ပိုကောင်းလာအောင် လုပ်ဖို့ အသက်ရှင်နေရတာ။ သို့မဟုတ်ရင် အသက်ရှင် နေရတာ အလကားပဲ။ အချည်းနှီးပဲ။
တစ်နေ့ထက်တစ်နေ့ ပိုပြီး အသိဉာဏ်ရှိတဲ့သူ ဖြစ်လာဖို့ ကြိုးစားနေရတာ၊ တစ်နေ့ထက်တစ်နေ့ ပိုလွတ်လပ်လာဖို့ ကြိုးစားနေရတာ။ အဓိပ္ပာယ်ရှိတယ်။
တစ်နေ့ ကုန်သွားပြီး ဘာအသိဉာဏ်မှ တိုးမလာရင် သေဖို့ တစ်ရက်နီးလာတာက လွဲလို့ ဘာမှ မထူးဘူး။
အသက်တစ်ရက် ကြီးလာရင် တစ်ရက်ပိုပြီး အိုလာတာပဲ။ အဲဒါ grow old ဖြစ်လာတာ။ အသိဉာဏ် တိုးလာရင် grow up ဖြစ်လာတာ။
တိရစ္ဆာန်တွေဟာ grow up ဖြစ်မလာနိုင်ဘူး။ grow old ပဲဖြစ်လာတယ်။ လူနဲ့တိရစ္ဆာန်တွေနဲ့ ဘာထူးသလဲ။ လူက grow up ဖြစ်လာနိုင်တယ်။
အဲဒီလိုဆိုရင် အသက် ကြီးလာပြီး grow up ဖြစ်မလာရင်၊ အသိဉာဏ် တိုးမလာရင် တိရစ္ဆာန်နဲ့ ဘာထူးသလဲ။
တစ်နေ့ထက်တစ်နေ့ အသက်ကြီး လာတာဟာ ဝမ်းသာစရာလား။ ဝမ်းနည်းစရာလား။ ဘယ်လို ပြောမလဲ။ တချို့လူတွေအတွက်တော့ ဝမ်းနည်းစရာဖြစ်မယ်။ တချို့လူတွေအတွက်တော့ ဝမ်းသာစရာ ဖြစ်မယ်။
ဘယ်လိုလူတွေအတွက် ဝမ်းသာစရာ ဖြစ်မလဲ။ တစ်နေ့ထက်တစ်နေ့ ပိုပြီး လွတ်လပ်တဲ့သူဖြစ်လာရင် ဝမ်းသာစရာဖြစ်မယ်။ အထူးသဖြင့် စိတ်ပိုင်းမှာ လွတ်လပ်လာရမယ်။ ရုပ်ပိုင်းမှာတော့ ကိုယ့်အတွက် လိုအပ်တာကို လုပ်ပေးမယ့်သူ ရှိသင့်ပါတယ်။
ဒါပေမဲ့ စိတ်ပိုင်းမှာတော့ မှီခိုမှု မရှိဘူး။ လွတ်လပ်နေတယ်။ တွယ်တာမှု စွဲလန်းမှု မရှိဘူး။ အားငယ်စိတ် ကြောက်စိတ် မရှိဘူး။
“လွတ်လပ်တဲ့သူမှာ ရိုးသားမှုနဲ့ သတ္တိရှိတယ်”
•••••••••••••••••••••••••••••••••••••••
လူလည် မလုပ်ချင်ဘူး။
လူတွေကို လှည့်စားပြီး ကိုယ်ကျိုး မရှာချင်ဘူး။ မှန်မှန်ကန်ကန် လုပ်မယ်။
ရိုးရိုးသားသား လုပ်မယ်။
သတ္တိရှိရှိ လုပ်မယ်ဆိုရင် ....
ရိုးသားမှုနဲ့သတ္တိ နှစ်မျိုးလုံး ရှိရမယ်။
ရိုးသားမှုနဲ့သတ္တိဟာ တွဲစပ်နေတယ်။ သတ္တိမရှိတဲ့သူဟာ ရိုးသားတဲ့သူ မဖြစ်နိုင်ဘူး။
မရိုးသားတဲ့နည်းနဲ့ ငွေကြေး၊ ပစ္စည်း စတဲ့ အကျိုးတွေ ရနိုင်တယ်။ လုပ်တတ်တယ်။ ဒါပေမဲ့ မလုပ်ဘူး။ အဲဒီလူဟာ ရိုးသားမှု ရှိရုံမကဘူး။ သတ္တိလည်း ရှိတယ်။
သူ့စိတ်ထဲက လောဘကို သူ အရင်ဆုံး အနိုင်ရတယ်။ ပတ်ဝန်းကျင်၊ မိသားစုတွေနဲ့ သဘောထား မတူညီမှုကို သူ ရင်ဆိုင်ရဲတယ်။
မှန်တာကို လုပ်ရဲတာဟာ ရိုးသားမှုနဲ့သတ္တိ နှစ်မျိုးလုံး ရှိလို့။
ရိုးသားမှုနဲ့သတ္တိ ရှိတဲ့သူမှသာ လွတ်လပ်တဲ့သူဖြစ်တယ်။
ကိုယ့်အဖွဲ့အစည်းထက် မှန်ကန်တဲ့ခံယူချက်ကို ဦးစားပေးတယ်။
ကိုယ့်အဖွဲ့အစည်းက မှားနေရင် အဲဒီအမှားကို ထောက်ပြမယ်။
အမှားကို အမှန်လို့ လှည့်စားပြီး မပြောဘူး။
ကိုယ့်အဖွဲ့အစည်းရဲ့ အမှားကို မဖုံးကွယ်ဘူး။
အဖွဲ့အစည်းထက် အမှန်တရားကို ပိုပြီး တန်းဖိုးထားတယ်။
အဖွဲ့အစည်းထက် အမှန်တရားကို ဦးစားပေးတဲ့သူဟာ လွတ်လပ်တဲ့သူဖြစ်တယ်။
အဖွဲ့အစည်းဆိုတာ ဘာသာရေး အဖွဲ့အစည်း ဖြစ်ချင်ဖြစ်မယ်။ နိုင်ငံရေး အဖွဲ့အစည်း ဖြစ်ချင်ဖြစ်မယ်။ ဘယ်လို အဖွဲ့အစည်းဖြစ်ဖြစ် အဖွဲ့အစည်ရဲ့ လုပ်ရပ်နဲ့ခံယူချက်တွေ မှားနေရင် မထောက်ခံဘူး။
သက်သက်သာသာ နေရဖို့ထက် ကိုယ့်တာဝန် ကိုယ့်ဝတ္တရားကျေဖို့ကို ဦးစားပေးမယ်။
မှန်တာ ကောင်းတာကို လုပ်တဲ့အခါမှာ အခက်အခဲဆိုတာ တွေ့ရမှာပဲ။
အခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခါ လက်လျှော့မသွားဘူး။ ဇွဲကောင်းကောင်းနဲ့ ဆက်လုပ်မယ်။ ဘယ်လောက်ပဲ အခက်အခဲရှိရှိ ကိုယ်လုပ်တဲ့ကိစ္စဟာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စဖြစ်ရင် ဆက်လုပ်မယ်။