ယုန်နဲ့ လိပ်အပြေးပြိုင်ပွဲ အကြောင်းကို ကျွန်တော်တို့ အားလုံးကြားဖူးကြမယ် ထင်ပါတယ် ... ယုန်နဲ့ လိပ်က အပြေးပြိုင်တယ် ... သာမန်ဆိုရင်တော့ ယုန်ကပဲ နိုင်ဖို့ ရှိပါတယ် ... ဒါပေမယ့် ဇာတ်ဆရာက လိပ်ကို အနိုင်ပေးတယ် ... ဘာလို့လဲဆိုတော့ ယုန်က ပြေးနေတဲ့ ခရီးလမ်းမှာ တစ်ရေးအိပ်လိုက်လို့တဲ့ ... ဒါဆို တရွေ့ရွေ့သွားနေတဲ့ လိပ်က ပန်းတိုင်ရောက်တဲ့တိုင်အောင် မနိုးဘူးဆိုတော့ ယုန်က အတော်လေး အိပ်ပုတ်ကြီးတယ် ဆိုရပါတယ် .. ပုံပြင်ကတော့ ကလေးတွေကို သင်ခန်းစာပေးရအောင် ဖြစ်ပေါ်လာဟန်တူပါတယ် ... ဘယ်လို သင်ခန်းစာလဲဆိုတော့ ဇွဲရှိတဲ့လူဟာ တဖြည်းဖြည်းကြိုးစားရင် တစ်နေ့မှာ ပန်းတိုင်ကို ရောက်မှာ ဖြစ်ပါတယ် ...
ဒါဆို လူတွေကရော သူတို့နဲ့များ တူနေသလား ... တူတာပေါ့ဗျာ ... ဒီနေ့လုပ်ရမှာကို ဒီနေ့ မလုပ်ဘဲ အချိန်ဆွဲနေသူတွေ အများကြီးပါ ... တချို့ကတော့လည်း လုပ်ပါတယ် ... တစ်ဝက်တစ်ပျက်မှာ ထားသွားခဲ့တယ် ... ဒါဟာ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်မှာ အဲဒီအကျင့်က စွဲမြဲသွားတာကြောင့် ဖြစ်ပါတယ် ... ယုန်လည်း ယုန်အထွာ လိပ်လည်း လိပ်အထွာ ကိုယ်သွားနိုင်သလောက်လေး သွားနေရင် တစ်နေ့မှာ လုပ်စရာတွေ ပြီးစီးမှာ ... ပန်းတိုင်ကို ရောက်ရှိမှာ ဖြစ်ပါတယ် ... ပုံပြင်ထဲကအတိုင်း တစ်ရေးအိပ်နေရင်တော့ ဘယ်လိုမှ ခရီးမရောက်နိုင်ပါဘူး ...
အောက်ပါlinkမှလည်း ပုံစံတစ်မျိုးနဲ့ရေးသားထားတာကို ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။
ဒုတိယ ယုန်နဲ့ လိပ် ပုံပြင်ကတော့ ရိုးရိုးလေးပါ ... ယုန်က မကျေနပ်လို့ ပြန်ပြီး အပြေးပြိုင်တယ် ... နိုင်သွားတယ် ... ဘာလို့လဲဆိုတော့ သဘ၀တရားကိုက ယုန်ကို အနိုင်ရအောင် လုပ်ပေးနေတာကိုး ... လိပ်က သူ့အခွံကို ထမ်းနေရတယ် ... ဒါကြောင့် သိပ်မသွားနိုင်ဘူး ... ယုန်က ပေါ့ပါးတဲ့ ခန္ဓာကိုယ်ရှိတယ် ... ဒါကြောင့် သူက နိုင်သွားတယ် ... ရိုးတာမှ အရမ်းကို ရိုးတာပါ ... ဒါဟာ သဘာဝတရားရဲ့ ဖန်တီးမှု ဖြစ်ပါတယ် ...
တတိယပုံပြင်ကလည်း ယုန်နဲ့ လိပ်ရဲ့အပြေးပြိုင်ပွဲပါပဲ ... သူတို့ ပြိုင်နေတာက မပြီးဆုံးသေးပါဘူး ... လိပ်က မကျေနပ်လို့ စိန်ခေါ်တဲ့ပွဲပါ ... ဒီတစ်ခါမှာတော့ လိပ်က နေရာကို ရွေးပါတယ် ... ဘယ်နေရာလဲဆိုတော့ တောင်ကုန်းတောင်တန်းတွေ ပေါများတဲ့နေရာပါ ... ယုန်က မမှုဘူးပေါ့ ... သူက သဘာဝရဲ့ဖန်တီးမှုအရ ခြေတစ်လှမ်းလှမ်းလိုက်ရုံနဲ့ လိပ်ထက် သာနေပြီလေ ... ဘာလို့ စောဒကတက်မှာလဲ ... ဒါပေမယ့် သဘာဝတရားက ဒီတစ်ခါ လိပ်ကို အသာပေးလိုက်ပါတယ် ... လိပ် ထမ်းပြီးသွားနေရတဲ့ အခွံ့က လိပ်ကို အထောက်အကူပေးခဲ့ပါတယ် ... တောင်ကုန်းပေါ်တက်တဲ့အခါမှာလည်း ယုန်က တစ်ပင်တစ်ပန်းတက်နေရပေမယ့် လိပ်က တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့ဆိုတဲ့ စကားအတိုင်း တက်ပါတယ် ... တောင်ပေါ်က ဆင်းတော့လည်း လိပ်က အခွံထဲဝင်ပြီး လှိမ့်ဆင်းလိုက်ပါတယ် ... ဒီတော့ လိပ်က ဘာဖြစ်သွားသလဲ ... ယုန်ထက် ပိုပြီးအားသာသွားပါတယ် ... လိပ်အနေနဲ့ အနားယူစရာ မလိုအပ်ပေမယ့် ယုန်ကတော့ နားနားပြီး သွားမှသာ ရတဲ့အခြေအနေပါ ... ဒါကြောင့် ဒီတစ်ခါတော့ လိပ်က နိုင်သွားပါတယ် ...
ပုံပြင်တိုင်းဟာ တကယ့်အဖြစ်အပျက်မဟုတ်ပါဘူး ... သင်ခန်းစာယူရအောင် လုပ်ပေးထားတာပါ ... ဒုတိယနဲ့ တတိယပုံပြင်တွေက သင်ခန်းစာတွေကတော့ ကိုယ်နဲ့သင့်တော်တဲ့နေရာမှာသာ ကိုယ့်အစွမ်းအစကို ပြနိုင်မယ်ဆိုတာပါ ... ဒါကြောင့် နေရာရွေးတတ်ဖို့ လိုပါတယ် ... ပျော်တာနဲ့ မခွာနိုင်ဖြစ်ရင်တော့ ချေးတွင်းထဲက လောက်လို ဘ၀နဲ့သာ အဆုံးသတ်ရမှာ ဖြစ်ပါတယ် ...
ပုံပြင်လေးတွေကို ဖတ်ပြီး တွေးတတ်ကြပါစေ ... အသုံးလည်း ချနိုင်ကြပါစေ ...
မေတ္တာဖြင့်
@kmz