော်ကြည့်နေလိုက်တာပဲ။
သေတ္တာဝယ်သူတွေကလည်း ဟိုအလုံး ချလိုက်၊ သည်အလုံး ကြည့်လိုက်နဲ့ မြေကြီးထဲ မြှုပ်ရမယ့် ပစ္စည်းတောင်အနာအဆာ ရွေးကြသေးသာ။ သေတ္တာတစ်လုံးတန်ဖိုးကလည်း သည်ခေတ် မသေးဘူး။ တကယ့်အနေကျပ် အသေကျပ်ကြီး။ တော်ရုံသေတ္တာတောင် ငါးရာကျော် ခြောက်ရာ တန်တယ်။ တချို့များ သင်္ဘောပုံ ခရစ်ယာန်သေတ္တာမှ ဝယ်တာ။
သူက နှစ်မျိုးရှိတယ်။ အဖြူနဲ့ အနက်။ အဖြူက အပျိုလူပျိုသေရင် သုံးတယ်၊ အနက်က အိမ်ထောင်ရှင် သေမှ သုံးတယ်။ ကြားဖူးသာပါ။ တချို့ ပိုက်ဆံရှိတဲ့လူများကျတော့လည်း သင်္ဘောပုံနဲ့မှ လှလည်း လှတာကိုး လက်ကိုင်တွေနဲ့၊ ပန်းဖွားကြီးတွေနဲ့၊ မွေ့ရာနဲ့။ သည်မှာမို့လို့ပါ။ ကျုပ်တို့
အညာမှာများ ရိုးရိုးပါပဲ၊ သေတာကို ဟန်ချဲ့မနေပါဘူး။
ဘာပဲဖြစ်ဖြစ်လေ ဆေးလိပ်တစ်တိုနဲ့ ကိုစံမောင့်အိမ်ဘက်လှည့်မျှော်နေတာကိုက ကျုပ်အလုပ် မဟုတ်လား။ မျှော်ရတာပဲ။
လာလည်း လာတယ်၊ မနက် ခုနစ်နာရီ ရှစ်နာရီဆို ပေါက်လာတာပဲ။ ကိစ္စပေါ်ပြီ ဆိုရင် ပေါ်တဲ့နေ့ကတော့ သက်ပျောက်ဆွမ်း သွတ်ရတာ တို့၊ အိမ်အခင်းအကျင်း ပြင်ရရွှေ့ရတာ တို့ ဘာတို့နဲ့ မဝယ်ဖြစ်ကြဘူး။ ကျုပ်တို့လူမျိုး ထုံးစံကလည်း သုံးရက်၊ ငါးရက်၊ ခုနစ်ရက် ထားလေ့ရှိတော့ နောက်တစ်နေ့ ရောက်လာကြတော့တာပဲ။
ကာယကံရှင်ကတော့ လိုက်ခဲပါတယ်။ သည်ကိစ္စကျွမ်းကျင်တဲ့ လူ၊ ရပ်ကွက်ထဲ လုပ်ဖူးကိုင်ဖူးတဲ့လူ လွှတ်လိုက်တာပဲ။ အဲ့သည်လူကလည်း ဝယ်ဖူးခြမ်းဖူးတော့ စကားသိပ် မပြောရပါဘူး၊ ဈေးနာပြောပြီးရင် ပြီးသွားတာပါပဲ။ သည်ကိစ္စ ဈေးမဆစ်ကောင်းဘူး ဆိုတော့ နည်းနည်းပါးပါး ညှိကြရုံပါပဲ။
ပြီးရင်တော့ ကိုစံမောင်က ဆေးလိပ်လေး တည်လို့၊ လက်ဖက်ရည်လေး တိုက်လို့… သောက်ပြီးကြရင် ကျုပ် လှမ်းခေါ်တာပဲ။
“မသောင်း… ကိုင်း… ကိစ္စပေါ်လာလို့ တဲ့။ ကိုးရပ်ကွက် ကားဂိတ်ဆုံးက ရထားလမ်းနားမှာ။ ရွက်ခ ပြောလိုက်ပီး”
“ရှစ်ဆယ် ပါ။ ဒါက ထုံးစံပဲဥစ္စာ”
တချို့ကလည်း ဒီလောက်လေး ပြောလိုက်တာနဲ့ ဟ… ရွက်ခက ရှစ်ဆယ်တောင်လား၊ မဟုတ်သေးပါဘူး ဆိုပြီး တုံးပေကပ်သတ် လုပ်ချင်ကြတာလည်း ရှိရဲ့။ တချို့ကလည်း လူမှ သေပြီ ဆိုမှတော့ မဆစ်တော့ပါဘူး၊ ရော့… အင့်… ပဲ။
ကျုပ်က ကိုစံမောင့် အားနာလို့ပါ၊ ပြောလိုက်ချင်တာ။ ဈေးများရင် တော်တို့ရွက်ကြည့်ပါလား လို့။ ဟုတ်တယ်လေ… ကားငှားကြည့်ပါလား လို့။ ကျုပ်သားတွေပြောသလို ဆိုရင် ပြာသွားမယ်… တော်ရုံကားကလည်း မလိုက်ပါဘူး။
လိုက်ရင်လည်း ရာကျော်ပဲ။ သူတို့ကလည်း ဒါကြီးတင်ပြီးရင်
ပရိတ်ရေ ပက်ရ၊ အမွှေးနံ့သာ ဖျန်းရ၊ ခေါင်းလျှော်ရည်နဲ့ တစ်ကားလုံး ဆေးရနဲ့ သိပ်သက်သာပုံ မရဘူး။
နီးရင်တော့ ဆိုက်ကားတွေက လိုက်ပို့ပါတယ်။ လူစီးဆိုက်ကားတွေကလည်း လိုက်ခဲ့တယ်။ရေခဲဆိုက်ကား တို့၊ ပက်လက်ခုံဆိုက်ကားတို့မှ လိုက်တာပါ။ လိုက်ရင်လည်း လျှော့ယူဖို့ စိတ်တောင်မကူးဘူး။
ကျုပ်ရွက်ရတာကလည်း တကယ်တော့ သက်သာတယ် မထင်နဲ့။ တော်တို့ မရွက်ဖူးလို့ ရွက်ကြည့်စေချင်တယ်။
ထုံးစံအတိုင်းဆိုလို့ကတော့ သေတ္တာကို မှောက်ပြီး စ,ရွက်ကတည်းက လမ်းမှာချနားလို့ရတာ မဟုတ်ဘူး။ သေတ္တာအဖုံးကလည်း သေတ္တာပေါ် တင်ချင်တင်၊ မတင်ရင် ချိုင်းကြားညှပ်၊ လက်တစ်ဖက်က ပိုက်ပြီး ဇက်တောင့်တောင့်နဲ့ သွားရသာ တချို့အိမ်များ လေးငါးမိုင်လောက် ဝေးသယ်။ သွားရသာပဲ။
ရေဆာလို့ ချသောက်လို့လည်း မရဘူး။ ဒီဟာကြီးနဲ့ ဘယ်အိမ်က ရေတိုက်မှာလဲ။ ဇက်နာလို့လည်း ချနားလို့ မရဘူး။ နေပူလို့ သူများဈေးဆိုင်ရိပ် ခိုဖို့များ စိတ်တောင်မကူးနဲ့၊ ပါးရိုက်လိမ့်မယ်။ အယူကြီးတဲ့ ဒေသများ သေတ္တာဖုံးကို ဘယ်-ညာ ပြောင်းလို့တောင် မရချင်ဘူး။ သေတ္တာကြီးနဲ့နားရင် ရွာနာသယ် လို့ အယူရှိတာကိုး။
သွားရင်းက နောက်လည်းမလှည့်ရဘူး တဲ့။ သွားရင်းများ သူများကို တိုက်မိလို့လည်း မရဘူး။ သူများကလည်း ကိုယ့်ကို မတိုက်ရဲပါဘူး။ ကားတွေဆိုသာ ဘေးက ရှောင်မောင်းတယ်၊ ထိသွားမှာ စိုးလို့။ ကျက်သရေ မရှိလို့ ပေါ့လေ။
နောက်တစ်ခုက လိုက်ပို့ရမယ့် ရပ်ကွက်ရောက်လို့ သေတ္တာကြီး ထမ်းပြီး ဟိုအိမ်မေး သည်အိမ်မေး လို့လည်း ရတာမဟုတ်ဘူး။ ဒီတော့ ဝယ်စကတည်းက သေချာချိန်းထားရတယ်။ ကာယကံရှင်တစ်ယောက်က ထွက်ကြိုနှင့်ရတယ်။
ကာယကံရှင်က စောင့်ခေါ်သွားရင်တောင်မှ လမ်းကြိုလမ်းကြား၊ အိမ်ကြိုအိမ်ကြားက ခေါ်သွားလို့ မရဘူး။ လမ်းမက ဖြောင့်ဖြောင့် သွားရတာ။
ကာယကံရှင်အိမ် ရောက်ရင်လည်း ‘လေးလိုက်တာ’ လို့ မညည်းရဘူး ဆိုသာ ရှိသေးတယ်။တချို့က အဲ့သလိုပြောရင် အားကြီး စိတ်ဆိုးသယ်။ ကျုပ်ကတော့ ရိုးရိုးပြောမိသာပါ၊ အဝေးကြီးက ရွက်လာရတာ ဇက်တွေဆိုတာ ပူထူနေတာမဟုတ်လား။
သေတ္တာထဲ ခေါင်းထည့်ရွက်တာ လေမတိုးဘာမတိုးနဲ့ ချွေးဆိုတာ ပြုတ်ထားတဲ့အတိုင်းပဲ။ သေတ္တာအဖုံးက တစ်ဖက် ဆိုတော့ စဉ်းးစားသာကြည့်။ အဲ့သာကို လေးတယ် မပြောရဘူး တဲ့။ အကောင်းဆုံးက ဘာမှမပြောတာပါပဲ။ ကနားဖျင်းရိပ် ချပြီး ထိုင်နေလိုက်တာပဲ။ ရွက်ခပိုက်ဆံက ချေပြီးသားပါ။ ဒါပေမဲ့ လမ်းစရိတ်လေး၊ မုန့်ဖိုးလေး ပေးပါဦး ဆိုပြီး ပေထိုင်နေလိုက်ရင် ကာယကံရှင်က ထုတ်ပေးတာပဲ။
တချို့ကလည်း ‘ပေးပြီးသားပဲဗျ’ ဘာညာ နဲ့ မဆီမဆိုင် ဝင်ဟောက်ချင်တယ်။ ဘာပဲဖြစ်ဖြစ်လေ သည်လို မျက်နှာပြောင်ပြောင်နဲ့ တောင်းရတာပဲ။ ဘယ့်နှယ်လုပ်မလဲ၊ ရရင်လည်း အမြတ်၊ မရရင်လည်း ပြန်ရုံပေါ့။ မသကာ ဆေးလိပ်ခွက်ထဲက ဆေးလိပ် လေးငါးလိပ် နှိုက်ပြီး ထလာလိုက်ရင်လည်း တစ်ညစာတော့ ပြီးသွားတာပဲ။
ကျုပ်ယောက်ျား နောက်ဆုံးကောင်အကြောင်း ကျုပ် မပြောရသေးဘူး။ နာမည်က မောင်ငယ် တဲ့။
တကယ်လည်း ကျုပ်မောင် အငယ်လောက် ရှိမှာပါ။ ကျုပ်ထက် တော်တော့်ကို ငယ်တယ်။
ဒါကြောင့်လည်း သေခြင်းဆိုးက ဆိုးချင်သာ ထင်ပါတယ်။
အပိုင်း-၂ ဆက်ရန်. . .
image
Photos credit by google

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

မင်္ဂလာပါခင်ဗျာ Steemit Platform သည် အခြား သော ဆိုဒ်များမှ စာများ , ဆောင်းပါးများ , သတင်းများအား ကူးယူဖေါ်ပြခြင်းကို အထူးပင်တားမြစ်ထားပါသည်။ ဤ Platform သည် မိမိကိုယ်ပိုင်အရေး အသား အတွေးအမြင် အတွေ့အကြုံတို့ အား ဖလှယ် ရာနေရာ ဖြစ်ပါသည် ။ မိတ်ဆွေ၏ post နှင့် ပုံစံတူ post အား https://m.facebook.com/story.php?story_fbid=380018739086636&id=290592458029265 တွင် တွေ့မိပါသည် ။

Myanmar Steemit Community တွင် MSC - number ရယူသူတိုင်းသည် ကိုယ်တိုင်ရေး ဆောင်းပါးများ ရေးသားသူ ဟု အသိအမှတ်ပြု ခံရသူများ ဖြစ်ပါသည်။ ဤကဲ့သို့ အရှက်တရားကင်းမဲ့စွာ တပါးသူရေးသားထားသော ဆောင်းပါးအား ရေးသားသူ မိမိ နာမည် တပ်၍ SBD ရယူ ရန် promotion တင်လာခြင်းမှာ MSC အား စော်ကားခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤကဲ့သို့ အဖြစ်မရှိ ခိုးကြောင်ခိုးဝှက် ဖြင့် သူတပါး voting ရယူ လိုသူအား MSC မှ အလိုမရှိပါ။ ယနေ့မှ စ၍ သင့်အား MSC တွင် post တင်ခြင်းနှင့် promotion တင်ခြင်းကို ပိတ်ပင်သည့် အပြင် MSC အဖွဲ့ ဝင် အဖြစ်မှ လည်း ရာသက်ပန် ထုတ်ပယ်လိုက်သည်။

နောက်နေတာလား myanmar-cheetah ရယ်။ သူ့ပိုစ့်နဲ့ သူ ပြန် နိုင်းယှဉ်ရင်တော့ တူမှာပေါ့လို့။
evernew.PNG.
It should be different post.

ကောင်းပါတယ်ရှင့်

ကျေးဇူးပါ

ဖတ်သွားတယ်အကို ကောင်းတယ်

ကျေးဇူးပါညီလေး

အားပေးခဲ့ပါတယ်ဗျ

ကျေးဇူးပါဗျ

Good.​ရေးတတ်​လိုက်​တာ​တော်​။မျက်​စိထဲကွက်​ကွက်​ကွင်းကွင်းပဲ။

: ) ကျေးဇူးပါမအိရေ အပိုင်း ၂ မျှော်ဦး : )

Nice bro

thank

အပြောလေးကချိုနာဖဲ :P

သဘာဝဆန်ဆန်လေးလေ
ဒါမှအဓိပ္ပါယ်ပေါ်တာ

Good bro.

thank bro

သဘာဝကျကျရေးတတ်တယ်ဗျာ
တော်ပါတယ်

ဟုတ်အကို အဆင်ပြေအောင်ရေးရတာပါ

good bro

thank ညီ

ကောင်းပါတယ်​။

ကျေးဇူးပါအကို

အရေးအသားကောင်းပါတယ်။

ကျေးဇူးပါအန်တီ

အားပေးနေပါတယ်

ကျေးဇူးအကို

Nice story.

ကျေးဇူးပါ honey

Nice

အစောကျေးကျေးနော်

Good post.
@shwebote

thank aunt

ကျေးဇူးတင်ပါတယ် လာရောက်အားပေးသွားပါတယ်

ဟုတ်အကို
လာရောက်၍ကျေးဇူးတင်တယ်ပြောပါရစေ

welcome bro

thank sir