အဘိုးပြောသောပုံပြင်များ ( အပိုင်း-၄ ) ( Henry Aung )

in myanmar •  6 years ago 

henry Aung.jpg

မင်္ဂလာပါ။ အဘိုးပြောပြသော အကြောင်းအရာများ ထဲတွင် မှတ်မှတ်ရရ ရှိနေသော အကြောင်းအရာတခုမှာ အဘိုးတို့ စိန်လုံ ကဘာ ( စိန်လုံ တောင်ကြီး ) ဘက်တွက် စခန်းချ နေစဉ်က အဖြစ် အပျက် ဖြစ်ပါသည်။ စိန်လုံ ဟူသည်မှာ အမည် ဖြစ် ၍ ( ကဘာ)မှာ ကချင်ဘာသာ စကားဖြင့် အကြီး ကို ဆိုလိုခြင်း ဖြစ်ပါသည်။ ( ကဂျီ ) မှာ အငယ် ဖြစ်ပါသည်။

စိန်လုံ တောင်မှာ အကြီး နှင့် အငယ်ဟူ ၍ ရှိ သည် ဟု သိရပါသည်။ ဤ စိန်လုံ တောင်မှာ ဗန်းမော် မြို့ အထက်ဘက်တွင် ရှိကြောင်း သာ သိရ၍ ကျွန်တော်လည်း တခါမှ မရောက်ဘူးပါ။ ဆိုခဲ့ သည့် အတိုင်း အဘိုးတို့မှာ စိန်လုံ ကဘာ တဝိုက်ရှိ တော အတွင်း ၌ စခန်းချနေစဉ် တခုသော နံနက် တွင် အဘိုးမှာ ရေခပ်ရန် တာဝန် ကျသည်ဟု ဆိုပါသည်။

ရေခပ်ရန် စမ်းချောင်း မှာ အဝေးကြီး မဟုတ်ပါ ။ အဘိုးတို့ စခန်း ချရာ နေရာ ဖြင့် ၁၀ မိနစ်ခန့် တောတိုးသွား လျင် ရောက်နိုင်ကြောင်း ပြောပြပါသည်။ အဘိုးနှင့် အတူ ရေခပ်ရန် တာဝန် ကျသည် မှာ အခြားသော ကချင်လူငယ် ( တူမိုင် ) နှင့် အမေရိကန် စစ်သား နှစ် ယောက် စုစု ပေါင်း လေး ယောက် ဖြစ်သည် ဟု ဆိုပါသည်။

အဘိုးတို့ ကချင် လူငယ် နှစ်ယောက်မှ အခြားသော စစ်သားများ ၏ ရေဘူးများ လွယ်ကာ ရေခပ် ရန် ဖြစ်ပြီး အမေရိကန် စစ်သား နှစ်ယောက်မှာ အဘိုးတို့ ရေခပ် နေစဉ် အနီး အနားတွင် စောင့် ကြည့် ကင်းစောင့် ရန် ဖြစ်ပါသည်။ ဆို ခဲ့သည့် အတိုင်း အဘိုးတို့ စမ်း ချောင်း လေးရှိသော နေရာသို့ ရောက်သော အခါ သောင်ပြင် အတွင်း သို့ မဆင်းသေးပဲ နာရီ ဝက်ခန့် ကင်း ပုန်းဝပ်၍ အခြေ အနေကို စောင့် ကြည့် နေကြသည်ဟု ဆိုပါသည်။

ထို့ နောက် အခြေအနေ ကောင်းကြောင်း သိရသော အခါ အဘိုးနှင့် သူငယ်ချင်းမှာ ရေခပ်ရန် သောင်ပြင်လေး ရှိရာသို့ ထွက် လာခဲ့ကြောင်း ပြောပြပါသည်။ အဘိုးတို့ ရေခပ်သော စမ်းချောင်း မှာ ကျောက်ဆောင် များ ရှိ၍ ရေမှာ လူကြီး ခါး ခန့်သာ ရှိ ကြောင်း ပြောပြပါသည်။ ရေ နည်း ချိန်ခါ ဖြစ်၍ ရေစီး မသန် ကြောင်းလည်း ပြောပြပါသည်။

001.jpg

အဘိုးပြောပြသည်မှာ အဘိုးသူငယ်ချင်း တူမိုင် မှ အဘိုးအား ရေဘူးများ ရေဖြည့် ရန် ပေးထားခဲ့ပြီ သူကတော့ ကျောက်ဆောင် များကြားတွင် ကူးခတ် နေသော ကျောက်ငါးကြင်း ကြီးများ အား လိုက် ကြည့် နေသည်ဟု ဆိုပါသည်။ အဘိုး ရေခပ် နေသော နေရာနှင့် ခြေလှမ်း ၁၀ လှမ်း ခန့် ရှိသော နေရာသို့ ရောက်သော အခါ အဘိုးသူငယ်ချင်း မှ အဘိုးအား လက်ယပ်ခေါ်နေသည်ဟု ဆိုပါသည်။

အဘိုးလည်း စူးစမ်းလို၍ ရေဘူးများ ပြစ်ထားခဲ့ကာ သွားကြည့် သည်ဟု ဆိုပါသည်။ ကြည်လင်သော စမ်းရေ အတွင်း ၌ တွေ့ရသည်ကာ ဘုန်းကြီး တပါး ( အဘိုး အပြော ဗမာ ဘုန်းကြီး )တင်ပလင်ခွေ၍ ထိုင်နေသည် ဟု ဆိုပါသည်။ သည် အတိုင်း ထိုင်နေသည်မဟုတ်ပါ။ အတော် ကြီးမားသော ကျောက်တုံး တတုံး အား ဖက်ထား၍ ရေထဲတွင် တင်ပလင်ခွေ ထိုင်နေခြင်း ဖြစ်သည်ဟုဆိုပါသည်။

ရေစီး အရှိန် ကြောင့် သင်္ကန်းမှာ ရေထဲတွင် တလွင့်လွင့် ရှိနေသည်ဟု ဆိုပါသည်။ ရေအနက် မှာ ခါးဆစ် ခန့်သာ ရှိ၍ ထို ဘုန်းကြီးအား ရှင်းရှင်း လင်းလင်း မြင်နေရသည်ဟု ဆိုပါသည်။ အစတွင် တော့ အဘိုးတို့ကလည်း ရေထဲတွင် ဘုန်းကြီး တပါး သေ နေသည်ဟု ထင်ကြောင်း ပြောပြပါသည်။

သို့သော်လည်း ကျောက်တုံး ဖက်၍ သေနေခြင်း မှာ အဓိပ္ပါယ် မရှိဟူ၍ အဘိုးသူငယ်ချင်း တူးမိုင် မှ ထို ရေထဲရှိ ဘုန်းကြီးအား ကျောက် ခဲ ဖြင့် ပစ်ကြည့် ပါသည်။ ကျောက်ခဲမှာ ထို ရေထဲရှိ ဘုန်း ကြီးအား မထိပါ။ လက်မောင်း အနီး မှ ကျသွားပြီး ထိုဘုန်းကြီး ၏ ပေါင် ပေါ်တွင် တင်နေသည် ဟု ဆိုပါသည်။

ထို့ နောက် အဘိုး သူငယ်ချင်းကလည်း အားမရသေးပဲ နောက်ထပ် ကျောက်ခဲ တလုံး ဖြင့် ပစ်ရန် ကျောက်ခဲ လိုက်ရှာ နေစဉ် ထို အနီး တဝိုက် မှ ကျား ဟိန်းသံ ထွက်လာသည်ဟု ဆိုပါသည်။ အဘိုးတို့ လည်း လန့် ဖျန့်သွား ပြီး ရေဘူး များ ရှိရာသို့ ပြန်လာ ပြီး ရေ အမြန်ထည့် ၍ နောက်ကြောင်း လှည့် ပြန် လာခဲ့ကြသည်ဟု ဆိုပါသည်။

002.jpg

အဘိုး ပြောပြ စဉ်ကတော့ ကျွန်တော့ အနေဖြင့် အထူးတဆန်း အနေဖြင့်သာ နားထောင်ခဲ့ရ၍ ယခု ပြန်တွေးကြည့်သော အခါ ထို ဘုန်းကြီး မှာ တောကြီး မျက်မဲ ထဲတွင် ကျင့်စဉ် တခု ကျင့်နေဟန်တူပါသည်။ သူရဇ္ဇ စာအုပ်များတွင် ဖတ်ရသကဲ့သို့သော ဝိဇ္ဇာ ကျင့်စဉ်များ ဖြစ်ဟန်တူပါသည်။

ကျွန်တော့ အထင်သာ ဖြစ်ပါသည်။ ကျွန်တော်လည်း မမြင်ဘူးလိုက်ရ၍ အဘိုး ပြောပြသည့် အတိုင်း ပြန်ရေးပြရခြင်း ဖြစ်ပါသည်။ ဤသို့ ထူးဆန်းသော လူသားများ နှင့် ပါတ်သက်၍ အဘိုး ပြောပြသော အကြောင်း အရာတခုရှိပါသေးသည်။ ကြုံကြိုက်၍ ဖေါ်ပြပေးချင်ပါသည်။ ထိုလူထူးဆန်းမှာ အဘိုးတို့ တပ်အတွင်း ရှိ ဂေါ်ရခါး အဘိုး ကြီး ဖြစ်ပါသည်။

အသက်မည်မျှ ရှိသည် ကို မည်သူမျှ မသိကြပါ။ အဘိုးတို့ လည်း သူတို့ထက် အသက်ကြီး၍ ဘာဘူကြီး ဟုသာ ခေါ်ကြောင်း သိရပါသည်။ ဆိုခဲ့သည့် အတိုင်း ထိုဘာဘူကြီးမှာ ညဘက် တွင် ပါးစပ်မှ တတွတ် တွတ် ရွတ်ဆို နေတတ်ပြီး ထူဆန်းသည်မှာ ဘယ်တော့မှ လဲလျောင်း ၍ မအိပ်ခြင်း ဖြစ်ပါသည်။

အဘိုး ပြောပြသည်မှာ ရန်သူနှင့် တိုက်ပွဲ မရှိ၍ နားနား နေနေ နေရသော အချိန် တွင်ပင် ဒီ အတိုင်း တင်ပလင် ခွေ ထိုင်၍ ငုတ်တုတ် အိပ်ခြင်း ဖြစ်ပါသည်။ အဘိုးပြောပြသည်မှာ ထိုဘာဘူကြီး အိပ်ပျော် နေစဉ် ဦး ခေါင်း ငိုက်ကျသွား ခြင်း နောက်လှန်သွား ခြင်း မရှိသည့် အပြင် တခါ တင်ပလင်ခွေ ထိုင်၍ အိပ်လိုက်သည်နှင့် အိပ်ယာနိုးသော အချိန်တွင်သာ ထ၍ မတ်တပ်ရပ်သည်ဟု ဆိုပါသည်။

အိပ်နေစဉ် တစုံတယောက် လှုပ်နှိုးသော ကြောင့် ဖြစ်စေ အကြောင်း ကြောင်းကြောင့် နိုးသွား၍ မတ်တပ်ရပ် လိုက်ရလျင် ပြန်မအိပ်တော့ဟု ဆိုပါသည်။ အဘိုး ပြောပြသည်မှာ ထိုဘာဘူကြီး မှာ မျက်လှည့် ပြ အလွန်တော်သည်ဟု ဆိုပါသည်။အဘိုးပြောပြသော ထိုဘာဘူကြီး ၏ မျက်လှည့် မှာ အတော်အတန်ကြီး သော စည်း ဝိုင်း တခု ဝိုင်းထား၍ ထိုစည်းဝိုင်း အပြင်ဘက် တကိုက် အကွာ အဝေးခန့် မှသာ ကြည့် ရှုစေခြင်း ဖြစ်ပါသည်။

003.jpg

သစ်ရွက် အစိမ်းများ ခူး၍ လက်ထဲ ရောက်သည်နှင့် သစ်ရွက်မှာ အလို လို ခြောက်သွေ့သွား ခြင်း ၊ ကြိုး စတစအား ယူ၍ ပါးစပ်မှ တတွတ်တွတ် ရွတ်ပြီး မြေကြီး ပေါ်ချ လိုက်သည်နှင့် မြွေ ဖြစ်သွားခြင်း ၊ ထို မြွေမှာ စည်းဝိုင်း အတွင်း မှ တွားသွား ၍ စည်းဝိုင်း အပြင်သို့ ရောက်သည်နှင့် ကြိုး စပြန်ဖြစ် သွား ခြင်း ၊ မြေကြီး လက်တဆုပ်အား ယူ၍ ပါးစပ်ဖြင့် မှုတ်လိုက်သည်နှင့် ဆားများ ဖြစ်သွား ခြင်း စသည် စသည်တို့ အများ အပြား အဘိုး ပြောပြပါသည်။

အဘိုးပြောသော ထိုဘာဘူကြီး ၏ မျက်လှည့် များထဲတွင် ကျွန်တော် အကြိုက်ဆုံး တခုမှာ အပင် စိုက်ပြခြင်း ဖြစ်ပါသည်။ ထိုဘာဘူကြီး မှာ အိပ်ထောင်ထဲ မှ သခွားသီး အစေ့ များအား ယူ ၍ မြေကြီး ပ်ါသို့ ချလိုက်ပါသည်။ ထို့ နောက် ရေဘူး ဖွင့် ၍ ထို သခွား စေ့များ ပေါ်သို့ အနည်းငယ် လောင်း ချလိုက်သည်ဟု ဆိုပါသည်။

ထိုသခွား စေ့များ မှာ ကြည့်နေ ရင်းမှ ပင် အပင် ပေါက်လေး ဖြစ်လာသည်ဟု ဆိုပါသည်။ ထို့ နောက် မျက်စိရှေ့တွင် ပင် တဖြည်း ဖြည်း အပင်ကြီးထွားလာ၍ အခက် အလက် များ ပန်း များ ပွင့်လာသည်ဟု ဆိုပါသည်။ ထို့ နောက် သခွားသီး များ သီး လာကြသည်ဟု ဆိုပါသည်။ ထို့ နောက် ထိုသခွား သီးများ အား ခူး၍ အပြင်ဘက်တွင် မျက်လှည့် ကြည့်နေကြသူများအား ပစ်ပေးသည်ဟု ဆိုပါသည်။ အဘိုးလည်း ထိုသခွား သီး တလုံး စားဘူးသည်ဟု ဆိုပါသည်။

တကယ့် သခွားသီး ဖြစ်ကြောင်း ပြောပြပါသည်။ ထို့ နောက် ၁၀ မိနစ် ပင် မပြည့်သော အချိန်တွင် ထိုသခွားပင်လေးမှာ တဖြည်း ဖြည်း ပြန်လည် သေးငယ်သွား၍ နောက်ဆုံး အပင် အညှောက်ပေါက် ကလေး ဖြစ်သွား၍ ကွယ်ပျောက်သွားပြီး သခွားစေ့ကလေး ပြန်ဖြစ်သွားသည်ဟု ဆိုပါသည်။ ထိုနောက် ဘာဘူကြီးမှ သခွားစေ့အား ကောက်ယူလိုက်ပြီး အိပ်ထောင်ထဲသို့ ပြန်ထည့်လိုက်ပါတော့သည်။

004.jpg

အဘိုး ထို အကြောင်းအရာများ ပြောပြစဉ်က ကျွန်တော့ အနေဖြင့် ထိုသို့သော မျက်လှည့် အား အလွန်ကြည့်ချင်မိပါသည်။ ကျွန်တော့ အထင် ထို အရာများမှာ မျက်လှည့်ဟု ဆိုခြင်းထက် မှော် အတတ်ဟု ဆိုရလျင် ပိုမှန်မည်ဟု ထင်ပါသည်။ ကျွန်တော့ အနေဖြင့် အဘိုးပြောပြသော အကြောင်းအရာများအား ရေးသားရခြင်းသာ ဖြစ်၍ ကျွန်တော့ မျက်မြင်ကိုယ်တွေ့များ မဟုတ်သောကြောင့် ထိုကဲ့သို့သော အဖြစ်အပျက်များ အချင်း အရာများရှိသည်ဟု အာမမခံဝံ့ပါ။

မယုံလျင် ပုံပြင် ဟုသာထင်မှတ်စေလိုပါသည်။ နောက် ဆောင်းပါးတွင် ထိုဂေါ်ရခါး အဘိုးကြီး ထံတွင် ရှိသော ငါးစာတပ်စရာမလိုသော ထူးဆန်းသော ငါးမျှားချိတ် ကလေး အကြောင်း ဖေါ်ပြပေးပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit :Original source
Author : Henry Aung ( Kachin )
MSC : 001

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဓုတင်​​ဆောင်​တာ ​နေမယ်

မပြောတတ်ဘူး ... ဒါပေမယ့် ရေ ထဲမှာ အကြာကြီး နေနိုင်တာကတော့ သဘာဝနဲ့ ဆန့်ကျင်တာ အမှန်ပဲ။

ထူးဆန်းပါပေ့ ကိုဟင်ရေ ငါးမျှားချိတ်လေးအကြောင်းလည်း စိတ်ဝင်တစားစောင့်နေပါတယ်

ရေးဖို့ အားယူနေတုန်း မဆုလှိုင်ရေ... တယောက်တည်းနဲ့ ဆပ်ပြာသည် လင်ပျောက်သလို ဖြစ်နေလို့။

ကျနော် အနေနဲ့ ကတော့ အစ်ကိုကြီးစာ တွေဖတ်ရတာ ဗဟုသုတတိုး ပါတယ်ဗျာ

ချစ်စရာ့ တိုင်းရင်းသား စကားလေးတွေ အကြောင်းတွေ သိရတာ အင်မတန် ပျော်ရတယ်ဗျာ ဟိုတစ်ခါကလည်း လွယ်ဆမ်ဆစ် ဆိုတဲ့ရှမ်းစကား လေးအဓိပ္ပာယ် သိရတယ်
အဲ့အဓိပ္ပာယ် လေးကို သိချင်နေတာ တော်တော်ကြာပြီ ဘာမှတော့ မဟုတ်ပါဘူး စိုင်းထီးဆိုင် သီချင်း လေးထဲမှာပါတော့ ဘာလဲဆို သိချင်နေတာ '' ကွတ်ခိုင်က ဇာတ်လမ်း တစ်ပုဒ် '' လေ bro သိလား အခုလည်း ကဘာ နဲ့ ကဂျီ အကြောင်းလေး သိရပါပြီ။ ပျော်စရာ ကောင်းပ

ဟုတ်ကဲ့။ အတတ်နိုင်ဆုံး ဖေါ်ပြပေးပါ့မယ်။

အ့ မျက်လှည့် ကြည့်ချင်တယ်. 😢😢

အစ်ကိုလည်း မပြတတ်တော့ ခက်ပြီ။

တောတွင်း ထူးဆန်းမှုတွေက စိတ်ဝင်စားစရာကောင်းတယ်
နောက်အပိုင်းမျှော်နေပါမည်

အတတ်နိုင်ဆုံး ဖေါ်ပြပေးပါမည်။

အဲ့ဒီလိုမျက်လှည့်မျိုးကြည့်ချင်လိုက်တာ
ကျနော်တွေ့ဖူးတာကတော့ ဆေးရောင်းကြတာများတယ်

ကျွန်တော်လည်း ကြုံဘူးတယ်... ဆေးတောင့် လေးတွေ အတင်း ထိုးပေးပြီး မြွေဆိပ်ပြီး တယ် ဘာညာ ရောင်း ကြတာ။ မျက်လှည့် လည်း ဟုတ်တိပါတ်တိ မပြပါဘူး။

စောင့်မျှော်နေပါ့မယ် စိတ်ဝင်စားလွန်းလို့

ကျေးဇူးတင်ပါတယ်။

ဟုတ်ကဲ့ရှင့်

ထူးဆန်းပေစွတကား...
ရေကသိုဏ်းကျင့်နေသော ဘုန်းကြီး နှင့် မျှော်မျက်လှည့် ကျွမ်းသည့်
ဘာဘူကြီးတို့အား တွေ့ချင်စမ်းပါဘိဗျာ...

ကျွန်တော်လည်း တွေ့ချင်ပါတယ်လို့ ။

Amazing stories and amazing memory.

Thanks you very much

စိတ်ဝင်စားစရာဆက်ဖတ်ပါမည်

ကျေးဇူးအများကြီးတင်ပါတယ်။

Dada's story is very sweet. In which Dada Hamesh was camping in the forest. Everyone used to drink water.

ဖတ်လို့ကောင်းသလို..စိတ်ဝင်စားစရာလည်းကောင်းတယ်။မယုံစရာမရှိပါ။သီလနဲ့ကျင့်စဉ်ကောင်းရင်..ဆန္ဒဟူသမျှ
ပြည့်စုံတယ်တဲ့...။ထိုပုဂ္ဂိုလ်များရဲ့လိုအင်ဆန္ဒဆိုတာ..တစ်ပါးသူကိုထိခိုက်နစ်နာစေသောစိတ်မပါတဲ့အတွက်.ပြီးပြည့်စုံခြင်းဆိုတာလည်း..ကပ်ရက်ဖြစ်နေတာပေါ့နော်။

ပုဂံမှာရာဇဝင်မှာတော့ ဘူးနွယ်တွေနဲ့ လူသတ်ဖို့စေခိုင်းဖူးတာ ကြားဖူးတယ် ။ ကျွှန်တော်ဆိုရင်တော့ စားရဲဘူး အဲ့သခွားသီး ။