Myanmar Steemit Community မှ ပြန်လည်ကျင်းပပေးသော Best Writer ပြိုင်ပွဲအတွက် ရွေးချယ်ပေးထားတဲ့ ခေါင်းစဉ်လေးကို ဖတ်ရှုမိတဲ့အခါ " ယိုယွင်းနေသော မြန်မာ့ သဘာဝ ပ တ်ဝန်းကျင်ကို ထိန်းသိမ်းပြုပြင်ရအောင် " ဆိုတဲ့ ခေါင်းစဉ်မို့  စိတ်ဝင်စားမိပါသည်။ မိမိလည်း သတင်းတွေ ဘာတွေဖတ်ရင်းက " ကဲ ကျုပ်တို့ ဘာလုပ်ကြမလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံ၏ သဘာဝ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုက အမြင့်ဆုံးနေရာသို့ ရောက်နေပြီ ဆိုသော အခြေအနေဆိုးကြီးကို သိမြင်ခဲ့ရသည် ။သဘာဝ ဘေးအန္တရာယ်များ ဖြစ်နိုင်ခြေကလည်း နံပါတ် ( ၂ ) နေရာဖြစ်နေတော့ တကယ် စိုးရိမ်မိပါသည်။ မိမိလိုပင် မသိနားမလည်သော ပြည်သူပြည်သားများလည်း မည်မျှပင်ရှိနေကြသည် ၊ မသိရသလို စိုးရိမ်ရကောင်းမှန်းလည်း သိကြမည် မဟုတ်ပေ။ ထို့ ကြောင့် လူငယ်တွေရဲ့ အတွေးအခေါ်သစ်တွေဖြင့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းလိုသောစိတ်ရှိအောင် ပြုလုပ်ပေးသော MSC Admin Team ၏အမြော်အမြင်ရှိပုံကို လေးစားသော အားဖြင့် မိမိသိထားသလို သဘာဝပတ်ဝန်းကျင်နှင့် ပတ်သတ်သောအကြောင်းအရာများကို အများလည်းသိပါစေဟူသော ဆန္ဒဖြင့် ရေးသားတင်ပြလိုပါသည်။
စာရေးတော့မည်ဟု ဆိုကာမှ ဘယ်ကစရေးရမှန်းမသိတော့ပေ။ ခေါင်းထဲမှာ အတွေးပေါင်းစုံ၊ အချက်အလက်ပေါင်းစုံက သူကိုရေးပါ ၊ငါ့ကိုရေးပါနှင့် ပူဆာနေကြတော့ ရွေးချယ်ရခက်နေပြန်ပါသည်။ သစ်တောကြီးတွေ အကြောင်းရေးရမလား ဒါမှမဟုတ် လေထုညစ်ညမ်းမှုအကြောင်းတွေ ရေးရမလား။ ငလျင်လှုပ်လို့  ပြိုကျသွားခဲ့သော ပုဂံဘုရားများအကြောင်းရေးရမလား၊ စည်းကမ်းမဲ့ စွန့် ပစ်နေကြသော ပလပ်စတစ် အမှိုက်တွေအကြောင်းရေးရမလား။ ပျက်စီးနေသော ဂေဟ စနစ်တွေအကြောင်းရေးရမလား ၊သို့ လော သို့ လော ဖြစ်နေသောကြောင့် ခေါင်းစဉ်ကို တစ်ခုစီ သုတေသန လုပ်ကြည့်မိသည်။ ဒါမှသာ ရေးရတာပိုတွင်ကျယ်မည်ဟု ခံစားမိသည်။ ယိုယွင်းပျက်စီးမှုနှင့် ထိန်းသိမ်း ပြုပြင်မှုက ရှင်းပါသည် ။စဉ်းစားရမှာက သဘာဝ နဲ့ ပတ်ဝန်းကျင်၊ ပတ်ဝန်းကျင်ဆိုတာက မိမိနေထိုင်ရာ မြန်မာနိုင်ငံ၏ နယ်နိမိတ်အားလုံး အကျုံးဝင်သည်ဟုထင်ပါသည်။
သဘာဝ ဆိုသည်မှာ လူတွေက မဖန်တီး မပြုလုပ်ပါဘဲနှင့် သူ့ အလိုလိုဖြစ်တည်နေသော သဘာဝအလှတရားကို ဆိုလိုခြင်းဖြစ်မည်ဟု တွေးမိသည် ။ဒီတော့ ရေမြေတောတောင် သဘာဝကို ပြုပြင်ထိန်းသိမ်းသင့်တဲ့အကြောင်းရေးသင့်သည်ဟု ဆုံးဖြတ်ပြီး စတင်ရေးသားမိတော့သည်။
မိမိတို့ နေထိုင်ရာ အမိမြန်မာနိုင်ငံတော်သည် မြေပေါ်မြေအောက် သယံဇာတများ၊ သဘာဝ ပတ်ဝန်းကျင်အလှအပများ ကြွယ်ဝသည့် နိုင်ငံဖြစ်သောကြောင့် အချိန်ကြာလာသည်နှင့်အမျှ တရွေ့ရွေ့နှင့် ခြစားသလို၊ ပျက်စီးဆုံးရှုံးမှုများရှိနေသည်ကို မည်သူမျှ သတိမထားမိကြပေ။ ၁၉၉၀ ပြည့်နှစ်အလွန်က မြန်မာနိုင်ငံ၏ ၇၅ % သည် စိမ်းလန်းစိုပြေသော အစိမ်းရောင်ဒေသ အေးချမ်းသာယာသော ဒေသဖြစ်ခဲ့သော်ငြား၊ ယခုဆိုလျှင် ၂၄ % မျှသာ ကျန်ရှိတော့သည်ဟု သိရပါသည်။ နှစ်ပေါင်း ၂၀ ကျော် အတွင်းမှာ များစွာ လျော့ပါးသွားခဲ့ပြီ။ ထို့ ကြောင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားနိုင်ဆုံး စာရင်းတွင် မြန်မာနိုင်ငံသည် ထိပ်ဆုံးသို့  ရောက်နေရခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသတွင် ဖြစ်တည်နေသော သဘာဝဒီရေတောများ၊ သူတစ်ပါးနိုင်ငံ၏ နယ်နိမိတ်အဖြစ်ရောက်သွားခဲ့သောကြောင့် မကာကွယ် မထိန်းသိမ်းရကောင်းလား ဟူသောအနေဖြင့် ၂၀၀၈ ခုနှစ်တွင် နာဂစ် ဆိုသော သဘာဝဘေးအန္တရာယ်ကျရောက်စေကာ သတိပေးခဲ့ဖူးပါသည်။ သဘာဝဒီရေတောများ ပျောက်ကွယ်သွားသောကြောင့် ဆိုးကျိုးအနေဖြင့် ဧရာဝတီတိုင်း ဒေသကြီးတစ်ခုလုံး၊ အတားအဆီးမဲ့စွာ ဝင်ရောက်လာသည့် လှိုင်းဒဏ် လေဒဏ်ကို အလူးအလဲ ခံခဲ့ရသည် ။အသက်အိုးအိမ် စည်းစိမ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်၊ စတေးခဲ့ရသည်။ ၄င်းဖြစ်ရပ်ဆိုးများကို သင်ခန်းစာယူသင့်ပါသည်။ နှစ်ပေါင်းများစွာ ကြာမြင့်မှ သဘာဝအလျောက်ဖြစ်ပေါ်လာသည့်၊ ဒီရေတောများကို တန်ဖိုးထားရမည်၊ ထိန်းသိမ်းစောင့်ရှောက်ရမည်။ အဖွဲ့အစည်းများ၏ အကူအညီဖြင့် ကျကျနန စီမံဆောင်ရွက်ရမည်။ လှိုင်းဒဏ် လေဒဏ် ကာကွယ်ဖို့ အတွက် သဘာဝကပေးထားသော ဆုလာဘ် ဖြစ်သောကြောင့် မည်သူမှ မပိုင်ဆိုင်သလို ၊လက်ညိုးထိုးပြီးလည်း ရောင်းစားပိုင်ခွင့်မရှိပါ ။ထိုသို့ သော ဘဘာဝ ပတ်ဝန်းကျင်ကို အမြတ်ထုတ်တတ်သော၊ တစ်ဘို့ တည်းသမား လူတန်းစားများကိုလည်း စုပေါင်းတိုက်ထုတ်သင့်သည်ဟု ထင်မိပါသည်။ မိမိနိုင်ငံ မိမိသဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ သည်၊ နိုင်ငံသားတိုင်း၏ တာဝန်တစ်ရပ်ပင်ဖြစ်သည်ဟု ခံယူစေချင်ပါသည်။
မြန်မာနိုင်ငံ၏ အလယ်ပိုင်းဒေသများတွင်လည်း၊ ပျက်စီးယိုယွင်းနေသော သဘာဝအလှတွေ အများအပြားရှိနေပါသည် ။သာဓက တစ်ခုထုတ်ပြရလျှင် မန္တလေးတိုင်း အမရပူရ မြို့၏၊ ကျက်သရေဆောင်ဖြစ်သော တောင်သမန်အင်းကြီးကို ကြည့်ပါ။ တစ်ချိန်က ညနေဆည်းဆာ နေဝင်ချိန်ဆိုလျှင် တိုင်းတစ်ပါးကပင် လာရောက် ငေးမောရလောက်အောင် သာယာလှပခဲ့သော်ငြား၊ ယခုမူကား အင်းကြီးအတွင်းမှ ရေများခန်းခြောက်ကာ သာယာလှပမှုများ ကွယ်ပျောက်ခဲ့ရသည် ။မိမိတို့ ဂရုမစိုက်ဘဲ သတိမထားမိကြသောကြောင့် ထို့ သို့ ပျက်စီးခဲ့ရသည်ဟုထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခင်ကတည်းက အင်းကြီးက သတိပေးခဲ့ပါသည်။ " ငါ့ရဲ့ အလှတရားတွေကို ဖျက်ဆီးကြတော့မဲ့ စွန့် ပစ်ရေဆိုးတွေများနေပြီ ကူညီကြပါ " ဆိုပြီး ငါးတွေ အမြောက်အမြားသေဆုံးစေခြင်းဖြင့် သတိပေးခဲ့သည် ။တစ်ခါ နှစ်ခါ မဟုတ် ၊သုံးကြိမ် သုံးခါမျှ သတိပေးခဲ့ပါသည် ။စည်းကမ်းမဲ့ စက်ရုံများမှ စွန့် ပစ်လိုက်သော ရေဆိုးများ ဓာတုပစ္စည်းများ၏ ဒဏ်ကို တောင်သမန်အင်းကြီးသာမက၊ မှီတင်းနေထိုင်ကြသော ငါးမျိုးစုံလည်း မရေမတွက်နိုင်အောင် အသေခံပြီး ပြုပြင်ထိန်းသိမ်းဖို့ သတိပေးခဲ့သော်ငြား၊ မသိသောသူများကလည်း မသိသလိုပင် နေခဲ့ကြသည်။ သိသောသူများကလည်း မဆိုင်သလိုပင် နေခဲ့ကြသည် ။အကြောင်းရင်းရှာကြည့်သော် ဖွံ့ဖြိုးတိုးတတ်သော စက်မှုနိုင်ငံများက ခွင့်မပြုဘဲ တားမြစ်ထားသော စက်ရုံပေါင်းများစွာသည်၊ မြန်မာနိုင်ငံတွင် မိုးဦးကျ မှိုများလို ပေါများလွန်းသည်ဟု ထင်မိသည် ။
စည်းကမ်းမဲ့ စက်ရုံများသည် မိမိနိုင်ငံမဟုတ်သည့်အတွက် မည်သူ့ အတွက်မှ စဉ်းစားခြင်းမရှိဘဲ၊ အန္တာရာယ်ဖြစ်စေနိုင်သော စွန့် ပစ်ပစ္စည်းများစွာကို ပစ်ချင်သည့်နေရာ ပစ်နေကြတော့သည် ။ထိုကဲ့သို့ သော စည်းကမ်းမဲ့ စက်ရုံများကို စနစ်တကျ ကိုင်တွယ်သင့်ပါသည်။ တာဝန်ရှိပုဂ္ဂိုလ်များသာမက တာဝန်သိပြည်သူများလည်း၊ ဝိုင်းဝန်းတားဆီးသင့်သည်ဟု ထင်မိပါသည်။ ထို့ ကဲ့သို့ သော စက်ရုံများမှ စွန့် ပစ်ပစ္စည်းများသည် မိမိနိုင်ငံ၏ သဘာဝ ပတ်ဝန်းကျင်ကိုသာမက၊ မိမိတို့ နိုင်ငံသားတွေ၏ ကျန်းမာပျော်ရွှင်သော လူနေမှုဘဝများကိုပါထိခိုက်စေနိုင်ပါသည်။ ထို့ ကြောင့် တာဝန်သိပြည်သူတစ်ဦး အနေဖြင့် ကာကွယ်ထိန်းသိမ်းသင့်ပါသည်။
မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတနှင့် တွင်းထွက်ပစ္စည်းတို့  ပေါများရာ အထက်ပိုင်းဒေသတွင်လည်း၊ များစွာယိုယွင်းပျက်စီးနေရုံသာမက ချိုင့်ဝှမ်းများ မီးလောင်ပြင်တောင်ကတုံးများဖြင့် အရုပ်ဆိုးအကျည်းတန်လှပါသည်။ နှစ်ပေါင်းရာနှင့်ချီ၍သက်တမ်းရှည်သော သစ်ပင်သစ်တောကြီးများလည်း၊ ကားကြီးတွေစီး၍ ခရီးတွေထွက်နေကြသည် ။သဘာဝ တွင်းထွက်သယံဇာတ များဆိုလျင်လည်း၊ မီးခြစ်ကျောက်ပါမကျန် နိုင်ငံတကာသို့  ပျော်ပွဲစားထွက်နေကြသည်ဟုပင် ထင်ရပါသည်။ ဟာသအနေဖြင့် လုပ်ကြံပြောဆိုနေခြင်းမဟုတ်ပါ။ အမှန်တရားတစ်ချို့က ရင်ထဲနင့်နေအောင် ခံစားသွားရမည် စိုးသောကြောင့် သတိပေးရုံမျှရေးသားခြင်းသာဖြစ်ပါသည်။ ဤနေရာတွင် ဦးသုခ၏ စာရေးပုံကိုပြောပြချင်ပါသည်။အမေအကြောင်းရေးရာတွင် စာရေးဖော်အပေါင်းအသင်းများက လက်မခံနိုင်ကြပါ။ ဒီလောက်ဆိုးသွမ်းတဲ့ အမေဆိုတာ လောကမှာ မရှိပါဘူး၊ မင်းရေးတာ ပိုကိုပိုလွန်းပါတယ်ဟု မှတ်ချက်ချသောကြောင့် ဦးသုခပြန်ပြောလိုက်သည်ကား၊ ငါ့အမေမို့ လို့  အဲ့ဒါလျော့ပေါ့ရေးထားတာ ဟူ၍ပင် ၊မိမိလည်းထို့ အတူပင် တကယ်နှိုက်နှိုက်ချွတ်ချွတ် ရေးပြရလျှင် မိမိနိုင်ငံ၏ သယံဇာတများကို အလကားနီးပါး ရယူနေကြပြီး၊ စနစ်တကျဖျက်ဆီးနေကြသည်ဟုပင် ထင်မြင်ရလောက်အောင် ၊တိုင်းတစ်ပါးသားတို့ ၏ ခြယ်လှယ်မှုကိုခံနေရသော မြန်မာတို့ ၏ ညံဖျင်းမှုများ
ပါ ပေါ်ပေါက်လာနိုင်သောကြောင့် ဤတွင်ရပ်ပါမည်။
စကားဆက်ပါအံ့ ၊သက်တမ်းရင့် သစ်ပင်ကြီးများ မရှိပေမဲ့လည်း အနည်းငယ်တော့ ကျန်ပါသေးသည်ဟု ဖြေသိမ့်ခွင့်လေးပင် မရခဲ့ပါ။တောင်ယာ အသစ်ချဲ့ထွင်တဲ့ နေရာမှာ လောင်စာများဖြစ်ကုန်ကြပြန်သည်။ တောင်သူလယ်သမားများ၏ အသိပညာ ဗဟုသုတ နည်းမှုကြောင့်လည်း၊ သစ်တောများ ဆုံးရှုံးနေရသည်။ အကျိုးအမြတ်သာ ကြည့်တတ်သော လောဘသမားများကြောင့်လည်း၊ သဘာဝ သယံဇာတများ ဆုံးရှုံးနေကြသည်။ နှစ်ပေါင်းများစွာ ကြာခဲ့တာတောင် မြန်မာပြည်ကြီး ကြံ့ကြံ့ခံနိုင်သေးသည်ကို အံ့သြမိပါသည်။ ထိုမျှ များပြားလှသော သဘာဝ သယံဇာတတွေကိုသာ အကျိုးရှိစွာ အသုံးချနိုင်တဲ့ အသိပညာ ဗဟုသုတများ ပေးနိုင်လျှင် မည်မျှ ကောင်းမည်နည်းဟုပင် တွေးမိပါသည် ။
ယခု လက်ရှိအခြေအနေများကိုသာ မသိသလို မမြင်သလို နေပြီး ၊ထိန်းသိမ်းကာကွယ်ခြင်းမပြုပါက မြန်မာပြည်ကြီးလည်း သိပ်မကြာတော့ပါဟုသာ ဆိုချင်ပါသည် ။မိမိသွားရောက် လည်ပတ်ဖူးသော မြန်မာနိုင်ငံ အထက်ပိုင်း ၊အလယ်ပိုင်း၊ အောက်ပိုင်းဒေသ နေရာအနှံအပြားတွင် မီးလောင်ပြင် တောင်ကတုံးများသာ တွေ့မြင်ခဲ့ရသည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုများကြောင့် ဂေဟစနစ်များလည်း ပျက်စီးကုန်ကြသည် ။ပထဝီမြေကြီးလည်း မြေဆီလွှာခန်းပြီး၊ စိုက်ပျိုးသော်လည်း အသီးအနှံများ ဖြစ်ထွန်းလာခြင်း မရှိကြပေ။ ထို့ ကြောင့် တောင်ယာများ အသစ်ချဲ့ထွင်ကြသည်ဟု ထင်ပါသည် ။တောင်သူ လယ်သမားအများစုသည်လည်း တောင်ယာချဲ့ထွင်မည၊် ထင်းခုတ်မည်၊ မီးသွေးဖုတ်မည်ဟူသော အသိဥာဏ်လေးဖြင့် သဘာဝသစ်တောများကို မီးလောင်တိုက်များ သွင်းနေကြသည်။ ထို့ ကြောင့် မိမိတို့ တတ်နိုင်သမျှ တစ်ဦးချင်းဖြစ်စေ ၊အဖွဲ့အစည်းများနှင့်ဖြစ်စေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သတ်သည့် အသိပညာများ ဗဟုသုတများ ဝေမျှပေးသင့်သည်ဟု ထင်ပါသည် ။မြန်မာနိုင်ငံတွင် ကလောင်စွမ်းထက်သော စာရေးဆရာပေါင်း မြောက်များစွာ ရှိပါသော်လည်း၊ အမိမြေ၏ သဘာဝအလှအပတွေ ပတ်ဝန်းကျင်ထိန်းသိမ်းမှု ဆိုင်ရာ လုပ်ငန်းစဉ်တွေကို အသိပေးရေးသားသည့် စာရေးဆရာ ဟူ၍ ဦးထွန်းလွင် ( မိုးလေဝသ )နှင့် ဒေါက်တာ စည်သူလွင် ( ကိုရင်လှ ) နှစ်ဦးသာလျှင် သိပါသည် ။ထို့ သို့ သော မိမိနိုင်ငံ၏ သဘာဝ ပတ်ဝန်းကျင် အလှအပကို ချစ်မြတ်နိုးသော စာရေးဆရာ များစွာ ပေါ်ထွန်းစေချင်ပါသည် ။သို့ မှသာ တောရွာမြို့အနှံ အသိပညာ ဗဟုသုတများ ရရှိကာ ကာကွယ်ထိန်းသိမ်းနိုင်ကြမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ယိုယွင်းပျက်စီးနေသော ရေမြေတောတောင် သဘာဝများတွင် ဆုံးရှုံးပျက်စီးမှု အများဆုံးက စိမ်းလန်းစိုပြေသော သစ်တောများဖြစ်နေသည် ။သစ်ပင်ကြီးငယ်မရွေး သိ၍သော်လည်းကောင်း၊ မသိ၍သော်လည်းကောင်း စနစ်တကျ ဖျက်ဆီးခြင်းခံနေရသည်ကို မီးလောင်ပြင်နှင့် တောင်ကတုံးများက သက်သေပြနေပါသည် ။ရှေးယခင်ကတည်းကပင် သဘာဝအလျောက် ဖြစ်တည်နေသော ရေမြေတောတောင်သဘာဝကို ထိန်းသိမ်းစောင့်ရှောက်စေလိုသော ဆန္ဒဖြင့်
" တောပင်ကို တော်တော်ခုတ်ပါကြ၊
တောပြုန်းလိမ့်၊ နောက်နောင်
တောခုတ်လို့ ၊ တောပြောင်
မိုးခေါင်တော့မှာပဲ ၊
မိုးခေါင်လို့ ၊ ရေမကြွယ်
သဲပင်လယ် ဖြစ်လိမ့်မလွဲ "ဟူ၍ ဆရာဇော်ဂျီ ကိုယ်တိုင်အမြော်အမြင် ကြီးစွာဖြင့် ရေးစပ်ခဲ့ပါသည်။သို့ သော်လည်း ယခု ကမ္ဘာ့ထုတ်ပြန်မှုစာရင်းအရ သစ်တောပြုန်းမှုရာခိုင်နှုန်း၊ သဘာဝဘေးအန္တာရာယ်ဖြစ်ပွားနိုင်မှု ရာခိုင်နှုန်းသည် မြန်မာနိုင်ငံက အဆင့် ( ၂ ) နေရာသို့ ပင်ရောက်ရှိနေပါသည်။ ထို့ ကြောင့် အပူလွန်ကဲမှုတွေ ၊အအေးဓာတ်လွန်ကဲမှုတွေ အမျိုးမျိုးဖြစ်ပေါ်နေပါသည်။ ယခုရက်ပိုင်းအတွင်းမှာပင် ငလျင်ငယ် အကြိမ်ပေါင်း ( ၃၀ ) ခန့် မျှ လှုပ်ခတ်သွားသည်ဟု သိရသောကြောင့် သတိများပေးနေခြင်းလားဟူ၍ပင် စိုးရိမ်မိပါသေးသည်။ ယခုကဲ့သို့  ပျက်စီးနေသော ပတ်ဝန်းကျင် ဂေဟ စနစ်များကို မပြုပြင် မထိန်းသိမ်းကြဘူးဆိုလျှင် နောင်အခါ အက်ဆစ်မိုးများပင် ရွာသွန်းနိုင်ချေရှိပါသည်။ ဒါကတော့ မိမိအတွေး မိမိအထင်အမြင်သာ ဖြစ်ပါသည် ။တကယ်ဖြစ်သည် ၊မဖြစ်သည်ထက် မိမိပတ်ဝန်းကျင်မှာ မည်သို့ ပျက်စီးနေသည်၊ မည်မျှ ဆုံးရှုံးနေသည်ကို မိမိတို့ ကိုယ်တိုင် လေ့လာသင့်သည် ။မိမိတို့ ကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်ရမည့် အချိန်အခါသို့  ရောက်နေပါပြီဟုသာ ဆိုချင်ပါတော့သည်။
နိုင်ငံပိုင် ဂျာနယ်တစ်စောင်တွင် သတင်းတစ်ခုဖတ်လိုက်ရသည်။ လက်မှုနိုင်ငံအဆင့်မှ ဖွံ့ဖြိုးတိုးတတ်တဲ့ စက်မှုနိုင်ငံတော် အဖြစ်ပြုပြင်ပြောင်းလဲ နေသည့်အတွက် အနည်းနှင့်အများတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်ပါသည်။ ထိုအခြင်းအရာကို လက်မခံနိုင်ပါက ကျောက်ခေတ်မှာသာ နေကြပါ။ ဟူသော စကားပင်၊ တရားလက်လွတ် ပြောချင်တိုင်းပြော နေကြသည့်အတွက် ဒေါသထွက်မိပါသည်။ မိမိကိုယ်တိုင်လည်း နေပြည်တော် မြို့သစ်စီမံကိန်းကြောင့် လူသူမရှိတဲ့ သချိုင်္င်းကုန်းဘေးတွင်လည်း အိပ်ခဲ့ရဖူးပါသည်။
ကျောက်မိုင်းခွဲတဲ့ နေရာမှ စင်ထွက်လာသည့် ကျောက်ခဲများကြောင့်လည်း ခေါင်းကွဲရဖူးပါသည်။ ( သူငယ်ချင်းများနှင့် ထိုဒေသများသို့  သွားရောက်လည်ပတ်ဖူးသောကြောင့် သိခဲ့ရခြင်းဖြစ်ပါသည် ) သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်သည်ထက် ထိုစီမံကိန်းများကြောင့် ပျောက်ကွယ်ခဲ့ရသော ကျေးရွာများနှင့် လူနည်းစုတို့ သည် ၊နိုင်ငံသားများ မဟုတ်ပေလို့ လား ။ဒါမှမဟုတ် စာရင်းမသွင်းသည့်အနေဖြင့် ပြောဆိုလိုက်ပေခြင်းလားဟုပင် တွေးမိပါသည်။
ဖွံ့ဖြိုးတိုးတတ်နေသည့် စက်မှုနိုင်ငံများတွင် မိမိနိုင်ငံသားများအတွက် အဓိကစဉ်းစားပေးထားကြသည် ။ သဘာဝဘေးအန္တရာယ်တွေ မိုးဒဏ် လေဒဏ် စသည့် ရာသီဥတုဒဏ်တွေ ခံနိုင်မည့်၊ အဆောက်အဦးများ စသည်ကို အဆင့်မြှင့်တည်ဆောက်ပေးထားကြသည်။ စက်မှုဖွံ့ဖြိုးခြင်း၏ side effect များကိုလျော့ချဖို့  နည်းလမ်းများရှာဖွေကြသည် ။စင်ကာပူလို နိုင်ငံမျိုးမှာပင် လေထုကို ညစ်ညမ်းစေသည့် ၊ လောင်စာစွမ်းအင် လျော့ချနိုင်ရေးအတွက် စက်ဘီးပေါင်းမြောက်များစွာ နေရာအနှံထားရှိပေးထားသည်ဟု သိရပါသည်။ မိမိသွားလို့ သည့်ခရီး နီးသည်ဆိုပါက ကားဖြင့်မသွားဘဲ စက်ဘီးများဖြင့် သွားလာနိုင်ဖို့ စီစဉ်ပေးထားကြပါသည် ။မိမိနိုင်ငံတွင်လည်း ထို့ သို့ သော ကာကွယ်စောင့်ရှောက်ရေး ထိန်းသိမ်းရေး အစီအစဉ်များ စနစ်တကျစီမံ ဆောင်ရွက်နိုင်သည့် ခေါင်းဆောင်ပညာရှင်များ ပေါ်ထွန်းစေချင်ပါသည်။ လိုလည်း လိုအပ်နေပါသည်။ အကယ်၍ မြန်မာပြည်အထက်ပိုင်းမှ မြစ်ဆုံစီမံကိန်းသာ အကောင်အထည်ပေါ်ခဲ့ပါက ရေလွှမ်းခံရမဲ့ကျေးရွာတွေ အမြစ်ပါမကျန် အလှန်ခံရမဲ့ သဘာဝတောတောင်တွေ ထိုပြသနာများကို မည်သို့ များ ကိုင်တွယ်ကြမည်နည်းဟု ရင်လေးခဲ့ရဖူးပါသည် ။သို့ ပေမဲ့ စီမံကိန်းကြီး မအောင်မြင်လို့  ဝမ်းသာပီတိဖြစ်ရပါသည။်
စက်မှုနိုင်ငံတော်အဖြစ် ပြောင်းလဲမည်ဟု ဆိုပင်ဆိုသော်ငြား၊ မိမိနိုင်ငံတွင် မိမိလူမျိုးပိုင်ဆိုင်သည့် စက်ရုံ ၊အလုပ်ရုံ ဟူ၍ မရှိသလောက်ပင် ။ကျောက်မီးသွေးစက်ရုံ ၊ဘိလပ်မြေစက်ရုံ စသည့် လေထုညစ်ညမ်းစေနိုင်သော တိုင်းတစ်ပါးသားတို့ ၏ စက်ရုံများက ပေါများလွန်းပါသည်။ ထိုစက်ရုံများကို မည်သည့်နိုင်ငံမှ ခွင့်မပြုကြပေ။ လေထုညစ်ညမ်းသည် ၊ပတ်ဝန်းကျင်ထိခိုက်သည် ဟူ၍ နိုင်ငံတိုင်းက ကန့် ကွက်ကြသည် ။သို့ သော် မြန်မာနိုင်ငံက အလွယ်တကူပင် ခွင့်ပြုပေးထားပါသည်၊ သတိပြုကြပါ။ စုပေါင်းစွမ်းအားဖြင့် တိုက်ထုတ်ပါက မဖြစ်နိုင်စရာမရှိပါဘူး။ သဘာဝကိုပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသော ဦးအုန်း ၏လက်သုံးစကားလေးပြောပြချင်ပါသည် " အကျိုးအမြတ်သာ ကြည့်ပြီး သဘာဝပတ်ဝန်းကျင်ကို အလေးမထားသော မည့်သည့် စီမံကိန်းမျိုးကို မဆို သေတဲ့အထိ ငါတိုက်ထုတ်သွားမည် " ဟု ကြွေးကြော်၍ ရေနက်ဆိပ်ကမ်း စီမံကိန်းကြီးကို တော်လှန်ခဲ့ပါသည်။ အောင်လည်းအောင်မြင်ခဲ့ပါသည် ။ " သဘာဝတရားသည် လူသားအားလုံးကို စောင့်ရှောက်ပေးသော်လည်း၊ သဘာဝတရားကိုတော့ ချစ်မြတ်နိုးသူ လူနည်းစုကသာ စောင့်ရှောက်ကြပါသည် " ထိုအကြောင်းကို အတုယူဖွယ်အနေဖြင့် အသိပေးချင်ပါသည်။
မြန်မာနိုင်ငံအောက်ပိုင်း တနသ်ာရီတိုင်း ရေဖြူမြို့နယ် ကလုံးထာကျေးရွာလေးသည်၊ သဘာဝများစွာထဲမှ ပို၍သဘာဝကျသည်ဟု ဆိုရလောက်အောင် သာယာလွန်းပါသည်။ မှီတင်းနေထိုင်ကြသူများအနေဖြင့်လည်း ကွမ်းခြံ၊ ရော်ဘာခြံ လုပ်ငန်းများဖြင့် အေးချမ်းစွာ နေထိုင်ကြပေသည် ။ရွာ၏ အရှေ့ဘက်တွင် ၁၂ ရာသီမပြတ်စီးဆင်းနေသော ရေတံခွန်ကြီးနှင့် နံဘေးပတ်ပတ်လည်တွင်လည်း စိမ်းစိုနေသော တောင်တန်းများက ကာစီးထား၍ သာယာလှပကာ နေချင်စဖွယ်ပင် ။ထိုရွာကလေး၏ မလှမ်းမကမ်းတွင်ကား ရေနက်ဆိပ်ကမ်း စီမံကိန်းမြေနေရာ ဖြစ်သည့်အလျောက် ဘူဒိုဇာများ စက်ကိရိယာများ အစုံအလင်ဖြင့် " တောကိုရှင်းမည် ၊တောင်ကိုဖြိုမည် " အရာရာကို ချေမှုန်းဖို့ အတွက် အဆင့်သင်စောင့်ဆိုင်းနေကြသည့်မြင်ကွင်းကား အလွန်ပင် အကျည်းတန်လှပေသည် ။အစိုးရမှ သတ်မှတ်ပေးထားသော စီမံကိန်းမြေနေရာ ဖြစ်သောကြောင့် ဘာမှ မပြောသာသော်လည်း ၊သူတို့ မျက်စိကျနေသည်ကား စီမံကိန်းနှင့် မသက်ဆိုင်သည့် ကလုံးထာကျေးရွာ ဖြစ်နေသည်။ကလုံးထာရေတံခွန်ကို ရေကာတာဆောက်မည်၊ စီမံကိန်းအတွက်လိုအပ်သော လျှပ်စစ်ရယူမည်၊ နံဘေးက တောင်တန်းတွေ ဖြိုချမည်၊ လမ်းတံတားဖောက်မည် ဟူသော အစီအစဉ်ဖြင့် ငွေထုပ်ပိုက်ကာ အကြီးအကဲများထံ ချဉ်းကပ်လာကြသည် ။လက်ရှိတန်ဖိုးထက် အဆပေါင်းများစွာ ပိုပေးသည့်အခါမှာတော့ ငွေတည်းဟူသော မျက်နှာကြောင့် အကြီးအကဲများနှင့် လူအများစုက လက်ခံကြသော်လည်း သဘာဝကို ချစ်မြတ်နိုးသော လူနည်းစုကမူ လက်ခံနိုင်ခြင်းမရှိပေ ။မည်မျှပင် ပေးပေး မရောင်းနိုင် ၊မိမိကျေးရွာကို မစွန့် ခွာနိုင်ဟူ၍သာ ငြင်းဆန်ကြသဖြင့် အခြေအနေကား ထင်ထားသည်ထက် တင်းမာခဲ့ရသည် ။
ရေတံခွန်ကို ပိတ်၍ ရေကာတာ တည်ဆောက်လျှင် ကလုံးထာကျေးရွာနှင့် နံဘေးမှ ရွာများလည်း ရေလွှမ်း၍ ပျောက်ကွယ်သွားနိုင်သည်။ စိမ်းစိုလှပနေသည့် တောင်တန်းကြီးများလည်း လမ်းတံတား ဖြစ်သွားပေလိမ့်မည် ။ထိုသို့ တော့ အဖြစ်မခံနိုင်ကြ၊ ရေနစ်သူ ကောက်ရိုးတစ်မျှင် ဆွဲသည့်အနေဖြင့် တာဝန်ရှိပုဂ္ဂိုလ်များသို့  တင်ပြသော်လည်း အခြေအနေ ထူးခြားလာခြင်းမရှိပေ ။စီမံကိန်းကြီးကား လူနည်းစုကို ဂရုမစိုက်သည့် အနေဖြင့် အသက်ဝင်လှုပ်ရှားနေလေပြီ ။အသံစုံမြည်ဟီးလို့  တောတောင်တွေကို စတင်ဝါးမြိုနေလေပြီ။ သို့ သော် သဘာဝအလှတရားကို ချစ်မြတ်နိုးသော လူနည်းစုကြောင့် ကလုံးထာရေတံခွန်နှင့် တောင်တန်းကြီး ကံကောင်းခဲ့သည်ဟု ဆိုရပေမည်။ ကူညီဖေးမပေးသော သူများနှင့် အဆက်အသွယ်ရှိခဲ့သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အစီအစဉ်ကို စတင်ခဲ့တဲ့ ဇီဝဗေဒ ပညာရှင် ရေချယ်ကာဆင် ၏အဖွဲ့အစည်းတစ်ခုဖြစ်သော ပတ်ဝန်းကျင်ဆိုင်ရာ တတ်ကြွလှုပ်ရှားသူများနှင့် တွေ့ဆုံခွင့်ရခဲ့သည်။ထိုအဖွဲ့အစည်းကား ၁၉၇၀ ပြည့်နှစ် ဧပြီလ ၂၂ ရက်နေ့ တွင် ကျင်းပခဲ့သော " မြေကမ္ဘာနေ့  " ( Earth Day ) နှင့် ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့ တွင် ကုလသမဂ္ဂမှ ဦးစီးသော " ကမ္ဘာ့ပတ်ဝန်းကျင်နေ့  " ( World Enviroment Day ) ၏ လုပ်ငန်းစဉ်အတိုင်း စီမံဆောင်ရွက်ကြသော မျိုးဆက်သစ် အဖွဲ့အစည်း တစ်ခုဖြစ်သည့်အားလျော်စွာ၊ ရေမြေတောတောင် သဘာဝကို ချစ်မြတ်နိုးသော လူနည်းစုဘက်က အင်တိုက်အားတိုက် ရပ်တည်ပေးခဲ့သည်။ ရေနက်ဆိပ်ကမ်း စီမံကိန်းကြီးသာ အကောင်အထည်ဖော်တည်ဆောက်ဖြစ်ပါက၊ သာယာလှပသော သဘာဝပတ်ဝန်းကျင်နှင့် ကျေးရွာပေါင်းများစွာ ပျောက်ကွယ်သွားနိုင်ကြောင်း၊ ပျက်စီးသွားနိုင်ကြောင်းကို အထောက်အထားခိုင်လုံစွာ ရှင်းပြနိုင်သောကြောင့် စီမံကိန်းကြီး ကျရှုံးခဲ့ရသည် ။ယခုဆိုလျှင် ကမ္ဘာလှည့် ခရီးသွားများပင် လာရောက်အပန်းဖြေသည့် နေရာတစ်ခုပင်ဖြစ်နေပါသည် ။ငွေကြေးနှင့်ပေါက် အာဏာနှင့် ခြောက်၍ ဖျက်ဆီးလိုသမျှကို၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသော စိတ်ဖြင့် ကြံကြံခံ တွန်းလှန်းခဲ့သည့်၊ လူနည်းစုတို့ ၏ စိတ်ထားကား အတုယူ လေးစားဖွယ် ကောင်းပါဘိ။
အချုပ်အားဖြင့်ဆိုရသော် မြန်မာနိုင်ငံအတွင်းရှိ ယိုယွင်းပျက်စီးနေသော သဘာဝပတ်ဝန်းကျင်နှင့် ရေမြေတောတောင် သယံဇာတများအား၊ မည်သို့ ထိန်းသိမ်းသင့်ကြောင်းကို မိမိ သိသလောက် မှတ်သားဖူးသလောက် ရေးသားပြခြင်းဖြစ်ပါသည်။ မိမိမသိသေးသော ပျက်စီးနေသော နေရာဒေသများလည်း၊ အများအပြားပင်ရှိဦးမည်ဟု ထင်ပါသည် ။အပြုသဘောဆောင်ကာ ရေးသားခြင်းဖြစ်သောကြောင့် ပိုသည်၊ လိုသည်များရှိကောင်းရှိနိုင်ပါသည်။ မိမိတို့ အားလုံး တွေးရမည်မှာ မည်သို့ ပြုပြင် ထိန်းသိမ်းရမည်နည်း။ ရိုးရိုးရှင်းရှင်းလေး တွေးကြည့်ရအောင်ပါ ။မိမိတို့ မှီတင်းနေထိုင်ရာ ကမ္ဘာဂြိုလ်ကြီးသည် ရေ ၊လေ ၊မြေ တို့ ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါသည် ။ထို့ ကြောင့် မြစ်ချောင်း အင်းအိုင် စသည့်တို့ တွင် စက်ရုံများမှ စွန့် ပစ်ပစ္စည်းများ ၊အမှိုက်သရိုက်များ နှင့် ရေဆိုးရေညစ်များ ကင်းစင်အောင် ဆောင်ရွက်ခြင်း၊လေထုကို ညစ်ညမ်းစေသော စက်ရုံများကို စနစ်တကျ ကိုင်တွယ်ခြင်း၊ လောင်စာ အစားထိုးအသုံးပြုခြင်း၊ တောမီးရှို့ ခြင်း စသည်တို့ ကို ထိန်းသိမ်းကာကွယ်ခြင်း၊ ရေမြေတောတောင် သဘာဝကို ချစ်မြတ်နိုးသော စိတ်ဖြင့်၊ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အဖွဲ့အစည်းများ၏ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာကျင့်သုံးခြင်းတို့ ဖြင့် သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့အောင် ပြုလုပ်သင့်ပါသည်။
" လူသည် သဘာဝနှင့် ကင်းကွာ၍ မနေနိုင်၊ သဘာဝမှ ရှင်သန်ခြင်းကို ရ၏ " ဟူသော ဆောင်ပုဒ်အတိုင်း နှစ်ပေါင်းများစွာ ကြာမြင့်မှ ဖြစ်တည်ခဲ့သော သဘာဝပတ်ဝန်းကျင် အလှအပများနှင့် ရေမြေတောတောင် သယံဇာတတို့ ကို မိမိတို့  လက်ထက်ကျမှ အပျက်အစီးအဆုံးအရှုံး ခံနိုင်ကြမည် မထင်ပါ ။တတ်နိုင်သည့်ဘက်မှ ထိန်းသိမ်းကြမည်ဟုလည်း ယုံကြည်မိပါသည်။ တစ်ဦးတစ်ယောက်ချင်းသော် လည်းကောင်း၊ အဖွဲ့အစည်းများ၏ အကူအညီဖြင့်သော် လည်းကောင်း၊ ဝိုင်းဝန်းကာကွယ်ကြမည်ဟု ထင်ပါသည်။ သဘာဝတရားကြီးသာ ပျက်စီးသွားခဲ့လျှင် ဆိုသော အတွေးတစ်ချို့ကြောင့် ကဗျာဆရာ ( စိုင်းဆိုင်ခမ်းဆာ ) ၏ ဟောကိန်းဆိုသော ကဗျာလေးကို သတိရမိသည် ။
" ပျက်အစဉ် ပြင်ခဏ " တဲ့
ပြောကြရေးကြ ၊လွယ်လိုက်ကြတာ
ပျက်သည့်ဟာကို
ဖာရထေးရ ၊
ပြုပြင်ကြသော်
နဂိုအလှ ၊ ပြန်မရဘူး
ကောင်းလည်း ခဏတာ။
ရေမြေတောခွင်
ပျက်စီးလျင်မူ
ပြုပြင်မရ ၊ ရုပ်ဆိုးစွတည်း
မသိကျိုးကျွန် ပြုမိလွန်၍
နှစ်ကျွံ ကြာသော်
အသင်လုပ်နိုး
ငါလုပ်နိုးနှင့်
ဇီဝမျိုးတို့ ကန်းကုန်မှာ လူသားတွေလည်းပါ ။
ကဗျာ၏ ဆိုလိုရင်းကိုတော့ နားလည်ကြမည်ဟု ထင်ပါသည်။ ပျက်စီးနေသည်ကို သူလုပ်နိုး၊ ငါလုပ်နိုးဖြင့် ကြည့်နေရင်တော့ နောင်နှစ်အနည်းငယ်သာကြာခဲ့ပါက မိမိတို့ အားလုံး မျိုးတုံးကုန်လိမ့်မည် ။ဒါကြောင့် လူသားတိုင်းမှာ တာဝန်ရှိသည်ဟုသာ လိုရင်းကို ဆိုပါရစေ။
" ဖြစ်ပြီးလျှင် ပျက်တတ်တာ ဓမ္မတာ " ဟုတရားသဘောဖြင့် ရှုမြင်ချင်ပါသော်လည်း၊ မိမိနိုင်ငံ၏ သဘာဝ ပတ်ဝန်းကျင်နှင့် သယံဇာတမျာ်းယိုယွင်းပျက်စီး နေကြသည်မှာ အချိန်မတိုင်သေးဟု ထင်ပါသည် ။စနစ်တကျ ဖျက်ဆီးခံနေရသည်ဟုပင် ထင်မိပါသည်။ ထို့ ကြောင့် ဤဆောင်းပါးကို ဖတ်ရှုရသော သူများအားလုံး သဘာဝကို ချစ်မြတ်နိုးသော စိတ်များ ပေါ်ပေါက်လာပြီး၊ တတ်နိုင်သမျှ ဝိုင်းဝန်းကာကွယ်ကြမည်ဟူသော စိတ်များထားရှိနိုင်ကြပါစေဟု ဆန္ဒပြုလျက်. . . . . . .
( ဤဆောင်းပါး၌ပါရှိသော ကဗျာများ၊ အထိမ်းအမှတ်နေ့ စွဲများမှ လွဲ၍ မိမိကိုယ်တိုင် တွေ့ကြုံခဲ့ရသော ၊ဖတ်ရှုမှတ်သား ခဲ့ရသော အချက်အလက်အလက်များကို အခြေခံ၍ ကိုယ်တိုင်ရေးသားခြင်းဖြစ်ပါသည် )
မိမိအား ချစ်သူ ,မုန်းသူ ထိုထိုလူ စိတ်၏ ချမ်းသြာuခင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေ။
Photo Credit from Google Images,
Author by - @gunapeya
MSC - 181