" ဧရာကမ်းမှာ လရိပ်အောက်ကလှိုင်းကြက်ခွပ်သံ
အချစ်တို့ပျော်ဝင်နေသောကြည်နူးအတိတ်တို့ရှိခဲ့ဖူးတာ
မင်းသိမှာပါ၊ ဒီနေရာဒီအရိပ်မှာာာာ "
ထောင့်တွေမှာခိုက်မိရာတွေကြောင့် ပွန်းပဲ့စုတ်ချာနေပြီ ၊
တော်တော်လည်းကြာနေပါပြီ ၊ ဘယ်အရာမဆို
ဟောင်းသွားတဲ့တစ်နေ့ အရုပ်ဆိုးသွားတာများပါတယ် ၊
အခုလည်း ' သီချင်းကောင်းတယ်ဖွင့်ကြည့်ပါလား ' လို့
ဘေးအိမ်ကကောင်လေးက ဖုန်းထဲလာကူးပေးထားတာနဲ့
ဖွင့်ပြီးနားထောင်မိတယ် ၊ ကျနော့်ရဲ့လက်ဆွဲတော်
Bluetooth song box လေးကတော့
ဘယ်လောက်ပင်ဟောင်းနွမ်းနေပေမယ့် -
သူ့ဝတ္တရားအတိုင်း အသံထွက်ပေးရှာပါတယ်။
နုပျိုသစ်လွင်နေတုန်းကလိုတော့ အသံတွေမကွဲပြားတော့ဘူး ၊
ဘယ်လိုပဲရှိရှိ ရှိတာလေးနဲ့ရောင့်ရဲတာလည်း
ကောင်းခြင်းတစ်ပါးပါလေ ။
သီချင်းလေးကကောင်းပါတယ် ၊ ဧရာဝတီနဲ့ပတ်သက်ပြီး
ဆုံဆည်းခဲ့တဲ့ချစ်သူနှစ်ဦး နာကျင်မှုတွေနဲ့ခွဲခွါချိန်ကစ
နေ့ရက်တွေကြာညောင်းခဲ့ပေမယ့် -
တစ်နေ့မှ မေ့မရဘူးဆိုပြီးဆိုထားတာလေးပါ ။
သီချင်းရေးဆရာကပဲတော်တာလား -
အဆိုတော်ကပဲ အသံကောင်းတာလား -
ခံစားချက်နဲ့ပဲ ကိုက်ညီနေလို့လား -
ဘာပဲဖြစ်ဖြစ် အရမ်းကောင်းတဲ့သီချင်းလေးပါ ။
ရင်ထဲမှာဆို့နင့်ကြေကွဲသံတွေ ပဲ့တင်ထပ်လာတာ
ကျနော်သိတယ် ၊
ဟိုအဝေးအတိတ်ဆီကိုလည်း မဖိတ်ခေါ်ဘဲ
ကျနော်ပြန်သွားမိတယ် ။
ဘယ်လိုဖြစ်တယ်လဲမသိ ၊ သူတို့တွေကို
ကျနော်သနားမိတယ် ၊ ရင်ထဲမှာလည်းအဖြေမဲ့မေးခွန်းတွေ ၊
ကုန်လွန်တာတော့ ကုန်လွန်ခဲ့ပါပြီ ၊
ဒါပေမယ့် -
" ဟေ့ကောင် သော်ဇင် ၊ ငါ့စိတ်တွေထိန်းမရတော့ဘူးကွာ ၊
ငါ သူ့ကိုချစ်တဲ့အကြောင်းပြောလိုက်တော့မယ် "
" ပြောချင်လည်း ပြောပေါ့ကွာ ၊ မင်းပြောပြောနေတဲ့
ကောင်မလေးကိုငါမသိဘူး လှထူး "
မောင်သော်ဇင်နဲ့မောင်လှထူးဆိုတာ ညီအစ်ကိုရင်းလို
ချစ်ခင်မှုခိုင်မြဲတဲ့ သူငယ်ချင်းတွေပေါ့ ၊
သူငယ်ချင်းနှစ်ယောက်လုံးက ရွှေဘိုဘက်ကပါ ၊
နှစ်ယောက်စလုံးကလည်း ဆယ်တန်းတစ်နှစ်ကျထားတာ ၊
ဆယ်တန်းတစ်နှစ်ကျတော့ နောက်ထပ်ဆက်ထားဖို့
မိဘတွေမှာ ငွေကြေးမတတ်နိုင်ရှာကြဘူး ၊
သူငယ်ချင်းနှစ်ယောက်လည်း စာမေးပွဲကျတော့
စိတ်တွေလေပြီး အပြင်မှာအလုပ်ရှာဖို့
ပေတစ်ရာပေါ်ရောက်နေချိန်မှာ
စာနာသနားတတ်တဲ့စိတ်နဲ့ ကြည့်တတ်တဲ့
ဆရာလေး ကိုဌေးနဲ့တွေ့ခဲ့တယ် ။
ဆရာလေးကိုဌေးဟာ သော်ဇင်နဲ့လှထူးကိုသနားတာနဲ့
ကျောင်းဆက်ထားပေးမယ်ဆိုပြီး ၊
အိမ်မှာခေါ်ထားပေးတယ် ၊
အစစအရာရာ လိုလေးသေးမရှိအောင်လည်း
လုပ်ပေးထားပါတယ် ။
အိမ်ထောင်မရှိဘဲ တစ်ကိုယ်ရည်သမားကိုဌေးဟာ
သော်ဇင်နဲ့လှထူးကို သားအရင်းလို ညီအရင်းလို
ချစ်ရှာပါတယ် ၊ ဟိုနှစ်ယောက်ကလည်း လိမ္မာပါးနပ်စွာ
နေတတ်ကြတယ်လေ ။
တစ်နေ့မှာ ______
မထင်မှတ်တဲ့ကောင်မလေးတစ်ယောက်
သူတို့အသိုက်အမြုံလေးဆီ ရောက်ရှိလာပါတယ် ၊
နာမည်က မွှေး ၊ သူမရဲ့အလှတရားသတင်းတွေကလည်း
နာမည်နဲ့လိုက်အောင်မွှေးပါတယ် ။
လှထူးတွေ့ခဲ့တယ် ၊ အရမ်းလှပြီး ချစ်စရာကောင်းလွန်းတဲ့
ကောင်မလေးတစ်ယောက် ၊ နာမည်က ' မွှေးမွှေး ' တဲ့ ၊
လှထူးရင်တွေခုန်လိုက်တာမပြောနဲ့ ၊
လမ်းပေါ်မှာသွားနေတဲ့ကားတွေကိုတောင်
လှထူးမမြင်တော့ဘူး ၊
သူမကိုမြင်ပြီး လှထူးကားတိုက်ခံရမလိုတောင်ဖြစ်သေး ၊
သူမဆံပင်လေးတွေက မရှည်လှဘူး ၊
လည်ဂုတ်သားဖြူဖြူပေါ်မှာ ထောက်မိရုံလေး ၊
နှင်းဆီရောင်သမ်းနေတဲ့ နှုတ်ခမ်းအလွှာကလည်း
ကိုက်ချင်စရာ ၊ မျက်နှာက ခပ်ဝိုင်းဝိုင်းနဲ့ ၊
သူမအသက် အလွန်ဆုံးရှိလှ ဆယ့်ရှစ်ပေါ့ ။
ဘယ်လိုပဲရှိရှိ ဒေါ်စိန်ကြီး ကုန်စုံဆိုင်ကို
လှထူးဈေးဝယ်လာရမှာမပျင်းတော့ဘူး ၊
ဘာကြောင့်လဲဆိုတော့ မွှေးဆိုတဲ့ကောင်မလေးက
ဒေါ်စိန်ကြီးရဲ့တူမဖြစ်နေလို့လေ ။
သော်ဇင်ကလည်း ဘာထူးလဲ ၊
သော်ဇင်ကြိတ်ကြွေနေတာ သူမပေါ့ ၊
တစ်ခါတစ်ရံ ဈေးဝယ်သွားလို့ သူမ လာမရောင်းဘဲ
ဒေါ်စိန်ကြီးလာရောင်းရင် သိပ်ဘဝင်မကျဘူး ၊
ဒေါ်စိန်ကြီးကိုအော်ဆဲပစ်ချင်တာ ၊
ဘာလို့တူမလေးကို မခိုင်းတာလဲလို့လေ ။
သူတို့သူငယ်ချင်းနှစ်ယောက်စလုံးချစ်မိနေတာ
မွှေး တစ်ယောက်တည်းဆိုတာကို
လှထူးရော သော်ဇင်ပါ မသိကြပါဘူး ။
ဒါပေမယ့် -
မွှေး သိနေတယ် ၊ သူမ ရိပ်မိနေတယ် ၊
သူမကို ချစ်ရေးဆိုလာရင်သူမဘာလုပ်ရမယ်မသိ ။
ဒီနှစ်ယောက်ဟာ တစ်ခုမဟုတ်တစ်ခုတော့
စပ်နွှယ်နေမယ်ဆိုတာ မွှေးထင်နေတယ် ။
မွှေးကို သူတို့နှစ်ယောက်ကြည့်တဲ့အကြည့်တွေကိုလည်း
မွှေး သာယာနေမိတယ် ။
ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာတော့ မွှေးမသိပါ ။
တွေ့ပြီ ၊ ဒီနေ့ဒေါ်စိန်ကြီးမရှိလောက်ဘူးဆိုပြီး
အမှန်းနဲ့လာတာ မှန်သွားတယ် ၊ တကယ်ပင်
ဒေါ်စိန်ကြီးမရှိဘူး ၊ ဆိုင်ထဲမှာ မွှေးတစ်ယောက်တည်း
ထိုင်နေတယ် ၊ လက်ထဲမှာလည်းစာအုပ်တစ်အုပ်
ဘာစာအုပ်မှန်းတော့ မသိဘူး ၊ ရင်တွေလည်းခုန်
အသံတွေလည်းတုန်လို့ ၊ မနေ့ညက ဟိုကောင်
သော်ဇင်ဆီက အကြံဉာဏ်တောင်းတာလည်း
ဘာမှ ရမလာဘူး ၊ အခုတော့မထူးတော့ဘူး ၊
ကျရာအခန်းက ကရတော့မှာပဲ ။
" မွှေး ဟိုလေ ဒေါ်စိန်ကြီး ဘယ်သွားလဲဟင် ၊
ဒေါ်စိန်ကြီးမမြင်ပါလား "
မရှိတာကိုသေချာအောင်မေးရသေးတာ
တော်ကြာ ပြောနေတုန်းဘွားကနဲပေါ်လာရင်
ပြဿနာလေ ၊
" ဪ အဒေါ်ဈေးပတ်သွားတယ်ရှင့် ၊ ဘာလိုလဲမသိဘူး ၊
ကိုလှထူး လိုတာရှိရင်ပြောလေ "
" ဟိုလေ ဟို ဘာမှတော့မလိုပါဘူး ၊ ရော့ဒီမှာနော် မွှေး "
မောင်မင်းကြီးသား မောင်လှထူးခမျာ ၊ ရည်းစားစာပေးတာ
လက်ထဲတောင်မထည့်ခဲ့ဘူး ၊ ဖျော်ရည်ဗူးကဒ်ပေါ်တင်ပြီး
လစ်ပါလေရော ။
မွှေးကလည်း လူရှင်းမရှင်းကို ဘေးဘီဝဲယာကြည့်ပြီး ၊
လှထူးထားခဲ့တဲ့စာကို ယူလိုက်ပါတယ် ။
အုတ်တံတိုင်းအကွယ်ကနေ ချောင်းကြည့်နေတဲ့
မောင်လှထူး ထခုန်ပါတော့တယ် ၊
" အောင်ပြီကွ " တဲ့လေ ၊
လှထူး ပျောက်နေတာတစ်နာရီလောက်ရှိပြီ ၊
အဲကောင်မရှိတုန်း ငါ့အချစ်လေးဆီ ၊ စာပေးသွားဦးမှပဲလို့
အတွေးလေးနဲ့ ၊ သော်ဇင် ရောက်လာပါတယ် ၊
ဆိုင်ရှေ့မှာရစ်သီရစ်သီလုပ်ပြီးအကဲခတ်လိုက်တော့ ၊
ဒေါ်စိန်ကြီးမရှိတာသေချာနေတဲ့ဆိုင်ထဲကို
ခြေသံဖွဖွလေးနင်းပြီး ၊
ဝင်လာတော့ မွှေးနဲ့ပက်ပင်းတွေ့လိုက်တယ် ၊
" အိုး ရှင် ဘာလာလုပ်တာလဲ ၊ ကိုသော်ဇင် "
" ဘာမဟုတ်ပါဘူး မွှေး ၊ ကိုသော် မွှေးကိုချစ်တယ် ၊
ဟောဒီမှာစာ "
ပြောပြောဆိုဆိုနဲ့ စာကိုမွှေးလက်ထဲတွန်းထည့်ခဲ့ပြီး ၊
ဆိုင်ထဲကနေ သော်ဇင်တစ်ယောက်ထွက်ပြေးသွားတာ
လိုက်လို့တောင်မှီမယ်မထင် ။
သူမ ဘာလုပ်ရမလဲ ၊ အခုမှကွိုင်ပဲ ၊ ချစ်ရေးဆိုတာကလည်း
နှစ်ယောက်စလုံးဆိုတော့ တစ်ယောက်ပေးတစ်ယာက်လို ၊
ဟာ မဖြစ်သေးပါဘူး ၊
နှစ်ယောက်စလုံးကိုငြင်းလိုက်ရင်လည်း
သူတို့တွေကို သူမအနေနဲ့ သနားနေမိတာအမှန် ။
ဘာတွေဖြစ်နေတာလဲဆိုပြီး စိတ်ညစ်ညစ်နဲ့
မွှေးတစ်ယောက် ရေတွေခေါင်းကနေလောင်းပြီး
အချိန်တော်တော်ကြာ ချိုးနေမိတယ် ။
" မဖြစ်သင့်ဘူး သော်ဇင် ၊ ငါ့ကိုအစကတည်းက
ဘာလို့မပြောတာလဲ ၊ ငါချစ်နေတာလည်း မွှေး ၊
မင်းချစ်နေတာလည်း မွှေးဆိုတာ ၊
အရင်ကရင်း မင်းတကယ် မသိခဲ့တာလားကွာ "
" အဲလိုတော့ တစ်ဖက်သတ်မပြောနဲ့ လှထူး ၊
မင်းရော ငါ့ကိုပြောပြခဲ့လို့လား ၊ မထူးဘူးကွာ ၊
မင်းနဲ့ငါနဲ့အတူတူသွားပြီး မွှေးဆီကအဖြေကို
အတူတောင်းမယ် "
" ဟုတ်တယ် ၊ ဒါမှ ပြတ်သားတော့မှာပေါ့ ၊
အတူသွားမယ် ဒီည "
ရပ်ကွက်ထဲကဘုရားပွဲကျင်းပနေတော့
လူတွေအကုန်လုံးက ဇာတ်စင်ရှေ့မှာပဲ
စုပြုံပြီး ပွဲကြည့်နေကြတယ် ၊
မွှေးတစ်ယောက် သော်ဇင်နဲ့လှထူးတို့ချိန်းထားတဲ့
စေတီရဲ့တောင်ဘက်ကို မှောင်ရိပ်ခိုပြီး
အသာအယာပင်လျှောက်လာတယ် ။
တွေ့ပါပြီ ၊ သူတို့နှစ်ယောက်စလုံးကို ၊
" ရောက်နေကြတာ ကြာပြီလား ၊ ကိုသော်နဲ့ကိုထူး "
" မကြာသေးပါဘူး မွှေး ၊ ဒါနဲ့မွှေးကို
ကိုယ်တို့နှစ်ယောက်တောင်းထားတဲ့ အဖြေကို
ဒီည ပြတ်ပြတ်သားသားပေးပါ ၊ တစ်ယောက်တည်းကိုပဲ
မွှေး ရွေးပေးပါနော် "
" လှထူးပြောတာ မှန်တယ်မွှေး ၊ ကိုယ်တို့ထဲက
တစ်ယောက်ကိုပဲ မွှေး ရွေးပေးပါ ၊
တကယ်လို့ ကိုသော်ကို ချစ်ရင် ၊ ကိုသော်ရဲ့
လက်ကိုင်ပုဝါကို ယူပေးပါ ၊ လှထူးကို ချစ်ရင်
လှထူးရဲ့လက်ကိုင်ပုဝါကို ယူပေးပါ "
သော်ဇင့်စကားကြားတော့ မွှေးတစ်ယောက်
ငိုင်သွားတယ် ၊ ပြီးတော့ သော်ဇင့်ဆီက လက်ကိုင်ပုဝါရော
လှထူးဆီက လက်ကိုင်ပုဝါကိုပါ မွှေးယူလိုက်တယ် ။
" မွှေး ဘယ်သူ့ကိုမှ မမုန်းပါဘူး ၊ နှစ်ယောက်စလုံးကိုလည်း
မွှေး ကိုယ်ချင်းစာပါတယ် "
ပြောပြီးပြီးချင်းပဲ မွှေးလှည့်ထွက်သွားတယ် ၊ သူမအနေနဲ့
မျက်နှာများတာမဟုတ်ဘူး ၊ နှစ်ယောက်စလုံး
မဖြစ်သင့်တာတွေမဖြစ်ရအောင် ဒီနည်းပဲရှိတယ် ၊
သူမမျက်ဝန်းမှာလည်း မျက်ရည်စတွေနဲ့
ဘာတွေဖြစ်ကုန်တယ်ဆိုတာ မသိတော့ဘူး ။
အဲဒီစေတီရဲ့ဘေးမှာ သူတို့သုံးယောက်ပြောဆိုနေကြတာကို
ဒေါ်စိန်ကြီး အစအဆုံးကြားသွားတာကိုတော့
သော်ဇင်နဲ့လှထူးရော မွှေးပါ မသိလိုက်ကြဘူးလေ ။
" ဘာလဲကွ မင်းတို့ကငါ့ကိုကျေးဇူးဆပ်နေတာလား ၊
ဒေါ်စိန်ကြီးပြောလို့ ငါအကုန်သိပြီးပြီ ၊ ဘယ့်နှယ်ကွာ ၊
လူတွေကမလောက်လေးမလောက်စားနဲ့ ၊ စာကိုတော့
ကြိုးစားမယ်မရှိဘူး ၊ ရည်းစားတော့ထားချင်တယ် ၊
ရည်းစားထားချင်ရင် ငါ့အိမ်မနေနဲ့ကွာ "
ဆရာလေးပြောတာ လွန်သွားတယ်လားမသိ ၊
သော်ဇင်ရော လှထူးပါ အိမ်ကနေဆင်းသွားတယ် ၊
ဆရာလေး ကိုဌေးလိုက်ရှာသေးတယ် ၊ ဒါပေမယ့် -
သူ့တပည့်နှစ်ယောက်စလုံးကရွာပြန်သွားပြီလေ ။
သိပ်အားကိုးရတဲ့တပည့်နှစ်ယောက် ဆုံးရှုံးသွားတော့
ဆရာလေး မနေတတ်ဘူး ။
တောင်သွားရမလို မြောက်သွားရမလိုနဲ့
သူ့စကားတွေလွန်သွားတာအတွက်လည်း
နောင်တရနေမိတယ် ၊
' ဆရာက မင်းတို့အတွက်ပြောပေးတာပါကွာ ' လို့လည်း
အမြဲတမ်းရေရွတ်နေမိတယ် ။
" လက်ထပ်မင်္ဂလာ ဖိတ်ကြားလွှာ " လို့မထင်မှတ်ဘဲ
ရောက်လာတဲ့ ဖိတ်စာတွေကြောင့် ၊
သော်ဇင်နဲ့လှထူးတို့ ရောက်လာကြတယ်၊
အဲဒီမင်္ဂလာပွဲမှာ သူတို့အားလုံးရဲ့နှုတ်တွေ
ဆွံ့အနေခဲ့တယ် ။
မဆွံ့ဘဲနေမလား ၊
~ အချစ်ကိုရောဆရာကိုပါဆုံးရှုံးခဲ့ရတဲ့
သော်ဇင်နဲ့လှထူးတို့ရင်ထဲ ၊
~ အားကိုးအားထားပြုရတဲ့
တပည့်နှစ်ယောက်ဆုံးရှုံးရတဲ့ ဆရာလေးရဲ့ရင်ထဲ ၊
~ ချစ်သူနှစ်ဦးစလုံးကိုဆုံးရှုံးရတဲ့ မွှေးဆိုတဲ့
ကောင်မလေးရဲ့ရင်ထဲ ၊
သူတို့တွေရဲ့ရင်ထဲ ဘယ်လောက်နာကျင်နေကြမလဲ ၊
ဒီမင်္ဂလာပွဲဟာ သူတို့အတွက် နာကျင်မှုတွေ
အားပြိုင်တဲ့ပွဲဖြစ်ခဲ့လေရဲ့ _________ ။
အဲဒီမင်္ဂလာပွဲကတော့
" ဆရာလေးကိုဌေး နှင့် မမွှေးမွှး တို့၏ "
လက်ထပ်မင်္ဂလာပွဲ ပါပဲဗျာ ။