လမ်းစဥ်မှန်

in myanmar •  3 years ago 

https://chirstonawba.com/2021/05/10/

လမ်းစဉ်မှန်

မနေ့က သူငယ်ချင်းဦးဇင်းတစ်ပါး အကူညီတောင်း၍ ကိုရင်တစ်ပါးကို စစ်ကိုင်းတော်ပေါ်စာသင်တိုက်ကြီး တစ်တိုက်သို့ တာဝန်ခံသွားရောက် အပ်နှံခဲ့ရသည်။ မသွားရခင်ကတည်းက စိတ်လှုပ်ရှားနေသည်။ ရှက်စိတ် ရွံ့စိတ် ဝင်နေသည်။ အားငယ်စိတ်လည်းဝင်သည်။ တိုက်ကြီးထဲရောက်တော့ ပိုဆိုးသည်။ကိုယ်နှင့် ကိုယ့်ကျောင်းနှင့် ယှဉ်ပြီး အားငယ်စိတ်များလွန်းကာ ငိုချင်သလိုဖြစ်လာသည်။ တိုက်တာအဆောက်ဦချင်းရော၊ ပညာ အရည် အချင်းရော သံဃာအရေအတွက်ရောအောင်မြင်မှုချင်းရော ယုတ်စွအဆုံး အိမ်သာချင်း ယှဉ်လျှင်တောင် ကိုယ်ကမမှီပါလေ။သူတို့၏ အပုံတစ်ထောင် တစ်ပုံပင်မှီကောင်းရဲ့ဟု တွေးမိသည်။

ကိုရင့်ကိုအပ်စဉ် ကိုရင်လေးကြီးလာရင် တပည့်တော်လို ဘာအောင်မြင်မှုမှ မရသောသူမျိုးမဖြစ်ပါစေနှင့်ဟု မေတ္တာပို့နေမိပါသည်။ ဒီအားငယ်စိတ်ကို ဘယ်လိုဖျောက်ရမည်မသိပါ။

စိတ်ပြေလက်ပျောက် ပိဋကတ်မြန်မာပြန် သုတ်မဟာဝါစာအုပ်ကိုဖွင့်ဖတ်မိသည်။ မဟာပဒါနသုတ်၌ဘုရားခုနှစ်ဆူ အကြောင်းကို ကြည်ညိုခွင့်ရသည်။

စိတ်ပါဝင်စားစွာဖတ်မိတော့ ဘုရားခုနှစ်ဆူမတူ ကွဲပြားချက်များကိုတွေ့ရသည်။ ထိုမတူကွဲပြားချက်များကိုဖတ်ပြီး အတွေးအလင်းပွင့်ကာ အားငယ်စိတ် ဝမ်းနည်းစိတ်တို့ ပြေလျောသွားပါသည်။အထူးသဖြင့် ဦးဇင်းတို့ဂေါတမ မြတ်စွာဘုရားကို အတိုးချ ၍ကြည်ညို ရှိခိုးမိပါသည်။ မတူနှစ်ခုကိုလေ့လာကြည့်ရအောင်ပါ။

သက်တမ်း

ဝိပဿီဘုရား = ၈ သောင်း

သိခီဘုရား = ၇ သောင်း

ဝေဿ ဘူဘုရား = ၆ သောင်း

ကကုသန်ဘုရား = ၄ သောင်း

ကောဏာဂုံဘုရား = ၃ သောင်း

ကဿ ပဘုရား = ၂ သောင်း

ဂေါတမဘုရား = ၁၀၀ (တစ်ရာ)

သာဝကအစည်းအဝေးအကြိမ်နှင့်ရဟန်းအရေအတွက်

ဝိပဿီဘုရား( ပ ) ၁ သိန်း ၆ သောင်း ၈ ထောင်

(ဒု) ၁ သိန်း

(တ) ၈ သောင်း

သိခီဘုရား(ပ ) ၁ သိန်း

(ဒု) ၈ သောင်း

(တ) ၇ သောင်း

ဝေဿ ဘူဘုရား ( ပ) ၈ သောင်း

(ဒု )၇ သောင်း

(တ) ၆ သောင်း

ကကုသန်ဘုရား(တစ်ကြိမ်) ၄ သောင်း

ကောဏာဂုံဘုရား(တစ်ကြိမ်) ၃ သောင်း

ကဿ ပဘုရား(တစ်ကြိမ်) ၂ သောင်း

ဂေါတမဘုရား(တစ်ကြိမ်) ၁ ထောင် ၂ ရာ ၅ ဆယ်(၁၂၅၀)

အထက်ဖော်ပြပါ တို့ကိုနှိုင်းယှဉ်ကြည့်ပါ။ ဦးဇင်းတို့မြတ်စွာဘုရားသည် အခြားသောဘုရားများနှင့်သက်တမ်းချင်း ယှဉ်ပါကလည်း နည်းလွန်းပါသည်။ သာဝက အစည်းအဝေး၌လည်း အကြိမ်အရရောအရေ အတွက်အရပါနည်းလွန်းပါသည်။ သို့သော်အားငယ်သံ ဝမ်းနည်းသံ ညီးညူ သံမကြားရပါ။ သက်တမ်းတိုလို့ သာဝကနည်းပါးလို့ဆိုပြီးလုပ်အားကို မလျှော့ချခဲ့ပါ။ လေးဆယ်ငါးဝါပတ်လုံးမနေမနား တရားဟောတော်မူခဲ့ပါသည်။ ဤသုတ်တော်ကို ဖော်ပြီး ဂေါတမမြတ်စွာဘုရား၏ အသံတိတ်မိန့်ကြားချက်ကို အောက်ပါအတိုင်းကြားယောင်မိနေပါ၏။

“ချစ်သား အခြားသူတို့၏ အရေအတွက် အခြားသူတို့၏ အောင်မြင်မှုကိုကြည့်၍ အားမငယ်ရာ။ ဝမ်းမနည်းရာ ။ မိမိ၏အင်အားနှင့်ညီသော အားထုတ်မှုကိုသာပြုလုပ်ရာ၏။ထိုရလာဒ်၌ ကျေနပ်ရာ၏။ဤသည်ပင် ပညာရှိသူ တော်ကောင်း တို့၏ လမ်း စဉ်မှန်ပေတည်း”
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!