"ညီမကို အကို______
ဟိုလေ ဟို ချစ် ချစ် ချစ်တယ်"
မိခွေးမရဲ့မျက်နှာလေး ရှက်သွေးတွေ ဖြာသွားလိုက်တာများ
အနီရောင်နှင်းဆီ ပွင့်ချပ်လေးတွေလို
နူးညံ့တဲ့ ပါးနုနုထက်မှာ၊
"အို - ခင်ဗျားဘာတွေပြောနေတာလဲဗျ၊ကိုခိုင်ထူးပြောတာ
ကျနော် နားမလည်ဘူး"
"အဲလို မပြောပါနဲ့ ညီမရယ်၊ အခုတောင် အကို့ဘက်က
မနည်းအရဲစွန့်ပြီး ပြောလိုက်ရတာပါကွာ"
မိခွေးမလေး ဘာမှဆက်မပြောတော့ဘူး၊အရမ်းလည်းရှက်
ရင်တွေလည်းအရမ်းခုန်နေတာနဲ့
ဆက်ရပ်မနေတော့ဘဲ မောင်ခိုင်ထူးဘေးကနေ
ထွက်ပြေးလာခဲ့တယ်။
"ဟဲ့ သမီးငယ် ညည်းကိုရေခပ်ခိုင်းတာ
ဘယ်လိုလုပ်ရေမပါဘဲ ရေပုံးချည်းပြန်လာရတာလဲ"
ဟုတ်တာပေါ့၊မိခွေးမလေး မောင်ခိုင်ထူးရဲ့ဘေးကနေ
ရှက်ရှက်နဲ့ပြန်ပြေးလာလိုက်တာ
ရေခပ်ဖို့တောင် မေ့သွားခဲ့တယ်လေ။
တဲပြန်ရောက်မှ မိခွေးမလေးရဲ့အမေဖြစ်သူ
ဒေါ်အေး လှမ်းအော်လိုက်မှ မိခွေးမလေး
ဘာပြန်ပြောရမယ်မှန်းမသိဖြစ်သွားပြီး ရှက်ကိုးရှက်ကန်းနဲ့၊
"ဪ - အမေ ပြန်သွားခပ်လိုက်မယ်နော်၊
သမီး မေ့သွားလို့"
"အယ်တော် ရေခပ်ခိုင်းတာများ၊မေ့သွားတယ်လို့၊
မိခွေးမတို့ ရူးများသွားလား"
အမေဖြစ်သူရဲ့တောက်တီးတောက်တဲ့ အသံတွေကို
မိခွေးမလေးနားမထောင်တော့ဘူး၊
စပ်ဖြီးဖြီးနဲ့ ရေပုံးဆွဲပြီးထွက်သွားတယ်၊
ရင်ထဲမှာလည်း "ငါရူးသွားရင်ကောင်းမှာပဲ" လို့တွေးရင်း
ရေဆိပ်ကိုခပ်မြန်မြန်လေး ပြေးဆင်းသွားတယ်၊
မိခွေးမလေး ကံကောင်းသွားတယ်၊
မောင်ခိုင်ထူးက ဝါးဖောင်မျောပြီးမြစ်ကြောင်းအတိုင်း
ဆင်းသွားပြီလေ၊
ထိုးဝါးထောက်ပြီးစုန်ဆင်းနေတဲ့ မောင်ခိုင်ထူး
ကျောပြင်ကိုကြည့်ရင်း
"ခင်ဗျားကို ကျနော်လည်းချစ်ပါတယ်"
မိခွေးမလေးနှုတ်က တိုးတိုးလေး ရေရွတ်လိုက်တယ်၊
"ဟေ့ သမီး၊တစ်ယောက်တည်း တိုးတိုး,တိုးတိုးနဲ့၊
ဘာတွေပြောနေတာလဲ"
မိခွေးမအဖေဖြစ်သူ ဦးဖိုးညိုက ဝါးထမ်းချရင်း
လှမ်းမေးလိုက်တယ်၊
ဒီနေ့ မိခွေးမတို့ဘာတွေဖြစ်နေတယ်မသိ၊
ဘယ်ကိုသွားသွား 'သူခိုးလူမိ' ပဲ၊
"ဘာမှဟုတ်ပါဘူး အဖေ၊ သမီး သီချင်းဆိုနေတာပါ"
အဖေကိုမုသာဝါဒမသုံးဖူးခဲ့ပေမယ့် -
အခုတော့ မိခွေးမ ညာရရှာပြီလေ၊
အခုလိုဖြစ်ရတာတွေဟာ ဟိုခိုင်ထူးဆိုတဲ့လူ
အရူးကြီးကြောင့်ဖြစ်ရတာပဲဆိုပြီး မိခွေးမလေး
ဒေါသထွက်နေမိပေမယ့် ---
နှလုံးသားမှာတော့ ပြောပြလို့မတတ်တဲ့ ခံစားချက်လေး
ကိန်းအောင်းသွားတာကိုတော့
မိခွေးမလေး သိလိုက်တယ်လေ။